စက်တင်ဘာ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ စောမြတ်ဦးသာ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိသားစု စားဝတ်နေရေးအတွက် အထောက်အပံ့များ တိုးပေးရန် လိုလားသည်ဟု ကေအဲန် ယူ၏ ဝင်းရေးမြို့နယ်၊ ကျန်းမာရေးမှူး နန်းစိန်မြက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျန်းမာရေးဝန်ထမ်းတွေ စားဝတ်နေရေး အခက်အခဲရှိတယ်။ ဝန်ထမ်းတစ်ချို့ထွက်ချင်နေပြီး ပြန်ပြီးချော့ထားလို့ နေတာပါ။ အများကြီး မတောင်းဆိုပါဘူး။ တစ်လမှာ ကျပ်ငွေတစ်သောင်းခွဲလောက် ထောက်ပံ့ပေးစေချင်ပါတယ်။ ဝန်ထမ်း တွေလည်း ဒီထက်တိုးလာမယ်။ ကျန်းမာရေးဝန်ဆောင်မှုလည်း အများကြီးလုပ်ပေးလာနိုင်တယ်”ဟု စက်တင်ဘာ ၁၂ရက်နေ့ က ပြောသည်။
ယခင်က လိုအပ်သည့် ဆေးဝါးနှင့် လူနာအရေအတွက်ပေါ် မူတည်ပြီး ၆လတစ်ကြိမ် အလှူရှင်များမှ ထောက်ပံ့မှုအချို့ရရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးလျှင် တစ်လ ဘတ်ငွေ ၁ဝဝ ထောက်ပံ့ဘူးသော်လည်း အလှူရှင်များက ဒေသအတွင်း ငြိမ်းချမ်းလာ ပြီးဖြစ်သည့်အပေါ် ၂၀၁၆ခုနှစ်တွင် ထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။ လက်ရှိ Swiss Agency for Development and Coopera-tion (SDC)အဖွဲ့မှ ဆေးဝါးပစ္စည်းများကို တစ်နှစ်တစ်ကြိမ် ထောက်ပံ့ပေးသော်လည်း လုံလောက်မှုမရှိသလို အစိုးရဘက်မှ လည်း ထောက်ပံ့မှုမရှိသေးကြောင်း နန်းစိန်မြက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောမောင်ရွှေက “ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့် မထုတ်ပေး ဘူးဆိုရင် သူတို့ကို တစ်လ ၁၅,ဝဝဝကျပ် ထောက်ပံ့ပေးနိုင်ပါတယ်။ သွားလာဖို့ ဆိုင်ကယ်၊ ဆိုလာပြား၊ ဖုန်းပြောစက်၊ အခြား လူမှုရေးကိစ္စတွေပါ တစ်လတစ်ခါ ထုတ်ပေးတာပဲ။ တစ်မြို့နယ်ထဲ ပေးလို့မရဘူး။ တစ်ပြေးညီဖြစ်ဖို့အတွက် သူတို့က တရားဝင် တောင်းဆိုလာရင် ခရိ်ုင်ကို တင်ပြပေးမယ်”ဟု စက်တင်ဘာ ၁၃ရက်(ယနေ့)တွင် ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တပ်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများကို လစဉ် ထောက်ပံ့ကြေး များ ပေးနေသလို ဆိုင်ရာဌာနအလိုက် လိုအပ်ချက်များ တင်ပြလာပါက အမြဲတမ်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု ပဒိုစော မောင်ရွှေက ပြောသည်။
ဝင်းရေးမြို့နယ်အတွင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်း ၅ဝဦးရှိပြီး အမျိုးသမီးသားဆက်ခြား ခြင်း၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဆေးဝါးများကို အခမဲ့ ကုသပေးလျက်ရှိသည်။ ဝန်ထမ်းများ သွားလာစရိတ် နှင့် စားဝတ်နေရေးများကို မြို့နယ်တာဝန်ရှိသူထံ တိုင်ပင်ညှိနှိုင်းပြီး လူမှုရေးအရ ဖြေရှင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်လျက်ရှိ သည်ဟု ဌာန တာဝန်ရှိသူများက ပြောသည်။