Home တွေ့ဆုံမေးမြန်းခန်း ၁ဝနှစ်ပြည့် ‌ရွှေဝါ‌ရောင် အ‌ရေးအခင်း ဖြတ်သန်းမှုနှင့် သင်ခန်းစာများ

၁ဝနှစ်ပြည့် ‌ရွှေဝါ‌ရောင် အ‌ရေးအခင်း ဖြတ်သန်းမှုနှင့် သင်ခန်းစာများ

3687
{ FOR MICHEL STORY } Law Eh Soe, a Burmese photojournalist who covered the Saffron Revolution before the military began targeting journalists, poses next to his photograph of a Buddhist monk protesting in 2007 that has become an icon of the revolution, in the living room of his Riverside apartment, Tuesday, Jan. 17, 2012. {Photo by Derek Gee / Buffalo News}

‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးတွင် ဓာတ်ပုံသတင်း‌ထောက်အဖြစ် လိုက်ပါ သတင်း ယူခဲ့သူ ‌စော‌လောအယ်စိုးနှင့် ‌မေးမြန်းခြင်း
“စစ်တပ်က နိုင်ငံရဲ့ လုပ်ပိုင်ခွင့်‌တော်‌တော်များများကို အရပ်သားအစိုးရလက်ထဲကို တာဝန်‌တွေ ‌ပေးလိုက်ရပြီ။ ဒီအ‌ခြေအ‌နေကို ထိုးအပ်လိုက်တယ်ဆိုတာကို‌တော့ ဒီ‌ရွှေဝါ‌ရောင် အ‌ရေးအခင်းက တွန်းအား‌ပေးမှုတစ်ရပ်ဘဲ”

——————
‌စော‌လောအယ်စိုးသည် ၁၉ ၇၁ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌မွေးဖွားခဲ့သည်။ ၁၉ ၈၈ခုနှစ်တွင် ဖားအံမြို့တွင် အ‌ခြေခံပညာအထက်တန်းကို ‌အောင်မြင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပ‌ဒေဘွဲ့ရခဲ့သည်။
၂ဝဝ၃ ခုနှစ်တွင် ပြင်သစ်သတင်းဌာနတစ်ခုတွင် ဓာတ်ပုံသတင်း‌ထောက်အ‌နေဖြင့် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိကို European Press တွင် သတင်းဓာတ်ပုံသတင်း‌ထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် စက် တင်ဘာလက ဖြစ်ပွားခဲ့သည့် ‌ရွှေဝါ‌ရောင်အ‌ရေးအခင်းတွင် ဓာတ်ပုံသတင်း‌ထောက်အဖြစ် ပါဝင်ခဲ့မှု‌ကြောင့် အ‌ခြေအ ‌နေအရ တိုင်းပြည်က‌နေထွက်ခွာပြီး ၂ဝဝ၈ ခုနှစ်၊ မတ်လမှစတင်ကာ ယ‌နေ့အထိ အ‌မေရိကန် ပြည်‌ထောင်စု ၊ နယူး‌ယော့ခ်ပြည်နယ်၊ ဘတ်ဖလိုမြို့တွင် ‌နေထိုင်လျက်ရှိသည်။
‌ရွှေဝါ‌ရောင် ‌တော်လှန်‌ရေးတွင် ၎င်းကြုံ‌တွေ့‌နေရသည့်အ‌ခြေအ‌နေ၊ သတင်းဓာတ်ပုံ သတင်း‌ထောက်အဖြစ် ပါဝင်ခဲ့ရပုံနှင့် မြန်မာ့နိုင်ငံ‌ရေး အကူးအ‌ပြောင်းအတွက် ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးအ‌ရေးပါမှု စသည့်အ‌ခြေအ‌နေများအား ဆက်သွယ်‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်သည်။
——————————-

‌မေး။ ။ ‌ရွှေဝါ‌ရောင် အ‌ရေးအခင်းနဲ့၊ ဒီ့မတိုင်ခင် ကုန်‌ဈေးနှုန်းကျဆင်း‌ရေး ဆန္ဒပြပွဲ‌တွေနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ သတင်းဌာနက ဘယ်လိုတာဝန်‌တွေ ‌ပေးလိုက်ခဲ့တာလဲ။

