စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
နိုင်ငံရေးစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရုံး၌ စက်တင်ဘာ ၂ဝရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည့် (၄)ကြိမ်မြောက် အခြေခံနိုင်ငံရေးသင်တန်းတွင် ကေအဲန်ယူ၏ ကြီးငါးကြီးထဲမှ တစ်ဦးဖြစ်သည့် တွဲဖက်အတွင်းရေးမှူး(၂) ပဒို စောလှထွန်းက တက်ရောက်ပို့ချခဲ့သည်။
ငါးရက်ကြာ ပြုလုပ်မည့် အဆိုပါ သင်တန်းတွင် ကေအဲန်ယူ၏ လုပ်ဆောင်နေသည့် လုပ်ငန်းများထဲမှ အ ကြောင်းအရာ ငါးခုကို ပို့ချသွားရန်ရှိပြီး (၁၆) ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်၏ ဆုံးဖြတ်လမ်းညွှန်ချက်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ကေအိုင်စီသို့ ပြောသည်။
“ကော့ကရိတ်မြို့နယ်ထဲမှာ ဒီသင်တန်းလုပ်တာ လေးကြိမ်အထိ ရှိလာပြီပေါ့။ ကေအဲန်ယူ ခရိုင်၊ မြို့နယ်ထဲမှာလည်း ဆက်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။ ဒီသင်တန်းမှာ ကျနော်ကတော့ ကရင့် တော်လှန်ရေး ဘာကြောင့်ဖြစ်လာရလဲ၊ နောက် ဘာကြောင့် ကရင်တွေဟာ အမျိုးသားလှုပ်ရှားမှု လုပ်ဆောင်နေရလဲ အဲဒါတွေ ပါမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာ နှစ်ရက်အထိ ကျနော်ရှိနေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းသင်တန်းတွင် ကေအဲန်ယူ ကော့ကရိတ်မြို့နယ်ရှိ စုကလိ၊ ဖလူး၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ မောခီးနှင့် နို့ဖိုး စသည့် ကျေးရွာအုပ်စုများမှ သက်ဆိုင်ရာ ကျေးရွာအုပ်စု ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ကရင်လူငယ်အစည်း အရုံး(KYO)တို့အပါအဝင် စုစုပေါင်း ၇ဝ ကျော်တက်ရောက်ခဲ့ကြသည်။
သင်တန်းသားဖြစ်သူ KYOမှ စောတာပွဲထိုးက “ဒီသင်တန်းကို ပေးတဲ့ ခေါင်းဆောင်တွေကို သိပ်ကို ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ ကရင်အမျိုးသားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မအားတဲ့ ကြားက ကျနော်တို့ ကို ပေးတာကို တွေ့ရတယ်။ ဒါဟာ သိပ်ကို ဝမ်းမြောက်စရာဖြစ်သလို လက်တွေ့မှာလည်း များစွာအကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ကေအဲန်ယူ ကော့ကရိတ်မြို့နယ်တွင် အလားတူ နိုင်ငံရေးသင်တန်းကို ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လ တွင် တစ်ကြိမ်နှင့် ယခုလ စက်တင်ဘာလ၌ နှစ်ကြိမ် စုစုပေါင်း (၄)ကြိမ်ရှိပြီဖြစ်ကာ ယင်းသင်တန်းများတွင် ကရင့်တော်လှန်ရေးသမိုင်း၊ ကေအဲန်ယူ၏ လမ်းစဉ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရှေ့လုပ်ငန်းစဉ်နှင့် ရုံးလုပ်ငန်း ဆိုင်ရာ စသည်တို့ကို ပို့ချပေးခဲ့သည်။
ကေအဲန်ယူ ကော့ကရိတ်မြို့နယ်အတွင်း ပြုလုပ်သည့် နိုင်ငံရေးသင်တန်းများ လေးခုထဲမှ ယခုလို ကေအဲန်ယူ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး တက်ရောက်သင်တန်းပို့ချပေးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။