Home သတင်း ကရင်စာ KG ဆရာဖြစ်သင်တန်း ရန်ကုန်တိုင်း စာယဉ်ဖွင့်လှစ်

ကရင်စာ KG ဆရာဖြစ်သင်တန်း ရန်ကုန်တိုင်း စာယဉ်ဖွင့်လှစ်

2718

ဇူလိုင် ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် ယခုပညာသင်နှစ်အတွင်း စတင်သင်ကြားမည့် ကရင်စာ KG တန်းအတွက် ဆရာဖြစ်သင်တန်းကို ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦးစီးကာ ဇူလိုင် ၄ ရက်မှ ၈ ရက်‌နေ့ထိ အလုံမြို့နယ်၊ အလုံကျမ်းစာ‌ကျောင်းဝင်းခန်းမ၌ ဖွင်လှစ်လျက်ရှိသည်။

အဆိုပါ သင်တန်းကို လက်ရှိ အစိုးရပညာ‌ရေးမူဝါဒအရ မူလတန်းအကြို KG တန်း(ယခင်သူငယ်တန်း)ကို သင်ကြားမှု ပုံစံအသစ်အဖြစ် သင်ကြား‌နေသည့်အ‌ပေါ် ကရင်စာကို KG စနစ်သစ်အတိုင်း သင်ကြားနိုင်‌ရေး ရည်ရွယ်ကာ ယခုလို ဆရာဖြစ် သင်တန်းဖွင့်လှစ် ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းစာယဉ် အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ပြောသည်။

သူက “ အခု အစိုးရရဲ့ ပညာ‌ရေးမူဝါဒ အရ KG တန်းကစပြီး ပုံစံအသစ်နဲ့ သင်ကြား‌နေတယ်။ ဒီလိုပဲ ကရင်စာ ကို လက်ရှိပညာ‌ရေး မူဝါဒနဲ့ သင်နိုင်‌အောင် အခုလို ဆရာဖြစ်သင်တန်းဖွင့်လှစ်တာဖြစ်တယ်။ ဒီသင်တန်းဆင်း ‌တွေက ဆိုင်ရာမြို့နယ်‌တွေမှာ ဆင့်ပွားပြန်သင်‌ပေးသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်‌နေ့ နံနက်ပိုင်းတွင် အဆိုပါ ခန်းမ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် သာသနာနယ်မှ ဆရာ‌တော်ကြီးများ၊ တိုင်းစာယဉ်ဥက္ကဌ၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင် တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ တိုင်းစာယဉ် နာယက ‌စောထွန်း‌အောင်မြင့်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ စာယဉ်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသား စုစု‌ပေါင်း ၁၅ဝ ဦးခန့် တက် ‌ရောက်ခဲ့သည်။

၅ ရက်ကြာ ဖွင့်လှစ်မည့် သင်တန်းတွင် ကရင်စာKG သင်ရိုးညွှန်းတမ်းကို သိရှိပြီးလက်‌တွေ့ အသုံးချနိုင်ရန်၊ သင်ရိုးတွင် ပါဝင်သည့် ကဗျာ၊ သီချင်း၊ ပုံပြင်များကို သင်ကြားမည့် ဆရာကိုယ်တိုင် လက်‌တွေ့ အသုံးပြုနိုင်ရန်၊ သင်ရိုးကို အစီစဉ်တကျ‌ရေးဆွဲပြီး က‌လေးငယ်များ စိတ်ဝင်စားလာ‌အောင် သင်ကြားနိုင်‌ရေးနှင့် သင်‌ထောက်ကူ ပစ္စည်းများကို ကိုယ်တိုင်ပြုလုပ် အသုံးပြုတတ်ရန်၊ ကရင်သမိုင်းနှင့် ‌ဝေါဟာရများကို တိကျစွာ သိရှိပြီး ပြန်လည် သင်ကြားနိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်ရန်အတွက် ရည်ရွယ် သင်ကြား‌ပေးသွားမည်ဟု သင်တန်းနည်းပြ တစ်ဦးဖြစ်သူ ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ကရင်စာသင်ကြား‌ရေးဌာနမှ ဒါရိုက်တာ ‌နော်နီးထားက ‌ပြောသည်။

အဆိုပါ သင်တန်းသို့ ပိုးကရင်နှင့် စ‌ကောကရင် သင်တန်းသူ၊ သင်တန်းသား စုစု‌ပေါင်း ၈၃ ဦးတက်‌ရောက်‌နေပြီး သင်တန်း ကုန်ကျစရိတ်များအတွက် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့က ကျပ် ၆၄ သိန်း‌ကျော်နှင့် ကရင်ဝန်ထမ်း‌ဟောင်းများ အဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ‌စောပလာတူးက ကျပ် ၂ သိန်းစီ ထည့်ဝင်လှူဒါန်းခဲ့သည်ဟု တိုင်းစာယဉ်တာဝန်ရှိသူများထံမှ သိရသည်။