ဇွန် ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာ ကွက်သစ်နေအိမ်တစ်လုံးတွင် ဇွန်လ ၄ ရက်နေ့က စိတ်ကြွ ရူးသွပ်ဆေးပြား (ယာဘ) ၁၉၈,ဝဝဝ ပြား ဖမ်းဆီးရမိခဲ့သည်ဟု တံခွန်တိုင် နယ်မြေရဲစခန်းစခန်းမှူး စောအောင်ဝင်း ထိုက်က ဇွန်လ ၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ခလယ်ကွက်သစ်နေ စောငကျားနှင့် ဇနီး နောင်ကလောင်ကလိုင့်တို့၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ ပြည်နယ် မှုခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ မြေအောက်ခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈,ဝဝဝ ပြား၊ ဖုန်းတစ်လုံး၊ မြန်မာ ကျပ်ငွေ ၁၅သိန်းကျပ်နှင့် မော်တော်ယာဉ်တစ်စီး ရှာဖွေဖမ်းဆီးရမိပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂ဝ(က)/၂၁ အရ အရေးယူထားကြောင်း တံခွန်တိုင်နယ်မြေရဲစခန်းမှ သိရသည်။