ကျ‌နော့်သတင်းဌာနက တာဝန်‌ပေးတယ်ဆိုတာထက်ကို အဓိက က ကျ‌နော်တို့ဓာတ်ပုံ ၊ နိုင်ငံ ၊ အဲဒီတုန်းက‌တော့ ဥ‌ရောပ သတင်းဌာနရဲ့ ဓာတ်ပုံ‌တွေကို မြန်မာပြည်တာဝန်ခံအ‌နေနဲ့ ကျ‌နော်တာဝန်ယူထားတယ်။ သူတို့က ညွှန်ကြားချက်ထက်ကို ကိုယ့်ဗမာပြည်ရဲ့ နို်င်ငံ‌ရေး ၊ စီးပွား‌ရေးအ‌ခြေအ‌နေကို ကျ‌နော်တို့က တင်ပြရတယ်။ ကုန်‌ဈေးနှုန်း‌တွေ ကြီးမြင့် လာတဲ့ အ‌ပေါ်မှာ (၈၈)မျိုးဆက်က‌နေပြီး‌တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ အဲဒီအ‌ခြေအ‌နေ‌တွေကို ကျ‌နော် ဓာတ်ပုံရိုက်ရတယ်။ သတင်းတင်တယ်။ ပြီးတဲ့အခါမှာ ‌နောက် ဘတ်စ်စကား‌တွေ အသွားအလာများတဲ့ လူ‌တွေရပ်ထားတယ်။ ကျ‌နော်တို့ ဓာတ်ဆီ‌ဈေးမတရားထိုးတက်သွားတဲ့အခါ ဘတ်စ်စကားက မထွက်နိုင်တဲ့အခါမှာ ‌သောင်းနဲ့ချီပြီး‌တော့ မြို့ထဲက‌နေပြီး‌တော့ ရန်ကုန်မြို့ရဲ့ ဆင်‌ခြေဖုံးရပ်ကွက် ၊ အဲဒီဘက်က လူထု‌တွေ ‌ထောင်နဲ့ ‌သောင်းနဲ့ ချီပြီး‌တော့ ဖြတ်သွားလာ‌နေတယ်။ ကျ‌နော်မှတ်တမ်း‌တော့ မတင်ခဲ့ရဘူး။ အထူးသဖြင့် ဘန်‌ကောက်က‌နေ ကျ‌နော်တို့ကို တာဝန်‌ပေးတယ်ဆိုတာထက်ကို မြန်မာပြည်သားသတင်း‌ထောက်တစ်‌ယောက်အ‌နေနဲ့ မြန်မာပြည်ရဲ့ အ‌ခြေအ‌နေကို အဆက်မပြတ် ‌စောင့်ကြည့်ပြီး‌တော့ သူတို့ကို ကျ‌နော်တို့ စဉ်ဆက်မပြတ် ဓာတ်ပုံသတင်း‌တွေ ပို့‌ပေးရတယ်။ အဲလိုဘဲ ကျ‌နော် လုပ်ခဲ့တယ်။

‌မေး။ ။ ရန်ကုန်မြို့တွင်းမှာ အဲဒီအချိန်က အင်မတန်ရှုပ်‌ထွေးပြီး အန္တရာယ်များခဲ့တာမို့ ‌ရွှေဝါ‌ရောင် အ‌ရေးအခင်းမှာ ဖြစ်ပျက်ခဲ့တာ ‌တွေကို ကိုယ်‌တွေ့မြင်‌တွေ့ရတဲ့ မြင်ကွင်း‌တွေနဲ့ ပတ်သက်ပြီး ပြန်‌ပြောပြ‌ပေးပါလား။

၂၀၀၇ ၊ ‌ရွှေဝါ‌ရောင်အချိန်တုန်းက‌တော့ ကျ‌နော်တို့ မြန်မာပြည်ရဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေအရက တရားဝင် ဓာတ်ပုံ သတင်း ‌ထောက် အစိုးရအသိအမှတ်ပြုတဲ့ဟာက ကိုခင်‌မောင်ဝင်းရယ်၊ ကျ‌နော်ရယ် နှစ်‌ယောက်ဘဲ ရှိတယ်။ အတိုင်းအတာတစ်ခုအရ ကျ‌နော်တို့မှာ လုံခြုံမှုလည်း အားငယ်‌နေတဲ့အ‌နေအထားရှိတယ်။ ‌နောက်ပြီး‌တော့ ဒီ‌လောက် အတိုင်းအတာထိ ခက်ခဲတဲ့အ‌ခြေအ‌နေမှာ ကျ‌နော်တို့က နိုင်ငံ‌ရေးသမား‌တွေနဲ့ ထိ‌တွေ့‌နေတဲ့အခါမှာ တကယ်တမ်း ‌ရွှေဝါ ‌ရောင် လူထုအုံကြွမှုကြီးကို အဓိက ဖြစ်‌ပေါ်‌အောင် ဦး‌ဆောင်တာက သံဃာ‌တော်‌တွေ ဖြစ်တဲ့အခါကျ‌တော့ သံဃာ‌တော် ‌တွေက ကျ‌နော်တို့ကို သိပ်မသိဘူး။ မသိတဲ့အခါကျ‌တော့ သံဃာ‌တော်နဲ့ ကျ‌နော်တို့ကြားမှာ နိုင်ငံ‌ရေးသမား ‌တွေကဘဲ (၈၈) မျိုးဆက်‌တွေက‌ပေါ့။ ကျ‌နော်တို့ကို ပြန်ပြီး‌တော့ မိတ်ဆက်‌ပေးရတယ်။ ဆို‌တော့ အဲဒီအခါမှာ သံဃာ‌တွေ ဘက်က ကြည့်ရင်လည်း သူတို့ရဲ့ လုံခြုံမှုအရဒီလူဟာ ‌ထောက်လှန်း‌ရေးလား။ အစိုးရ သူလျှိုလား ။ နိုင်ငံခြားသတင်းဌာန ရဲ့ ဓာတ်ပုံသတင်း‌ထောက်လား သူတို့ အ‌နေနဲ့ကလည်း ကျ‌နော်တို့ကို စိုးရိမ်တယ်။
ကျ‌နော်တို့ဘက်ကလည်း ကိုယ့်ကိုယ်ကို ကူညီဖူးတဲ့လူတိုင်းက အစိုးရဘက်ကလူလား။ အဲဒီအချိန်တုန်းက အထူးသဖြင့် စွမ်းအားရှင်‌တွေ‌ပေါ့‌နော်။ စွမ်းအားရှင်‌တွေက အတိုင်းအတာတစ်ခုက ကျ‌နော်တို့ကို ‌နှောင့်ယှက်မှု‌တွေ ၊ ဖမ်းမယ်၊ ဆီးမယ် အဲလိုမျိုး ခြိမ်း‌ခြောက်မှု‌တွေ သူတို့ကြိုးစားမှု‌တွေလည်း ကျ‌နော်တို့ ကြုံခဲ့ရတယ်ဆို‌တော့ အဲဒီအ‌ခြေအ‌နေတုန်းက‌တော့ ဘယ်လို‌ပြောရမလဲ။ အခက်အခဲ‌တွေ ၊ စိုးရိမ်မှုကြားထဲက‌နေပြီး‌တော့ ‌ရွှေဝါ‌ရောင်အ‌ရေးအခင်းအကြိုကာလနဲ့ ‌ရွှေဝါ‌ရောင် ကာလမှာ သတင်း‌ထောက်‌တွေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

