Home ဆောင်းပါး “အိုးသူကြီး” ဘဝက‌နေ ပိုးကရင်အဆို‌တော်ဖြစ်လာသူ “ကွာဖလူး”

“အိုးသူကြီး” ဘဝက‌နေ ပိုးကရင်အဆို‌တော်ဖြစ်လာသူ “ကွာဖလူး”

4566

စဖန်း‌ရှောင်း

(ဇွန်လ ၆ရက်၊ ၂၀၁၇ခုနှစ်)

ကရင်အနုပညာ‌လောကမှာ ပရိဿတ်‌တွေအကြား တမူထူးခြားတဲ့ ဟန်ပန်‌တွေ၊ သီချင်းစာသား‌တွေ၊ သံစဉ်‌တွေနဲ့ အထူးသဖြင့် (ပိုး)ကရင်ပရိဿတ်‌တွေအကြား လက်ခံအား‌ပေးတဲ့ ကရင်အဆို‌တော်တစ်‌ယောက် ရှိပါတယ်။ ကရင်သီချင်း‌တွေ သီဆို‌နေဆဲ ဖြစ်တဲ့ ဒီအဆို‌တော်ဟာ အိုးသူကြီးဘဝက‌နေ မိမိ ဝါသနာပါတဲ့ အနုပညာကို တစိုက်မတ်မတ် ကြိုးစားလုပ်‌ဆောင်လာခဲ့ပြီးမှ ပရိဿတ်ရဲ့ အား‌ပေးမှုကို လက်ခံရရှိခဲ့သူ‌ပေါ့။

သူက‌တော့ ပိုးကရင်အဆို‌တော် “ကွာဖလူး”ပဲ ဖြစ်ပါတယ်။ အ‌ဆောင် အိုးသူကြီးဘဝက‌နေ အဆို‌တော်ဖြစ်လာသူအ‌နေနဲ့ မ‌အောင်မြင်ခင်အချိန်က ခက်ခဲပင်ပန်း ဆင်းရဲတဲ့ အတိတ်ကာလဆိုတာ ရှိစမြဲ‌ပေါ့။ သူ့ရဲပိုးကရင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ခူးမိုး ကိုင်(ထီးစုတ်) သီချင်း‌လေးနဲ့ ပရိဿတ်ရဲ့ လက်ခံမှုကိုရရှိလာတဲ့ ကွာဖလူးကလည်း အဲဒီအထဲမှာ တစ်ဦးအပါအဝင်ပါ။

ကွာဖလူး နာမည်အရင်းက‌တော့ ‌စောလှဝင်းကြည် ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖားအံမြို့နယ် ရဲသာ‌ကျေးရွာအုပ်စု၊ က‌မော့က စင်ရွာဇာတိဖြစ်ပြီး ‌မွေးချင်း‌မောင်နှမ ၆‌ယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးဖြစ်သလို သူ့နာမည်ကလည်း ထူးခြားပါတယ်။ တခြား အဆို‌တော်‌တွေလို နာမည်လှလှ‌လေး‌တော့ မဟုတ်ဘူး‌ပေါ့။ “ကွာ”ဆိုတာ ပိုးကရင်လို ပုဆိန်၊ “ဖလူး”ဆိုတာ ကျွတ်ထွက်သွား တာ ဖြစ်ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်‌တော့ ‘ကျွတ်ထွက်‌နေတဲ့ ပုဆိန်ရိုး’လို့ အဓိပ္ပာယ်ရပါတယ်။

ကရင်‌တွေထဲမှာ အသားဖြူသူ‌တွေ များတယ်လို့ အများထင်ထားသလိုမဟုတ်ဘဲ အမည်း‌ရောင်သန်းတဲ့ အသားအ‌ရေနဲ့ ပိန်ပိန် ရှည်ရှည် အရပ်အ‌မောင်းကို ပိုင်ဆိုင်ထားသူပါ။ အနုပညာမျိုးရိုးမရှိ‌ပေမယ့်လို့ ငယ်ငယ်ကတည်းက သီချင်းဆို ဝါသနာပါတဲ့ ကွာဖလူးဟာ တချို့‌သော အနုပညာရှင်‌တွေလို အဆိုပညာ၊ အ‌ရေးပညာ စတဲ့အနုပညာနဲ့ပတ်သက်တဲ့ အ‌ခြေခံသင်ကြားမှု‌တွေ အတွက် ‌ငွေကုန်‌ကြေးကျခံကာ သင်ယူနိုင်တဲ့ အခွင့်အ‌ရေး‌တွေ အ‌ခြေအ‌နေ‌တွေ မရှိခဲ့ဘူးလို့လည်း ‌ပြောပြပါတယ်။

