အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မကျင့်သုံး နိုင်သေးခင်အထိ သဘာဝအရင်းအမြစ် အခြေပြု စီမံကိန်းများကို ရပ်ဆိုင်းထားရန် တိုင်းရင်းသားလူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့(BEWG)က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ အောက်တိုဘာ ၂၄ ရက်နေ့တွင် BEWG အဖွဲ့က ပြုစုထားသည့် ‘သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်’ လမ်းပြမြေပုံ အစီရင်ခံစာ မိတ်ဆက် သတင်းစာ ရှင်းလင်း ပွဲတွင် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်မှ စာဂျီက ယခုလိုပြောသည်။
“ ကျနော်တို့ရဲ့ သတ်မှတ်ချက်ကတော့ အခု နိုင်ငံတကာနဲ့ အချို့အဖွဲ့အစည်းတွေက အသွင်ကူးပြောင်းရေး ကာလလို့ ပြောတယ်။ ကျနော်တို့ မြင်တာ အသွင်ကူးပြောင်းရေးအဆင့်မရှိသေးဘူး။ ဒါကြောင့် ကြားကာလမှာ ပဋိပက္ခတွေကို ကာကွယ်ဖို့ သဘာဝအရင်းအမြစ်စီမံကိန်းတွေကို ယာယီရပ်ဆိုင်းထားဖို့လိုတယ်။ ဒီစီမံကိန်း တွေကြောင့် စစ်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်နေတာ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ လမ်းပြမြေပုံအစီရင်ခံစာတွင် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုအပြည့်အဝ ခွဲဝေလွှဲ ပြောင်းပေးရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးခင် လုပ်ဆောင်ရမည့် ကြားကာလ လုပ်ငန်းစဉ်များ၊ အသွင် ကူးပြောင်း ရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးဆွဲဖော်ထုတ်ခြင်းတွင် လုပ်ဆောင်သင့်သည်များနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အသစ်ကျင့် သုံး ချိန်တွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာပြုစုရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN)မှ စောဂျွန်ဘရိုက်က “ အခုအစီရင်ခံစာပြုစုရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးပေါ့၊ အထူးသဖြင့်တော့ သယံဇာတနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ အခု ၂၀၀၈ ဖွဲ့ စည်းပုံကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ သွားနေတာ ပေါ့နော်။ အဲ့ဒါကို မလိုလားဘူး။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချချင်တယ်၊ အဲ့ဒါကို ရည်ရွယ်ပြီး အစီရင်ခံစာကို သက်သေတွေနဲ့တကွ ပြုစုထုတ်ပြန်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စာမျက်နှာ ၁၄၄ မျက်နှာပါရှိသည့် အစီရင်ခံစာတွင် ကျောက်မျက်တူးဖော်မှု၊ သစ်တောပြုန်းတီးမှု၊ မြေယာသိမ်း ဆည်းခံရမှု၊ သဘာဝဓါတ်ငွေ့တူးဖော်မှု၊ ရေကာတာစီမံကိန်းများကြောင့် အကျိုးသက်ရောက်မှုများ၊ ပဋိပက္ခ ဖြစ်ပွားမှုများ ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများသို့ သွားရောက်ကာ အချိန် ၂ နှစ်ကြာပြုစုထားသည်ဟု BEWG ကပြောသည်။
BEWG ကွန်ရက်ကို ကချင်၊ ကရင်၊ ပအိုဝ်း၊ ရခိုင် စသည့် တိုင်းရင်းသား သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်း ၁ဝ ဖွဲ့ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အနေဖြင့် ပဋိပက္ခ ဖြစ်ပွားသည့်ဒေသများတွင် သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မူဝါဒများပေါ်ပေါက် လာစေရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် လုပ်ဆောင်နေသည်ဟု အဖွဲ့ဝင်များက ပြောသည်။