(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၃ရက်)
“၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့ စစ်အာဏာသိမ်းတာကနေ – စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်”အထိ အတွေ့ရဆုံး၊ အမြင်ရဆုံးအရာတွေကို တန်းစီပြီး စာရင်းချကြည့်မယ်ဆိုရင်
၁။ စစ်အုပ်စုရဲ့ ဗိုလ်ကျလွှမ်းမိုးမှု
၂။ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုမျိုးစုံ
၃။ စစ်အုပ်စုရဲ့ ဖိနှိပ်မှုမျိုးစုံကို အာခံ၊ ဆန့်ကျင်၊ တော်လှန်တဲ့ ပြည်သူများရဲ့ သဏ္ဍာန်မျိုးစုံ တိုက်ပွဲတွေဟာ ထိပ်ဆုံးမှာ နေရာယူထားကြလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။
စစ်အုပ်စုရဲ့ဗိုလ်ကျလွှမ်းမိုးမှုဟာ အနှံ့အပြား လက္ခဏာဆောင်တဲ့ ဖိနှိပ်မှု ဖြစ်ပါတယ်။ ဒါကြောင့် နံပတ်တစ်နေရာမှာ ထားရတာ ပါ။ လက်နက်နဲ့ အကြမ်းဖက်နှိပ်ကွပ်မှုကို မဏ္ဍိုင်အဖြစ် ထားတဲ့အောက်မှာ ကောက်ကျစ်ယုတ်မာတဲ့ လှည့်ဖြားမှုနဲ့ အယုံသွင်းမှု ကို ပုံစံမျိုးစုံနဲ့ ကျင့်သုံးတဲ့ ဖိနှိပ်မှုဖြစ်ပါတယ်။
အချို့သောအချိန်ကာလ၊ အချို့သောနေရာတွေမှာ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒကို လက်တွေ့ကျင့်သုံးသလို၊ ပြည်သူများအ ကြားမှာလည်း လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ပြီး သပ်လျှို၊ သွေးခွဲ၊ မှိုင်းတိုက်ပေးတတ်တယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ကျော်မကောင်းကြားမကောင်း ရာဇဝတ်မှုမျိုးစုံဟာ သူတို့အကြမ်းဖက် ဖိနှိပ်အုပ်စိုးနေတဲ့အကြားကနေ လက်ရဲဇက်ရဲ ထကြွသောင်းကျန်းနေတဲ့ သူတို့ရဲ့မမြင်ရတဲ့ လက်တစ်ဖက်လည်းဖြစ်တယ်။ ပြည်သူတွေအတွက်တော့ စစ်အုပ်စု အဆက်ဆက်ရဲ့ဗိုလ်ကျဖိနှိပ်မှု၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုမျိုးစုံဟာ ကျားငစဉ်းလဲနဲ့ ကျားချေးပါပဲ။ ပြည်သူတွေဟာ ကျားငစဉ်း လဲကိုရော ကျားချေးကိုပါ အင်မတန် ရွံရှာမုန်းတီးပါတယ်။
စစ်အုပ်စုအဆက်ဆက်က ဘယ်သူတွေနဲ့ဘယ်လိုပဲ ဇွတ်အတင်း ပေးစားနေပါစေ။ “မူးယစ်ရာဇာတွေ/ ဘိန်းဘုရင်တွေ”ဟာ အဆုံးတစ်နေ့မှာ သူတို့ရင်ခွင်ထဲ ပြေးဝင်ခိုလှုံသွားကြတာပဲ ဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ဘယ်သူက ငြင်းနိုင်မှာမို့လို့လဲ။ သူတို့နဲ့ ဒိုးတူဘောင်ဖက် သင့်မြတ်ချစ်ကြည်ပေါင်းဖက်သွားကြပြီး “ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေ” ဖြစ်လာကြတယ် မဟုတ်ပါလား။
“စိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေ” အနှံ့အပြား ပေါများလာမှုဟာ စစ်အုပ်စုအုပ်စိုးမှုခေတ်ကာလကို ဖော်ပြနေတဲ့ ထင်ရှားတဲ့ သရုပ်သကန်တွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ်မှာ ဒီလို မူးယစ်ဆေးပြားတွေ မပေါ်ပေါက်ခဲ့သလို၊ ဘိန်းဖြူလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပြူလာ မဖြစ် သေးဘူး။
