(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဩဂုတ် ၂၂ရက်)
ကျနော်တို့ တိုင်းပြည်၌ ပြည်တွင်းစစ်ကြီး၏ သက်တမ်းမှာ ၁၉၄၈ခုနှစ်မှ စတင် ရေတွက်ကြည်မည်ဆိုလျှင် နှစ်ပေါင်း (၇၀) နီးပါး ရှိခဲ့ပြီ။ ဒီပြည်တွင်းစစ်ကြီးအတွင်း နှစ်ဖက် စစ်ပြိုင်တိုက်ခဲ့ကြသူတွေရဲ့ ဘက်အသီးသီး၌ “တပ်မတော်”တွေလည်း ဖွဲ့ခဲ့ကြပြီ။ ကျဆုံးသူ “အာဇာနည်တွေ”လည်း ကိုယ်စီရှိကြသလို “သူရဲကောင်းတွေ”လည်း ရှိခဲ့ကြသည်သာ။
“အာဇာနည်တွေ” ကိုယ်စီရှိကြသလို၊ “သူရဲကောင်းတွေ”လည်း ရှိခဲ့ကြသည်သာ ဟူသောစကားရပ်မှာ ဤနေရာ၌ ထိုသို့ တည် ရှိခြင်းမှာ မှန်သည်/မှားသည်ကို အကဲဖြတ်၍ ပြောဆိုလိုခြင်း သဘောမဟုတ်။ ပကတိတည်ရှိနေသော အကြောင်းအချက် သဘောကိုသာ ပြောလိုရင်းဖြစ်ပါတယ်။
အဓိက လူမျိုးကြီး ၈မျိုး (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) တို့၌ တပ်မတော်/တပ်ဖွဲ့ကိုယ်စီရှိနေကြပြီး ကျန် တိုင်းရင်းသားလူမျိုးစုများ၌လည်း “တပ်မတော်၊ တပ်ဖွဲ့”များ ကိုယ်စီရှိနေပါတယ်။ ဥပမာ (UWSA) နဲ့ (TNLA) စသဖြင့် ဖြစ်ပါ တယ်။ (UWSA)မှာ (အစိုးရစစ်တပ်မှအပ) ကျန်တပ်မတော်တပ်ဖွဲ့များ အားလုံးအနက် အင်အားအတောင့်တင်းဆုံး တပ်ဖွဲ့ဖြစ် မယ်လို့ ထင်ပါတယ်။
တိုင်းရင်းသားတပ်ဖွဲ့များအနက် အချို့မှာ စုစုစည်းစည်းရှိကြသော်လည်း အချို့မှာ တဗိုလ်တမင်းဖြစ်လျက် အကွဲကွဲအပြားပြား၊ ဒါ့အပြင် ထူးခြားချက်လို့ ဆိုရပါလိမ့်မယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် တစ်ဆက်တည်း “ကျောင်းသားတပ်မတော်” ပင် ပေါ်ထွက်လာခဲ့ဖူးတယ် မဟုတ်ပါလား။
သို့ဖြင့် ထိုနှစ်ပေါင်း ၇ဝအတွင်း တိုင်းရင်းသားတပ်ဖွဲ့များ အနေအထားမှာ ပိုမိုအင်အားတောင့်တင်းကြီးမားလာတာတွေ ရှိသလို၊ သေးကျုံ့သွားတာ၊ ပျက်ပြားသွားတာတွေလည်း ရှိခဲ့ပါတယ်။
အစိုးရစစ်တပ်ဘက်က တိုင်းပြည်တစ်ပြည်မှာ စစ်တပ်တစ်ခုထဲသာ ရှိရမယ်ဆိုတဲ့ အယူအဆကို ဖော်ထုတ်လာခဲ့ပြီးတဲ့ နောက် “ဗိုလ်”ဟူသောအသုံးအနှုန်းကို သူတို့စစ်တပ်မှအပ အခြားသူများ ရေးသားမသုံးစွဲရလို့ ပညတ်လာပါတယ်။ အထူးသဖြင့် ပြည် တွင်းမီဒီယာများ၊ ပြည်ပမီဒီယာများကို ဖိအားပေးလာပါတယ်။ ဒီမိုကရေစီအရေးအတွက် တချိန်က ဒီမိုကရေစီအရေးအတွက် တက်ကြွခဲ့သော (RFA)သတင်းဌာနသည်ပင် စစ်တပ်က ညွန်ကြားထားတဲ့အတိုင်း ခေါ်ဝေါ်ရေးသား သုံးစွဲလာတာကို သတိပြုမိ ပါတယ်။
အစိုးရပိုင်သတင်းစာများတွင်လည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် “စောမူတူးစေးဖိုး”၊ ဗိုလ်မှူးကြီးခွန်ဥက္ကာသည် “ဖြားတန် ခွန်ဥက္ကာ”ဟူ၍ ပြောင်းလဲသုံးစွဲလာပါတယ်။