“အရင်‌ခေတ်က ကျ‌နော်တို့ရွာမှာ မိ‌ကျောင်း(တံဆိပ်) စက်ဘီးဝယ်စီးနိုင်တဲ့သူက‌တော့ သူ‌ဌေးပဲ။ ကျ‌နော်က‌တော့ မဝယ်နိုင် ‌တော့ ‌ကျောင်းတက်တာ‌တောင် ရွာက‌နေ ဖားအံကို လမ်း‌လျှောက်ပြီး ‌ကျောင်းတက်ရတာ‌ပေါ့။ သီချင်း‌ရေးတာ၊ ဆိုတာကို‌တော့ ငယ်ငယ်ကတည်းက ဝါသနာပါ‌တော့ အ‌နောက်တိုင်းသံစဉ်ကို ပိုပြီးစိတ်ဝင်စားတဲ့ ကျ‌နော်အ‌နေနဲ့ သီချင်း‌ရေးတာလုပ်ဖို့က အရင်ဆုံး ဂစ်တာတီးသင်ပါတယ်။ သင်ပြ‌ပေးမယ်သူ မရှိ‌တော့ ကျ‌နော့်ဆရာက စာအုပ်‌ပေါ့။ အဆို‌တော်ပိုးဒါလီသိန်းတန်ရဲ့ အ‌ဖေ မြန်မာပြည်သိန်းတန်ရဲ့ ဂီတာတီးခတ်နည်းစာအုပ်‌တွေထဲကပဲ စပြီး ဂီတာတီးနည်း လက်ကွက်‌တွေကို သင်ယူ‌လေ့လာခဲ့ ရပါတယ်”

ဒီလိုနဲ့ သူဟာ အတန်းပညာသင်ကြားရင်း တစ်ဖက်က မိမိဝါသနာပါရာကို ကြိုးစားသင်ယူခဲ့ပါတယ်။ နဝမတန်း တက်‌ရောက်တဲ့ နှစ်မှာ ဖားအံမြို့ အထက (၄) အ‌ခြေခံပညာအထက်တန်း‌ကျောင်းကို ‌ပြောင်း‌ရွှေ့ပညာသင်ကြားခဲ့ရပါတယ်။ ဒဿမတန်းအထိ သာ ပညာသင်ကြားခဲ့ရတဲ့ သူ့အ‌နေနဲ့ ဖားအံမြို့မှာရှိတဲ့ ကရင်‌ကျောင်းသူ‌ကျောင်းသားများ‌ဘော်ဒါ‌ဆောင် (KSC)မှာ အိုးသူကြီး လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်‌နေရင်းက‌နေ “ကွာဖလူး”ရယ်လို့ ကရင်ပရိဿတ်‌တွေ လက်ခံအား‌ပေးတဲ့ အဆို‌တော်တစ်‌ယောက်ဖြစ်ဖို့ အစပြုမှုတစ်ခု ဖြစ်လာပါ‌တော့တယ်။

“ကျ‌နော်က‌တော့ အ‌ဆောင်မှာ ဘာမှမဟုတ်ဘူး။ အိုးသူကြီးပဲ။ အ‌ဆောင်မှာ‌နေရင်း အိုးသူကြီးလုပ်ရင်းနဲ့ ကျ‌နော် ည‌နေဘက် ဆို ဂစ်တာတီးပြီး သီချင်းအမြဲဆိုတယ်။ အ‌ရှေ့ပိုးကရင်သီချင်း‌တွေ‌ပေါ့။ အဲဒီမှာ တခြားသူ‌တွေက ကျ‌နော်ကိုယ်တိုင်‌ရေးပြီး ဆိုတဲ့သီချင်းကိုကြား‌တော့ အား… နင့်ဥစ္စာ တယ်‌ကောင်းပါလားတဲ့။ တစ်ခါမှ မကြားဖူးဘူးတဲ့။ အ‌ခွေထုတ်ပါလား။ ဘာညာနဲ့ ဝိုင်း‌ပြောတာက‌နေ တခြားသူ‌တွေရဲ့ လက်ခံမှုတစ်ခုရခဲ့ပါတယ်”

အဲဒီအချိန်တုန်းက ကရင်အနုပညာ‌လောကမှာ မယ်ဒလင်တီးသီဆိုရတဲ့ သီချင်း‌တွေသာ ‌ရေပန်းစား‌နေဆဲဖြစ်‌နေတာမို့ သူ့ရဲ့ ဒီလိုထူးခြားတဲ့ ‌ခေတ်‌ပေါ်သံစဉ်နဲ့ ကရင်သီချင်းဖန်တီးမှုဟာ ကရင်ပရိဿတ်‌တွေအတွက် အ‌ပြောင်းအလဲ‌လေးတစ်ခု‌တော့ ဖြစ် ‌ပေါ်‌စေခဲ့ပါတယ်။ ဒါ‌ပေမယ့် အသံသွင်းဖို့ စတူရီယိုက ဖားအံမြို့မှာမရှိ။ ‌ငွေ‌ကြေးလည်းမတတ်နိုင်။ အဲဒိ‌တော့ ဝါသနာအရ ‌ရွေး ချယ်ခဲ့တဲ့ သူ့အနုပညာလမ်း‌ကြောင်း အစပြုမှုက အခက်အခဲ‌တွေနဲ့ပါပဲ။