(မဆလ)ခေတ်မှာ ဘိန်းဖြူ(ဟီးရိုးအင်း/နံပတ်ဖိုး)ဟာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာပြီး။ “စိတ်ကြွရူးသွပ်ဆေးပြားတွေ” ပေါများလာမှုကတော့(နဝတ-နအဖ) စစ်အုပ်စုအုပ်စိုးနဲ့အတူ မွေးဖွားကြီးပြင်းလာတာလို့ ပြောရရင်ရတယ်။ (နဝတ-နအဖ) စစ် အစိုးရရဲ့ နောက်ကျောဖက်မှာ တပ်ဆင်ထားတဲ့ တံဆိပ်လည်းဖြစ်တယ်လို့ ပြောရင်ရမယ်ထင်ပါတယ်။
အရင်းခံဖြစ်တဲ့ “စစ်အုပ်စုရဲ့ဗိုလ်ကျလွှမ်းမိုးမှု” ဆိုတာကတော့ အနှစ်သာအရ ဘယ်လိုမှ မပြောင်းလဲပေမယ့် အပေါ်ယံမှာ ကပ် ထားတဲ့ စက္ကူပတ်တံဆိပ်ကတော့ ခေတ်ကာလကို လိုက်ပြီး၊ အခြေအနေကိုလိုက်ပြီး ပုတ်သင်ညိုလို အရောင်အမျိုးမျိုး ပြောင်း လဲလေ့ရှိပါတယ်။
နိုင်ငံရေးဇာတ်ခုံ (သို့မဟုတ်) အာဏာစင်မြင့်ထက်ကို စမ်းတက်လာတုန်းက “အိမ်စောင့်အစိုးရ”ဆိုတဲ့ စက္ကူပတ်နဲ့ဖြစ်ပါတယ်။ နောက်တော့ “တော်လှန်ရေးကောင်စီ”ဆိုတဲ့ စက္ကူပတ်နဲ့ဖြစ်လာပါတယ်။ အဲဒီနောက် ရေပန်းစားလာတဲ့ ဆိုရှယ်လစ်လှိုင်းကို တက်စီးပြီး “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်”ဆိုတဲ့ (မဆလ) စက္ကူပတ်ပြောင်းပါတယ်။
အဲဒီစက္ကူပတ်ကို “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”နဲ့ ပြည်သူတွေက ဆုတ်ဖြဲပစ်လိုက်ပြန်တော့ (နဝတ-နအဖ)ဆိုတဲ့ စစ် ဘီလူးတံဆိပ်ပတ်ပြီး ပွဲထွက်လာပြန်ပါတယ်။
အခုနောက်ဆုံးပေါ်(နောက်တမျိုးမပေါ်သေးခင်အထိ) စက္ကူပတ်ကတော့ “အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် အစဉ်တစိုက် ပါဝင်ရေး”ဆိုတဲ့ တံဆိပ်ဖြစ်ပါတယ်။ တခါတလေ အဲဒီ်စက္ကူပတ်မှာ “အမျိုးသားနိုင်ငံရေး” လို့လည်း ရေးထားလေ့ရှိတယ်။
အတွေ့ရဆုံး၊ အမြင်ရဆုံး စာရင်းမှာ အမှတ်စဉ် (၄)အဖြစ် နောက်ထပ် စာရင်းထိုးချင်တာကတော့ များပြားလှတဲ့ “နိုင်ငံရေးပါတီ” တွေပဲဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးပြီးတဲ့အခါ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာပါတယ်။ ပါတီ ပေါင်း (၂၃၅)ပါတီရှိပါတယ်။ နောက်ဆုံး စစ်အုပ်စုက နည်းမျိုးစုံသုံးပြီး ဖျက်သိမ်းပစ်လိုက်တဲ့အတွက် ၁ဝပါတီသာ ကျန်ပါတော့ တယ်။
ယခုတဖန် “၂၀၀၈ အခြေခံဥပဒေအောက်”မှာ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ (၉၄)ပါတီ ရှိနေတာတွေ့ရပါတယ်။
၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ နိုင်ငံရေးပါတီတွေနဲ့ ၂၀၀၈အခြေခံဥပဒေအောက်မှာ ပေါ်ထွက်လာတဲ့ နိုင်ငံရေးပါတီတွေဟာ ပေါ်ပေါက်လာပုံ အကြောင်းတရားခြင်း မတူညီပါဘူး။
မတူညီတဲ့အချက်တွေက
“၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာပေါ်လာတဲ့ ပါတီတွေက
– “၂၀၀၈ အခြေခံဥပဒေနဲ့ (နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အပါအဝင်) အခြားတည်ဆဲဥပဒေတွေ”ကို ထိန်းသိမ်းကာ ကွယ် / လေးစားလိုက်နာပါမယ့်လို့ ဝန်ခံကတိပြု လက်မှတ်နှစ်နေရာမှာ နှစ်ကြိမ်ထိုးရပါတယ်။