‌မေး။ ။ ‌ရွှေဝါ‌ရောင် ‌တော်လှန်‌ရေးမှာ ဘယ်လိုသတင်းဓာတ်ပုံ‌တွေ ကြိုးစား ရိုက်ယူပြီး ကိုယ့်သတင်းဌာနကို ဘယ်လိုနည်းနဲ့ ပို့‌ဆောင်‌ပေးခဲ့တယ်ဆိုတာ‌လေး ‌ပြောပြ‌ပေးပါလား။

ကျ‌နော်က (၈၈)တုန်းက ကျ‌နော်အသက် (၁၇)နှစ်ဘဲ ရှိ‌သေးတယ်‌လေ။ (၈၈)အ‌ရေးအခင်းပြီး ဓာတ်ပုံ‌တွေ ဘာ‌တွေ ပြန်ကြည့်လိုက်တဲ့အခါမှာ အဲဒီအချိန်မှာ ရိုက်ခဲ့တဲ့ နိုင်ငံခြားသတင်း‌ထောက်ရဲ့ ဓာတ်ပုံ‌တွေ ကြည့်ပြီး‌တော့ ကျ‌နော်က တစ်ချိန်ကျရင် ငါလည်း ဓာတ်ပုံသတင်း‌ထောက် ဖြစ်‌အောင်ကြိုးစားမယ်။ အဲလိုမျိုး တိုင်းပြည်ရဲ့ သမိုင်းအလှည့် အ‌ပြောင်းတာဝန်ကို ထမ်း‌ဆောင်ချင်တယ်။ စိတ်မှာ ကျ‌နော့်ရည်မှန်းချက်အဖြစ် ရှိတယ်‌လေ။ ဆို‌တော့ ဒီ‌ရွှေဝါ‌ရောင် အ‌ရေးအခင်းကာလမှာ အထူးသဖြင့် စဖြစ်ဖြစ်ချင်း‌နေ့မှာ သံဃာ‌တော်‌တွေ ဘုန်းကြီး‌ကျောင်းက‌နေ ထွက်လာတဲ့ပုံ‌တွေကို ကျ‌နော်တို့ မှတ်တမ်းတင်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျ‌နော်တို့ သတင်း‌ထောက်‌တွေကို ‌ထောက်လှမ်း‌ရေးလား ၊ အစိုးရသတင်း‌ပေး‌တွေဘဲလား။ နိုင်ငံခြားသတင်း‌ထောက်လား သူတို့ကိုယ်တိုင် မသိဘူး‌လေ။ ကျ‌နော်တို့ကိုလည်း သူ‌မေး ‌သေးပါတယ်။ ဘယ်ကလဲဆို‌တော့ ကျ‌နော် ဒီနိုင်ငံခြားသတင်း‌ထောက်ကတ်ကို ကျ‌နော်ပြရတယ်။ အဲဒီက‌နေပြီး‌တော့ တဖြည်းဖြည်းချင်း ကြီးလားတယ်။ အထူးသဖြင့် ကျ‌နော်တို့ မြို့ထဲက‌နေပြီး‌တော့ လှည်းတန်း ‌ကျော်‌ကျော်အထိ ကျ‌နော် သိန်းနဲ့ချီတဲ့သံဃာ‌တော်‌တွေနဲ့အတူတူ လမ်း‌လျှောက်တယ်။
အဲဒီမှတ်တမ်းမှတ်ရာ‌တွေကို အဲဒီအချိန်ကာလအထိက‌တော့ ငြိမ်းချမ်းစွာပါဘဲ။ တစ်ဖက်က နိုင်ငံခြားသတင်းဌာနရဲ့ ဓာတ်ပုံသတင်းသမားတစ်‌ယောက်အ‌နေနဲ့ မှတ်တမ်းတင်သလို တစ်ဖက်မှာကလည်းတကယ့် မြန်မာပြည်သား တစ် ‌ယောက်အ‌နေနဲ့က တကယ့် ဒီတိုင်းပြည်ရဲ့ ကြီးမား‌သော ‌ပြောင်းလဲမှုတစ်ခုမှာ ကိုယ်ကိုယ်တိုင်က ပါဝင်နိုင်ခဲ့တဲ့ အတွက်‌ကြောင့်မို့လို့ ကျ‌နော် စိတ်အင်မတန်မှ စိတ်လှုပ်ရှားခဲ့တယ်။ သတင်း‌ထောက်တစ်‌ယောက်အ‌နေနဲ့ သူတို့‌ပြောတာ က‌တော့ ခံစားမှု‌တွေကို ချုပ်ထိန်းရမယ်။ ဒါ‌ပေမယ့် နှစ်‌ပေါင်းများစွာ တိုင်းပြည်အနိဌာရုံကို မြင်ခဲ့တဲ့ ကျ‌နော်ဟာ ဒီတိုင်း ပြည်အ‌ပြောင်းအလဲ‌တွေကို တကယ်ကိုလုပ်‌ဆောင်‌နေ‌သော ကိုယ်ကျိုးမဖက်‌သော ပြည်သူအတွက်ကို တကယ်ကို မားမားမတ်မတ် ရပ်တည်‌ပေး‌သော ရဟန်းသံဃာ‌တွေကို မြင်တဲ့အခါမှာ အင်မတန်မှ ကျ‌နော် သူတို့ကို ‌လေးလည်း‌လေး စားတယ်။ အင်မတန်မှလည်း ကြည်ညိုတယ်။ ‌နောက်ပြီး‌တော့ ဒီအ‌ရေး‌တော်ပုံကြီးကို ကိုယ့်အ‌နေနဲ့ မြန်မာပြည်သား တစ်‌ယောက်အ‌နေနဲ့ တကယ်ကို ကိုယ်ရှိတဲ့‌နေရာက‌နေအ‌ကောင်းဆုံး ‌ထောက်ခံတယ်ဆိုတဲ့အ‌နေအထားမှာ ကျ‌နော် ပါဝင်ခဲ့ပါတယ်။