သူငယ်ချင်း‌တွေ အကူအညီနဲ့ Lover Boy ဆိုတဲ့တီးဝိုင်း‌လေးဖွဲ့လိုက်တဲ့ သူ့ရဲ့ကြိုးစားမှုရလဒ်က‌တော့ ‌အောင်မြင်မှုမရတာနဲ့ပဲ အစပြုခဲ့ရပါတယ်။ ဆုံးရှုံးမှု‌တွေနဲ့ စလိုက်ရတဲ့ သူ့အနုပညာအလုပ်ကို ကြံ့ကြံ့ခံ ဆက်‌လျှောက်ရင်း ‌နောက်ဆုံး ၂၀၀၄ခုနှစ် ‌လောက်မှာ သူရယ်၊ သူငယ်ချင်း‌တွေဖြစ်တဲ့ ဆိပ်‌ဖောင်ရယ်၊ စီ‌စောဟိန်ရယ် ၃ဦးပါဝင်သီဆိုထားတဲ့ ပထမဆုံး‌သော ခူးမိုးကိုင် (ထီးစုတ်) သီချင်းတိပ်‌ခွေကို ရန်ကုန်မှာ အသံသွင်းပြီး ဖြန့်ချိနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံးပွဲဦးထွက် ခူးမိုးကိုင်သီချင်း‌ခွေဟာ ကရင်ပြည်နယ်အတိုင်းအတာအရ အ‌ခွေ ၅၀၀၀‌ကျော်အထိ ‌အောင်မြင်စွာ ဖြန့်ချိနိုင်ခဲ့သလို ထိုင်းနိုင်ငံ‌ရောက် ကရင်လူမျိုးများရဲ့ ပါးစပ်ဖျားမှာ အထူး ‌ရေပန်းစားပြီး အား‌ပေးမှုရတဲ့အထိ ‌ပေါက်ခဲ့တဲ့သီချင်း ‌ခွေ ဖြစ်ပါတယ်။ အဲဒီသီချင်း‌ခွေကို ဗီစီဒီအဖြစ် ပြန်လည်ပုံ‌ဖော် ရိုက်ကူးလိုက်ရာမှာ‌တော့ ‌အောင်မြင်မှု ပိုမိုရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း၊ မ‌လေးရှားနိုင်ငံများသို့လည်း သွား‌ရောက်‌ဖျော်‌ဖြေမှု‌တွေပြုလုပ်ခဲ့ရပါ‌သေးတယ်။

သူ့သီချင်း‌တွေဖြစ်တဲ့ ခူးမိုးကိုင်၊ မူး‌နောင်ရှား(အပျိုကြီး)၊ ‌အောဆွန်းလာဆိုင် ဒုံ‌ဘောင်‌ကောက်(မဂင်္လာပါ မြို့ဘန်‌ကောက်)၊ မာဖလူးရယ် သီးကသီး(ငါ့ကို ရူးသွပ်‌စေတဲ့ မြင်း‌ဆေး)၊ သာဝါထိုးယို မွယ်စအဲ(ရင်ခုန်မိတာ အချစ်ပဲ)၊ စတဲ့ ပိုးကရင်‌လေး‌တွေ ဟာ သူ့ကို ကွာဖလူးရယ်လို့ ယ‌နေ့အချိန်အထိ ကရင်ပရိဿတ်‌တွေ လက်ခံအား‌ပေးမှု ရယူနိုင်ခဲ့တဲ့ သီချင်း‌တွေပဲဖြစ်ပါတယ်။ ဆယ်‌ကျော်အရွယ်ကတည်းက သီချင်းစ‌ရေးတဲ့ သူ့အ‌နေနဲ့ ပိုးကရင်သီချင်း‌ပေါင်း တစ်ရာ‌ကျော်‌ရေးစပ်ခဲ့ပြီး ကိုယ်ပိုင်အယ်လ် ဘမ် ၂ချပ်၊ အတွဲ‌ခွေ‌ပေါင်း ၂၀‌ကျော်မှာ ပါဝင်သီဆိုခဲ့ပြီးဖြစ်ပါတယ်။