– ဥပဒေအရဆိုရင် ပါတီဝင်စာရင်းနဲ့ ပါတီငွေစာရင်းကို အချိန်မရွေးဝင်ပြီး စစ်ဆေးပိုင်ခွင့် ပေးထားရတဲ့အခြေအနေအောက်မှာ ပေါ်ပေါက်လာရတာပါ။
– ၁၉၈၈ခုနှစ် နောက်ပိုင်းပေါ်လာတဲ့ ပါတီတွေမှာ ဒီလိုအခြေအနေ၊ အချက်အလက်မျိုး မရှိခဲ့ပါဘူး။
– ပိုပြီး တိတိကျကျပြောရရင် “၂၀၀၈အခြေခံဥပဒေဘောင်”ထဲမှာ ပေါ်လာတဲ့ပါတီတွေဟာ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် တပ်မတော်က အစဉ်တစိုက် ပါဝင်ရေး” ဆိုတဲ့ အကြပ်ကိုင်မှုကို (အားမတန်လို့ မာန်လျှော့တယ်ပဲဆိုဆို/ မချစ်သော်လည်း အောင့်ခါ နမ်းရပါတယ်လို့ပြောပြော) ခံကြရပြီး မှတ်ပုံတင်ကြရတာပါ။ (တချို့တော့ ရသမျှ “စပေ့”(space)ကို ချဲ့ယူမယ် ဆိုတဲ့ တွက်ကိန်းနဲ့ဝင်တာပါ။ တချို့ကလည်း အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ကောင်းတယ်၊ “ခွက်တစ်ဝက်ကြီးများ တောင်” ဆိုတဲ့ လော့ဂျစ်ကို ကျယ်ကျယ်ဟစ်ပြီး ဒိုင်ပင် ထိုးချသွားကြတာပါ)
– ၁၉၈၈ခုနှစ်နောက်ပိုင်းပေါ်လာတဲ့ ပါတီတွေအနက် အများစုဟာ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အရှိန်အဟုန်နဲ့ တက်ကြွနေတဲ့ လူငယ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေက အများစု ဖြစ်ပါတယ်။
– (တစည)တဖြစ်လည်း (မဆလ)ပါတီကို မြောင်းထဲပို့ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်အညွန့်တလူလူနဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါ တီတွေ ဖြစ်ပါတယ်။ ဝေလေလေပါတီတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အရေအတွက်နည်းပါတယ်။
– “၂၀၀၈ အခြေခံဥဒေဘောင်”ထဲမှာလို ခေါင်ကို အနှိမ်ခံရ၊ အညွန့်ချိုး၊ အချိုင်ခံရပြီးမှ မှတ်ပုံတင်ရတဲ့အဖြစ်မျိုးတော့ မရှိခဲ့ပါ။
ဒီအချက်တွေဟာ “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲမှာ ပေါ်လာတဲ့ နိုင်ငံရေးပါတီတွေနဲ့ “၁၉၈၈ခုနှစ်နောက်ပိုင်း” ပေါ်လာတဲ့ နိုင်ငံရေးပါတီတွေအကြား အရင်းခံခြားနားမှုတွေလို့ မှတ်ယူပါတယ်။
“၂၀၀၈ အခြေခံဥပဒေဘောင်”ထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၄)ပါတီရှိပါတယ်။ အဲဒီအထဲမှာ တိုင်းရင်း သား(အမည်နဲ့)ပါတီပေါင်း (၅၀) ရှိပါတယ်။ တိုင်းရင်းသားလူမျိုးတစ်မျိုးထဲမှာတင် နိုင်ငံရေးပါတီ ၂ပါတီကနေ ၄ပါတီ (သို့မ ဟုတ်) ၅ပါတီအထိ ဖွဲ့စည်းမှတ်ပုံတင်ထားတာကို တွေ့ရှိရပါတယ်။ (ကရင် ၅ပါတီ၊ ချင်း ၄ပါတီ၊ ရခိုင် ၄ပါတီ)
ဒါဟာ ဥပဒေပမှာ ဖွဲ့စည်းထားတဲ့၊ (NCA)လက်မှတ်ထိုးတဲ့ တိုင်းရင်းသားပါတီအဖွဲ့အစည်းတွေ မပါသေးပါဘူး။ တိုင်းရင်းသားပါ တီတွေ ပိုမိုများပြားလာတဲ့အချက်ဟာ “၁၉၈၈ခုနှစ်နောက်ပိုင်းကာလမှာ ပေါ်ပေါက်လာတဲ့ ပါတီတွေ”နဲ့ မတူတဲ့ ပထမအချက် တစ်ခုပါပဲ။