‌မေး။ ။ ‌ရွှေဝါ‌ရောင် ‌တော်လှန်‌ရေးလှုပ်ရှားမှုက မြန်မာ့ နိုင်ငံ‌ရေးအတွက် ဘယ်လို‌ပြောင်းလဲမှုကြီး ဖြစ်လာတယ်လို့ ယူဆပါ သလဲ။

(၈၈) အ‌ရေးအခင်း ပြီးသွားတဲ့အခါမှာ ကျ‌နော်တို့ အထူးသဖြင့် စစ်အစိုးရက ‌နောက်ထပ် ဒီလိုအ‌ရေး အခင်းကြီး မဖြစ်နိုင်‌တော့ဘူးလို့ ဖြစ်စရာအလားအလာမရှိဘူး လို့‌တော့ သူတို့မတွက်ဘူး။ စစ်အာဏာရှင်အန်တုရဲမယ်လို့ မတွက်ထား ဘူး။ ဘာလို့လဲဆို‌တော့ (၈၈) ‌နောက်ပိုင်းမှာ လူထု‌တွေက အဆင်မ‌ပြေတဲ့ဘဝ‌တွေနဲ့ ရင်ဆိုင်ရတာမို့ အခက် အခဲ‌တွေ ၊ ဒုက္ခ‌တွေ ၊ စားဝတ်‌နေ‌ရေး ပြဿနာ‌တွေအများကြီး ကြုံရတယ်‌လေ။ နို်င်ငံ‌ရေးသမား‌တွေကို ဖမ်းလည်းဖမ်း၊ ‌ထောင်ထဲ ထည့်တဲ့လူထည့်၊ ‌သေတဲ့လူ‌သေ၊ ‌ထောင်က‌နေထွက်လာပြီး လူစဉ်မမှီတဲ့လူ‌တွေအများကြီးဘဲ။ တကယ့် ကြီးမားတဲ့ အ‌ရေး အခင်းကြီးတစ်ခု ဒီလိုမျိုး ဖြစ်လာမယ်လို့‌တော့ သူတို့ တိုက်ရိုက်‌တွေ့ရဲမယ်လို့‌တော့ ရာခိုင်နှုန်းအရ‌တော့ သူတို့ အဲ‌လောက် အထိ တွက်ထားမှာ မဟုတ်ဘူး။ ဒါ‌ပေမယ့် တကယ်ကို (၁၀၀) ရာခိုင်နှုန်းဖြစ်ဖို့ သံဃာထု‌တွေ သိန်းနဲ့ချီပြီး‌တော့ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။
သံဃာ‌တွေရဲ့‌နောက်မှာ လူထုလည်းပါလာတဲ့အခါကြ‌တော့ ကျ‌နော်‌တော့ ယုံကြည်ပါတယ်။ စစ်အစိုးရက အင်မတန်ကိုမှ တုန်လှုပ်‌ခြောက်ခြားသွားပါတယ်။ ဒါ‌ပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ဘဲ သူတို့ ‌ဖြေရှင်းခဲ့တယ်။ ဒါ‌ပေမယ့် သမိုင်း အလှည့်အ‌ပြောင်းတစ်ခုဟာ ဘယ်လိုဘဲ ခက်ခဲသည်ဖြစ်‌စေ အရပ်သားအစိုးရတစ်ခုကို သမိုင်းရဲ့အလှည့်အ‌ပြောင်းအရ စစ်တပ်က နိုင်ငံရဲ့ လုပ်ပိုင်ခွင့်‌တော်‌တော်များများကို အရပ်သားအစိုးရလက်ထဲကို တာဝန်‌တွေ ‌ပေးလိုက်ရပြီ။ ဒီအ‌ခြေအ‌နေကို ထိုးအပ်လိုက်တယ်ဆိုတာကို‌တော့ ဒီ‌ရွှေဝါ‌ရောင် အ‌ရေးအခင်းက တွန်းအား‌ပေးမှုတစ်ရပ်ဘဲလို့ ကျ‌နော်အဲလိုဘဲ ခံယူတယ်။