တိုင်းပြည်တစ်ပြည်တွင် စစ်တပ်တစ်ခုတည်းရှိရမည် ဟူသောအယူအဆမှာ ယေဘုယျအားဖြင့် ငြင်းစရာမရှိပါ။ လက်တွေ့တွင်မူ ပြောစရာစကားတွေ များစွာရှိပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ် နှစ်ပေါင်း ၇ဝနီးပါးရှိလာသော ကျနော်တို့ တိုင်းပြည်၌ ပို၍ ပြောစရာဆိုစရာတွေ ရှိပါတယ်။
သမိုင်းကိုပြန်ကြည့်လျှင် ယနေ့အစိုးရစစ်တပ်သည်ပင် “ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး”ဟူသော နိုင်ငံရေး လုပ်ငန်းစဉ်အောက်မှ မွေးဖွားပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော်ရန် တနည်းအား ဖြင့် တိုင်းပြည်လွတ်လပ်ရေးရရှိဖို့၊ ကိုလိုနီနယ်ချဲ့သမားကို လက်နက်ကိုင်နည်းဖြင့် ခုခံတွန်းလှန်ရန် တပ်မတော်ကို ဖွဲ့စည်းတည် ထောင်ခဲ့ကြခြင်း မဟုတ်ပါသလော။ တပ်မတော်ကို အရင်ဖွဲ့ပြီးမှ နိုင်ငံရေးရည်မှန်းချက်ကို ချမှတ်ခဲ့ခြင်း မဟုတ်ချေ။ နိုင်ငံရေး ရည်မှန်းချက်ကို ပေါက်မြောက်အောင် တပ်မတော်ကို စုဖွဲ့လာခဲ့ကြခြင်းဖြစ်ပါတယ်။
ထိုနည်းတူစွာပင် တိုင်းရင်းသားအသီးသီးက စုဖွဲ့ခဲ့ကြသော တပ်မတော်၊ တပ်ဖွဲ့အသီးသီးသည်လည်း သူတို့၏ ဆုံးရှုံးနေသော တန်းတူရေးနှင့် ကိုယ့်ကြမ္မာဖန်တီးနိုင်ရေးအတွက် (ဝါ) လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်နေမှုကို လက်နက်စွဲကိုင်ပြီး ခုခံဖို့အတွက် တပ်မတော်နှင့် တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါတယ်။ စိတ်ကူးတည့်သလို ဖွဲ့စည်းခဲ့ကြခြင်း မဟုတ်ချေ။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့အနေအထားဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
အုပ်စိုးသူ လူတစ်စု၏ တစ်လက်ကိုင်၊ အသုုံးတော်ခံဘဝသို့ သက်ဆင်းကျရောက်သွားရပါတယ်။ ထိုဘဝသို့ သက်ဆင်းသွားရ သော စစ်တပ်ဟာ အောက်ပါလုပ်ရပ်များကို နှစ်ပေါင်း ၇ဝနီးပါးကာလအတွင်း ပြုမူလုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးပါတီများကို အနိုင်ကျင့် အကြပ်ကိုင်ခြင်း၊ အခြေခံဥပဒေ (၁၉၄၇)ကို ဖျက်သိမ်းခြင်း၊ ရွေးကောက်ပွဲနည်းဖြင့် ရွေးချယ် ထားသော အစိုးရအဖွဲ့(ပထစ)ကို ဖြုတ်ချ၍ဖမ်းဆီးခြင်း၊ ထိုစဉ်က လွှတ်တော်အမတ် သီပေါစောဘွားစဝ်ကြာဆိုင်အား အစ ဖျောက် သတ်ဖြတ်ခြင်း၊ သမိုင်းဝင်(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုချဖျက်ဆီးခြင်း၊ အခြေခံဥပဒေ(၁၉၇၄) စိတ် ကြိုက်ရေးဆွဲ အတည်ပြုခြင်း၊ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခြင်း(၁၉၉ဝ ရွေးကောက်ပွဲရလဒ်)၊ အခြေခံဥပဒေ(၂၀၀၈) စိတ် ကြိုက်ရေးဆွဲ အတည်ပြုခြင်း၊ (၁၉၆၂ – ၆၃ ၊ ၁၉၇၄ – ၇၅ – ၇၆ – ၁၉၈၇ – ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး – ၁၉၉၆ -၂၀၀၇ — လက်ပန်တန်း ကျောင်းသားလှုပ်ရှားမှုအထိ) ပြည်သူများ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ များရဲ့သပိတ်မှောက်မှုများ၊ ဆန္ဒပြပွဲများကို အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခဲ့ခြင်း စသော ပြည်သူဆန့်ကျင်ရေးလုပ်ရပ်များဖြင့် တိုင်းရင်း သားပြည်သူများရဲ့သွေးတွေစွန်းပေးနေသော စစ်တပ်ဖြစ်လာခဲ့ပါတယ်။