ဒါ့အပြင် ဒုတိယတစ်ချက်က ဒီကနေ့ပေါ်လာတဲ့ ပါတီတွေထဲမှာ စစ်အုပ်စုနဲ့ ခရိုနီများက ပုံစံမျိုးစုံနဲ့ စပွန်ဆာပေးထားတဲ့ “စပွန် ဆာပါတီ”တွေ၊ “စပွန်ဆာလွှတ်တော်အမတ်တွေ” ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။
ဒီလိုပါတီကို ဘယ်လိုခွဲခြားမလဲ။
ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့နောက်တော်ပါ (၁၂)ပါတီကိုတော့ သူတို့ကိုယ်သူတို့ စာရင်းပြုစုပြီး အကြိမ်ကြိမ်ဖော်ပြခဲ့ပြီးပြီမို့ အဆိုပါ (၁၃) ပါတီစာရင်းကို အလွယ်တကူသိနိုင်၊ မြင်နိုင်နေကြပါပြီ။ ကျန်တဲ့ပါတီတွေကို ဘယ်လိုစည်းခြားကြမလဲ။ အောက်ပါအချက်တွေနဲ့ ခွဲခြားသတ်မှတ်နိုင်ပါလိမ့်မယ်။
– စစ်တပ်ကိုချုပ်ကိုင်ပြီး စစ်အုပ်စုက နိုင်ငံရေးမှာ ချယ်လှယ်နေတဲ့ အချက်အပေါ် ထိုပါတီက ဘယ်လိုသဘောထားသလဲ။
– ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး (ဝါ) အခြေခံဥပဒေအသစ်ရေးဆွဲရေးကို တည်တည်ကြည်ကြည် ရပ်တည် ကိုင်စွဲထားသလား။ အဆိုပါ ပါတီရဲ့နောက်ခံသမိုင်းကြောင်း၊ ပါတီဦးဆောင်သူတွေရဲ့သမိုင်းကြောင်း။
– ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တည်တည်ကြည်ကြည်နဲ့ တစ်သမတ်တည်း ရပ်တည်တောင်းဆို တိုက်ပွဲဝင်နေသ လား။
– လတ်တလောပေါ်ပေါက်လာတဲ့ လွှတ်တော်တွင်း/လွှတ်တော်ပြင်ပ အငြင်းပွားမှုတွေ၊ ပြည်သူလူထု လက်ငင်းကြုံတွေ့နေရတဲ့ ကိစ္စတွေမှာ ဘယ်လိုတာဝန်ယူမှုရှိရှိနဲ့ ရပ်ခံပြောဆိုသလဲ၊ ဘယ်လိုအရေးဆို တိုက်ပွဲဝင်နေသလဲ။
ဆိုတဲ့အချက်တွေကို ကြည့်ပြီးလည်း အမျိုးအစား ခွဲခြားနိုင်ပါလိမ့်မယ်။
ဒီနေရာမှာ အထူးသတိပြုသင့်တဲ့ အချက်တစ်ခုကတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ (နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အပါ အဝင်) အခြားတည်ဆဲဥပဒေတွေကို ထိန်းသိမ်းကာကွယ်/လေးစားလိုက်နာပါမယ်”လို့ ဝန်ခံကတိပြု လက်မှတ်ရေးထိုးထားကြရ တဲ့ ဘဝတူတွေအချင်းချင်း၊ အရင်းခံကျတဲ့ ဥပဒေတွင်းလုပ်ငန်းဖြစ်တဲ့ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး (ဝါ) အခြေခံဥပဒေ အသစ်ရေးဆွဲရေး”ကို ဦးမတည်နိုင်ဘဲ၊ တစ်ပါတီနဲ့တစ်ပါတီ၊ ပါတီတစ်ခုထဲအတွင်းမှာ၊ တိုင်းရင်းသားလူမျိုးတစ်မျိုးထဲအတွင်းမှာ အချင်းအချင်း အပြန်အလှန်ထိုးနှက်နေကြမယ်၊ ကလော်ထုတ်နေကြမယ်၊ တစ်စင်ထောင် ခွဲထွက်နေကြမယ်ဆိုရင်တော့ စစ် အုပ်စုအတွက်သာ မုချအကျိုး ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
အခုတလော သတင်းတွေထဲမှာ ပါတီခွဲထောင်တာ၊ အချင်းချင်းထုတ်ပယ်ပစ်တာ၊ ပါတီဝင်အဖြစ်က ရပ်စဲပစ်တာ၊ နှုတ်ထွက်တာ စတဲ့၊ စတဲ့သတင်းတွေ ကြားလာနေရပါတယ်။ စစ်အုပ်စုက စည်းဝိုင်း ဝိုင်းပေးထားတဲ့ ဘောင်ကလေးထဲမှာ အချင်းချင်း ခေါင်း ချင်းခွေ့နေကြတာဟာဖြင့် အမြော်အမြင်မဲ့ရာရောက်ပြီး အကျိုးမဲ့မှု၊ မိုက်မဲမှုမှန်းသိလျက်နဲ့ ဇွတ်တိုးပြုလုပ်နေကြတာမျိုးသာ ဖြစ် ပါလိမ့်မယ်။