‌မေး။ ။ မြို့ပြပဋိပက္ခ အ‌ရေးအခင်းကို ဓာတ်ပုံသတင်း လိုက်ရိုက်ယူရတာမို့ ဒီအခင်းအကျင်းမှာ ပါဝင်ခဲ့သူ၊ အား‌ပေးခဲ့သူ အားလုံးကို စစ်အစိုးရက နည်းမျိုးစုံနဲ့ လိုက်လံဖမ်းဆီးချိန်မှာ ကိုယ့်ရဲ့ လုံခြုံ‌ရေးအတွက် ဒီစက်ကွင်းက ဘယ်လိုလွတ် ‌အောင် ‌ရှောင်ထွက်လာခဲ့ရသလဲ။

အဲဒီကာလမှာ‌တော့ စွမ်းအားရှင်‌တွေက မစုစု‌နွေးတို့ ဆန္ဒပြ‌နေတဲ့အချိန်မှာ သူတို့လည်း ကြိုသတင်းရထားတဲ့အခါကျ‌တော့ ကျ‌နော့်စိတ်ထင် သူတို့ရဲ့လူအင်အားကို တစ်ရာ‌ကျော်အထိ သူတို့သုံးပြီး‌တော့ ဟိုတုန်းက ဟီးရိုးကားကြီး နှစ်စီး၊ သုံးစီးနဲ့ သူတို့ ပိတ်ရပ်ထားတယ်။ သူတို့ဖမ်းဖို့ဆီးဖို့ ကြိုးစားတယ်။ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ သံဃာ‌တွေ စီတန်း လှည့်လည်တဲ့ အချိန်‌တွေမှာလည်း ဖမ်းဆီးနိုင်ဖို့အတွက်ကိုလည်း အ‌နှောင့်အယှက်ဖြစ်‌အောင်လုပ်တယ်။ ‌နောက်ပြီး‌တော့ ‌ရွှေဂုံတိုင်မှာ ၈၈ မျိုးဆက်သစ်‌တွေနဲ့ စွမ်းအားရှင်‌တွေနဲ့ ထိပ်တိုက်ရှိတဲ့အခါမှာ ကျ‌နော်က အလယ်မှာ ရှိတယ်။ အဲဒီအချိန်မှာ။ အင်မ တန်မှ အခက်အခဲ‌တွေကြုံတယ်။
ကျ‌နော့်ကိုလည်း (၃)ကြိမ်‌လောက် သူတို့ကိုယ်တိုင် ကျ‌နော့်ကိုဖမ်းဖို့ ကြိုးစားတယ်။ ကျ‌နော်လည်း ရ‌အောင်ထွက်‌ပြေး ခဲ့ရ တာ‌ပေါ့။ အဲဒီအ‌ခြေအ‌နေမှာ မိသွားရင်လည်း ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ဘူး။ ကျ‌နော့်သတင်းဌာနကလည်း ကျ‌နော် မိသွားတယ်ဆိုတာကို ‌ရေဒီယိုက‌နေ ‌ကြေညာပြီး‌တော့ အသိ‌ပေးတာဘဲ ရှိမယ်။ ကျန်တဲ့ဟာ ဘာမှလုပ်မနိုင်ဘူး။ ဒါ‌ပေမယ့် အဲဒီအချိန်မှာ ကျ‌နော်တို့အတွက် အင်မတန်မှ အားတက်စရာ‌ကောင်းတယ်။ လူထု‌တွေက သတင်း‌ထောက်ကို အရမ်းချစ်ကြတယ်။ အဲဒီအချိန်မှာ အဲဒီအ‌ရေး အခင်းကြီးဟာ သံဃာ‌တော်‌တွေရဲ့ သူတို့ရဲ့ ကြီးမား‌သော ‌စေတနာ တရားနဲ့ ရိုးသားစွာ ဆန္ဒ‌ဖော်ထုတ်တာ ဖြစ်တယ်။ တိုင်းပြည်မှာ ရှိ‌နေ‌သော ပြည်သူလူထုအားလုံးလို့ ဆို‌သော‌နေရာမှာ ဗုဒ္ဓဘာသာ ‌ရော ၊ ခရစ်ယာန်ဘာသာ‌ရော ၊ တခြားဘာသာဝင်‌တွေ‌ရော အားလုံးအတွက်ကို သူတို့က ရပ်တည်ပြီး‌တော့ ပြည်သူလူထု ‌တွေ ခံစား‌နေရတဲ့ဒုက္ခကို ‌ဖြေရှင်းနိုင်ဖို့အတွက်ကို သူတို့‌တွေက ကြီးမား‌သော‌မေတ္တာနဲ့ ရိုးသားစွာ နဲ့ နှလုံးသားထဲက ‌ပေါ်လာတဲ့အ‌ရေး‌တော်ပုံကြီး ဖြစ်တယ်။
လူထုရဲ့ ‌ထောက်ခံမှုကိုလည်းအပြည့်အဝ ရတယ်။ ဒီဟာ‌တွေကို မှတ်တမ်းတင်‌နေတဲ့ ကျ‌နော်တို့ သတင်း ‌ထောက်‌တွေ ကိုလည်း အင်မတန်မှ ချစ်တယ်။ ကျ‌နော်တို့ကို အ‌ကောင်းဆုံးသူတို့ ကူညီကြတယ်။ ကျ‌နော်တို့ကို ကွယ်ကာမှုလည်း ‌ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက အခက်အခဲ‌တွေ ၊ အန္တရာယ်‌တွေ ရှိ‌ပေမယ့်လည်း လူထု‌တွေရဲ့ ကာကွယ်မှု ၊ လူထုရဲ့ ‌မေတ္တာကို ကျ‌နော်တို့အ‌ကောင်းဆုံး ခိုလှုံခွင့်ရတယ်။ သူတို့ရဲ့ ‌ထောက်ခံအား‌ပေးမှုနဲ့ သူတို့ရဲ့ကွယ်ကာမှုကို ကျ‌နော်တို့ ရခဲ့ပါတယ်။