“တပ်မတော် သို့မဟုတ် အစိုးရစစ်တပ်”လို့ ဆိုလိုက်လျှင် တိုင်းရင်းသားပြည်သူများရဲ့အမြင်နဲ့သဘောထားမှာ အထက်ပါ အစဉ် အလာဆိုးများနဲ့တွဲဖက်ပြီး အလိုအလျောက်မြင်နေကြပြီးသား ဖြစ်နေပါတယ်။ ဒါဟာ တစ်ဖက်သတ်အမြင်နဲ့ သဘောထားမျိုး လုံးဝ မဟုတ်ပါဘူး။ ပြင်ပက သွေးထိုးလှုံ့ဆော် ဘေးတီးထားလို့ မြင်သောအမြင်လည်း မဟုတ်ပါ။
နှစ်ပေါင်း ၇ဝနီးပါးကာလအတွင်း တိုင်းရင်းသားပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ဘဝတွေ၊ အသက်တွေ သွေးတွေနဲ့ရင်းပြီး တွေ့ ကြုံခံစားခဲ့ရသော နာကျည်းခါးသည်းဖွယ် ဖြစ်ရပ်မှန်များထဲကနေ ပေါ်ထွက်လာသော အမြင်နဲ့သဘောထားသာဖြစ်ပါတယ်။
သို့ပါ၍ ထိုသို့သော အစဉ်အလာဆိုးများကို လက်ကိုင်ပြုထားသော တစ်ခုတည်းသောစစ်တပ်မျိုးတော့ တိုင်းရင်းသားပြည်သူ များက လုံးဝ မလိုလားပါ၊ မနှစ်မျို့ပါ။ ထိုစစ်တပ်မျိုးကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။
သို့ပါ၍ တိုင်းပြည်တစ်ပြည်တွင် စစ်တပ်တစ်ခုပဲရှိရမည်ဟုဆိုလျှင် ထိုစစ်တပ်သည် အောက်ပါအချက် (၅) ချက်ကို တိကျစွာ လိုက်နာ အကောင်အထည်ဖော်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ပထမအချက်အနေဖြင့် အုပ်စုတစ်စု၏ တစ်လက်ကိုင်စစ်တပ် မဖြစ်စေရ။
ဒုတိယအချက် အခြေခံဥပဒေ၏ အထက်တွင် မည်သည့်ပုံစံ၊ မည်သည့်နည်းလမ်းနှင့်မျှ မရှိစေရ။
တတိယအချက် အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်၊ လွှတ်တော်ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဆင့်ဆင့်၌ (စစ်တပ် တွင်) တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများ ပါဝင်ခွင့်မရှိစေရ။ [စစ်ဗိုလ်များ နိုင်ငံရေးတွင် ပါဝင်လိုလျှင် စစ်တပ်မှ တရားဝင် နုတ်ထွက် သို့မဟုတ် အငြိမ်းစား ယူရမည်၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရလျှင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွင် ပါဝင်နိုင်ပါတယ်]
စတုတ္တအချက် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများတွင် စစ်တပ်မှ ပါဝင်စွက်ဖက် ချုပ်ကိုင်ခွင့်မရှိစေရ။
ပဉ်စမအချက် “တပ်မတော်”သည် နိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနများအနက် တစ်ခုဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်သာ ထားရှိရပါမယ်။ ထိုအချက်များမှာ “တပ်ဖက်- အရပ်ဖက်ဆက်ဆံရေး”အတွက် အရေးကြီးသော အခြေခံလို အပ်ချက်များလည်း ဖြစ်ပါတယ်။