‌မေး။ ။ ဒါ့အပြင် ဆက်လက် ‌နေထိုင်ဖို့ မလွယ်‌တော့တဲ့ အခက်အခဲ‌တွေကို ဘယ်လို ‌ကျော်ဖြတ်လာခဲ့ရသလဲ။ ဘယ်လို ‌ရှောင်တိမ်း ပြီး နယ်စပ်ဘက်ကို ထွက်ခွာလာနိုင်ခဲ့ပါသလဲ။ ကိုယ့်သတင်းဌာနရဲ့ လမ်းညွှန်အကြံ‌ပေးမှု‌တွေများ ပါဝင်ပါ သလဲ။

တစ်ခုရှိတာက ဒီအ‌ရေးအခင်းမှာ ဂျပန်သတင်း‌ထောက် Kenji Nagai ကို စက်တင်ဘာ (၂၇)ရက်‌နေ့မှာ ပစ်သတ် လိုက်ပြီး‌တော့ စစ်တပ်က ဟိုနားဒီနားမှာ အကြမ်းဖက်နည်းနဲ့ ‌ဖြေရှင်းတယ်။ ‌သေကြတယ်။ အထူးသဖြင့် ဒီ‌ရွှေတိဂုံမှာ လည်း စက်တင်ဘာ ၂၆ ၊ ၂၀၀၇ မှာ အင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ဖြိုခွဲလိုက်တဲ့အခါမှာ အားလုံးမှာ ချီတက်လမ်း‌လျှောက် မှုကို မလုပ်နိုင်ကြ‌တော့ဘူး။ အဲဒီအချိန်မှာ ထိပ်တိုက်‌တွေ့ရင်လည်း ကိုယ်ဘဲ ခံရမယ့်အ‌နေအထားမှာ ဖြစ်တဲ့ အခါကျ‌တော့ ကျ‌နော် သိလိုက်တယ်။ စစ်တပ်က အ‌ပေါ်စီးမှာ ရသွားတယ်။ ဒီ‌တော့ ပစ်တယ်၊ ခတ်တယ်ဆို‌တော့ အဲဒီစက်တင်ဘာလ (၂၇)ရက်‌နေ့ညမှာ စပြီး‌တော့ ရန်ကုန်မြို့မှာ စစ်ကား‌တွေ ၊ သံချပ်ကား‌တွေ ဖြတ်သွားဖြတ်လာတာ‌တွေ ကျ‌နော်တို့ ဒီလိုဘဲ မြင်ရတဲ့အခါမှာ စစ်တပ်က ထိန်းချုပ်နိုင်‌သောအ‌နေအထားတစ်ခုကို ရသွားတဲ့အခါမှာ ‌ပေါ့။
အဲဒီ‌နေ့မှာ စက်တင်ဘာလ (၂၈)ရက်‌နေ့မှာ ကျ‌နော်ထင်တယ်။ အင်တာနက် ‌တွေအားလုံးပြတ်သွားတယ်။ ကျ‌နော့်သတင်း ဌာန‌တွေကိုလည်းဆက်သွယ်လို့ရတဲ့ အင်တာနက်‌တွေအကုန်လုံး ပြတ်သွားပြီးတဲ့အခါမှာ ကျ‌နော်တို့ လည်း ဓာတ်ပုံရိုက်ဖို့ အခက်အခဲ ရှိသွားပြီး။ ရိုက်တဲ့ဓာတ်ပုံကို ကျ‌နော်တို့သတင်းဌာနကို ပြန်ပို့ဖို့အတွက် ဘယ်လိုမှ ပြန်ပို့ လို့မရ‌တော့ဘူး။ အင် တာနက်‌တွေ အကုန်လုံးဖြတ်‌တောက်လိုက်ပြီကိုု။ ဆို‌တော့ အဲဒီအ‌ခြေအ‌နေမှာ ‌နောက်ပြီး‌တော့ ကျ‌နော်ကို အတိုင်းအတာ တစ်ခုထိအစိုးရက မှတ်မိ ‌နေတဲ့အ‌နေ အထားမှာရှိ‌နေ တဲ့အခါကျ‌တော့ မဖြစ်‌တော့ဘူး။ ဒီမှာ‌နေလို့ မဖြစ်‌တော့ဘူး ဆိုပြီး‌တော့ ကျ‌နော်ရဲ့ မိတ်‌ဆွေ၊ သူငယ်ချင်း‌တွေရဲ့အကူအညီနဲ့ဘဲ ရန်ကုန်က‌နေပြီး‌တော့ စက်တင်ဘာလ (၂၈) ရက်‌နေ့မှာ ကျ‌နော် နယ်ဘယ်မှာ သွား‌နေတယ်။ တစ်လ‌ကျော်‌ကျော်‌လောက် ‌နေပြီးမှဘဲ ထိုင်း-မြန်မာနယ်စပ် အချိတ်အ ဆက်ကို ပြန်ရှာပြီး‌တော့မှ နယ်စပ်ကို ဒီဇင်ဘာလ (၁)ရက်‌နေ့ ၊ ၂၀၀၇ မှာ‌ပေါ့ ထိုင်းဘက်ခြမ်းကို ‌ရောက်တယ်။

‌မေး။ ။ ခုဆိုရင် ၂၀၀၇ က ဖြစ်ပျက်ခဲ့တဲ့ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးဟာ ၁ဝနှစ်ပြည့်‌မြောက်ခဲ့ပြီ။ အစိုးရလည်း နှစ်ဆက် ‌တောင် ‌ပြောင်း လဲ‌ရောက်လာပြီမို့ လက်ရှိ အရပ်သားအစိုးရအ‌နေနဲ့ ဘာ‌တွေသင်ခန်းစာယူပြီး ‌ရှေ့ဆက် ဘယ်လို လုပ် ‌ဆောင်သွားသင့်တယ်လို့ ထင်ပါသလဲ။ သုံးသပ်‌ပြောဆို‌ပေးပါ။

ကျ‌နော်မြင်တာက‌တော့ဗျာ။ ကျ‌နော်တို့ ၁၉၇၁ မှာ ကျ‌နော်‌မွေးခဲ့တဲ့အခါကျ‌တော့ ကျ‌တော်တို့က မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်မှာ ကျ‌နော်တို့ ကြီးခဲ့တယ်။ ကျ‌နော်တို့ တက္ကသိုလ်‌တွေ ဘာ‌တွေ တက်တဲ့အချိန်က‌တော့ ၁၉၉၁ ‌ပေါ့ဗျာ။ အဲဒီအချိန်ကာလအထိ ၁၉၉၁ က‌နေပြီး‌တော့ ကာလတစ်ခုအထိဟာ စစ်အစိုးရ အုပ်ချုပ်တဲ့‌အောက်မှာဘဲ ကျ‌နော်တို့ ‌နေခဲ့ရတယ်။ အထူးသဖြင့် ကျ‌နော်တိုင်းပြည်က ထွက်သွား‌သော ၂၀၀၇ ‌လောက်အထိဟာ ကျ‌နော်တို့ရဲ့ မြန်မာနိုင်ငံက စစ်တပ်ရဲ့အုပ်ချုပ်မှု‌အောက်မှာဘဲ ရှိခဲ့တယ်။ အဲဒီကြားထဲမှာ တိုင်းပြည်အနစ်နာခံ ၊ ကိုယ်ကျိုးစွန့် ၊ အသက်‌ပေးဆပ်ခဲ့တဲ့ လူ‌တွေဟာ ဗမာလူမျိုးအပြင် တိုင်းရင်းသား‌တွေအများကြီး။ အထူးသဖြင့် ဒီနယ်စပ်‌ဒေသ‌တွေမှာ တိုင်းရင်းသား‌ဒေသ‌တွေမှာ ပြည်တွင်းစစ် ဒုက္ခအခက်အခဲ အများကြီး ကြုံ‌တွေ့ရတဲ့ အ‌နေအထား‌တွေကို ကျ‌နော်တို့ မျက်မြင်ကိုယ်‌တွေ့‌ရော ၊ သတင်း‌တွေမှာ‌ရော ၊ ဒီကြုံ‌တွေ့ရတဲ့ လူ‌တွေကိုယ်တိုင် ‌ပြောပြတဲ့အခါမှာ ကျ‌နော်တို့ ‌တွေ့ခဲ့ရတယ်။
အခုလည်း ဒီ ၂၀၁၇ မတိုင်ခင်မှာ တိုင်းပြည်ဟာလည်း အ‌ပြောင်းအလဲ‌တွေနဲ့ အများကြီး ကြုံတယ်။ ဟိုတုန်းက ခင်ခင်မင်မင် ရင်းရင်းနှီးနှီး သစ္စာရှိစွာ လုပ်‌ဆောင်ခဲ့တဲ့ အ‌ခြေအ‌နေ‌တွေ သူတို့ရဲ့အ‌တွေးအ‌ခေါ်‌တွေ ‌ပြောင်းလဲသွား တာ‌တွေလည်း ရှိတာ‌ပေါ့။ အရပ်သားအစိုးရလို့ ‌ပြော‌ပေမယ့်လည်း စိန်‌ခေါ်မှု ၊ အသစ်‌သော တိုင်းပြည်အတွက် ကြုံ‌တွေ့ လာနိုင်တဲ့ အန္တရာယ်‌တွေကို ရင်ဆိုင်‌နေတာကို ကျ‌နော်တို့ ‌တွေ့ရတယ်။ ကျ‌နော့်အ‌နေနဲ့ ဘယ်လိုခံယူလဲဆို တာက‌တော့ ဒီအ‌ခြေအ‌နေ‌တွေအားလုံးကို တိုင်းပြည်အုပ်ချုပ်တဲ့သူကိုယ်တိုင်‌ရော ၊ ပြည်သူ ပြည်သား‌တွေအ‌နေနဲ့က တိုင်းပြည်ကို ချစ်တဲ့စိတ်‌ပေါ့‌နော်။ အထူးသဖြင့် ရိုးသား‌သောနည်းနဲ့ တိုင်းပြည်ဖြစ်ပျက်လာ‌သော အ‌နေအထားတစ်ခု အ‌ပေါ်မှာ ဝိုင်းပြီး‌တော့ ဒီဟာကို ပြဿနာကို ရင်ဆိုင်ကြဖို့နဲ့ ဖြစ်လာတဲ့ ပြဿနာအ‌ပေါ်မှာ ရိုးသား‌သောနည်းဖြင့် ‌ဖြေရှင်းကြပါ။ အဲလို‌ဖြေရှင်းမှဘဲ တကယ့် ‌ရေရှည်တည်တံ့မယ့်အ‌ဖြေတစ်ခုကို၊ သင့်တင့်မှန်ကန်‌သောအ‌ဖြေတစ်ခုကို ရရှိနိုင်မယ်လို့ ကျ‌နော်အဲလိုဘဲ ခံယူတယ်။

‌မေး။ ။ ။ ‌ရွှေဝါ‌ရောင် အ‌ရေး‌တော်ပုံနဲ့ ပတ်သက်ပြီး ‌မေးထားတဲ့အထဲမှာ မပါသွားတာ‌တွေရှိရင်လည်း ဖြည့်စွက် ‌ပြောဆို ‌ပေးနိုင်ပါတယ်။

ကျ‌နော် ကရင်ပြည်နယ် ရွာထဲမှာ ကျ‌နော်ကြီးခဲ့တယ်။ ကျ‌နော့်အ‌မေက ကျန်းမာ‌ရေး ဆရာမဆို‌တော့ ကျ‌နော်ကြီးခဲ့တဲ့ အိန္ဒုတို့ ၊ ဇာသပြင်တို့ ၊ ‌ကော့ရင်းတို့ ။ ‌နောက်ဆုံး မြဝတီမှာ ကျ‌နော့်အ‌မေ တာဝန်ကျခဲ့တဲ့အခါမှာ ကျ‌နော်တို့က တကယ့် ကို ဝန်ထမ်းသားသမီးတစ်‌ယောက်အ‌နေနဲ့ လိုက်‌ပေးရတယ်။ အဲဒီက‌နေပြီး‌တော့ ဘယ်လို‌ပြောမလဲ တိုင်းပြည်ရဲ့ အဓိက အထင်ကရဖြစ်‌သော သံဃာ့အ‌ရေးအခင်း‌ကြောင့် ကျ‌နော် ဓာတ်ပုံသတင်း‌ထောက်တစ်‌ယောက်အ‌နေနဲ့ ပါဝင်ခွင့် ရခဲ့တဲ့အ တွက်‌ကြောင့် ကျ‌နော် အင်မတန်ကိုမှ ‌ကျေးဇူးတင်တယ်။ ဘုရားလည်း ကျ‌နော့်ကိုဒီအခွင့်အ‌ရေးကို ‌ပေးတဲ့အတွက် ‌ကျေး ဇူးအများကြီးတင်တယ်။ အဓိက ကျ‌နော့်လို သာမန်‌ကျေးလက်က လူငယ်တစ်‌ယောက်က သတင်း‌ထောက် တစ်‌ယောက် အ‌နေနဲ့ အဲဒီအချိန်မှာ ကျ‌နော် ပါဝင်နိုင်ခဲ့တဲ့အ‌ပေါ်မှာ ကျ‌နော့်ဘဝကိုလည်း ကျ‌နော်အင်မတန်မှ ‌ကျေနပ်အားရပါတယ်။