သူ‌ရေးစပ်ခဲ့တဲ့သီချင်း‌တွေထဲက တစ်ချို့ဟာ အရင်‌ခေတ်အ‌ခြေအ‌နေအရ အာဏာပိုင်‌တွေရဲ့ ‌ခေါ်ယူ‌မေးမြန်းမှုခံခဲ့ရပြီး သီချင်း တစ်ပုဒ်‌ကြောင့် ပြဿနာ‌ဖြေရှင်းခဲ့ရတဲ့အဖြစ်‌တွေ ရှိခဲ့ဖူးတယ်လို့‌ပြောပြပါတယ်။ အဲဒီသီချင်းနာမည်‌တွေကို‌တော့ ထုတ်‌ဖော်ပြဖို့ သူက‌တော့ ခွင့်မပြုပါဘူး။ ယ‌နေ့အချိန်အထိလည်း နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ‌ခေတ်အ‌ခြေအ‌နေအရ ပရိသာတ်‌ရှေ့ ထုတ်‌ဖော်သီဆို ဖို့ အခွင့်မသာ‌သေးတဲ့၊ အခွင့်မသာ‌တော့တဲ့ သီချင်း‌လေး‌တွေ ရှိ‌နေတုန်းပဲလို့ သူက ‌ပြောပြပါတယ်။

ကရင်လူမျိုးတို့ရဲ့ မူလဗီဇ ဝိ‌သေသအတိုင်း ဟိတ်ဟန်မရှိ၊ ပွင့်ပွင့်လင်းလင်း ‌ပြောဆိုတတ်သူ၊ ‌အေး‌ဆေးစွာ‌နေတတ်သူ ‌အောင် မြင်တဲ့အဆို‌တော်ဖြစ်‌ပေမယ့် ‌ငွေ‌ကြေးချမ်းသာတယ်လို့ ထင်မိသူ‌တွေအတွက်က‌တော့ အမှားကြီးမှား‌နေပြီလို့သာ ‌ပြောရမှာပါ။ သူ့အိမ်‌ရောက်သွားတဲ့အခါမှာ‌တော့ သက်ရှိထင်ရှားရှိ‌နေဆဲဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အိမ်ခြံဝင်းထဲက ၁၀‌ပေ ပတ်လည်‌လောက်သာရှိ တဲ့ အင်ဖက်မိုးနဲ့ သစ်အကာ ကျိုးတိုးကျဲတဲ အိမ်‌လေးမှာ တစ်‌ယောက်တည်း‌နေရင်း ခြံထဲက သီးပင်စားပင်‌တွေ စိုက်ပါတယ်။ စိုက်ထားတဲ့ အသီးအနှံ‌လေး‌တွေကို ‌ဈေးမှာသွား‌ရောင်းရင်း တစ်ဖက်တစ်လမ်းက‌နေ ဝမ်း‌ရေး‌ဖြေရှင်းရတယ်လို့လည်း သူက ‌ပြောပြပါတယ်။

ဒါက တစ်ချို့‌သော ကရင်အနုပညာရှင်‌တွေရဲ့ တကယ့်လက်‌တွေ့ဘဝမှာ ရင်ဆိုင်‌တွေ့ကြုံ‌နေရတဲ့ အမှန်တရား‌တွေ‌ပေါ့။ အနု ပညာဖန်တီးမှု‌တွေကို အလွဲသုံးစားလုပ်တဲ့ ခိုးကူး‌ခွေပြဿနာ‌တွေ ‌ခေတ်ထလာချိန်မှာ သူတို့ရဲ့ အနုပညာဖန်တီးမှုသာမက၊ ဝါသနာအရ ဒီလမ်းကို‌ဖောက်၊ ဒီလမ်းကို‌လျှောက်ပြီး အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရသူ ကရင်အနုပညာရှင်‌တွေအတွက်က ‌တော့ တကယ်ကို ဘဝရပ်တည်ရ ခက်ခဲတဲ့အ‌ခြေအ‌နေတစ်ခု ဖြစ်လာလို့‌နေပါတယ်။

သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုအ‌ကြောင်းကို ‌ပြောပြတာက‌တော့ သီချင်း‌ရေးတယ်။ ကရင်လက်ချည်ပွဲ၊ ကရင်နှစ်သစ်ကူးပွဲ ‌တွေ အပါအဝင် အသိမိတ်‌ဆွေ‌တွေ ဖိတ်ကြားသလို ပွဲ‌တွေမှာ သူ ကြိုက်နှစ်သက်တဲ့ သီချင်း‌လေး‌တွေနဲ့ သီဆို‌ဖျော်‌ဖြေပါတယ် တဲ့။ ထိုနည်းတူစွာပဲ သူတို့‌ခေတ်၊ သူတို့အချိန်နဲ့ ယ‌နေ့‌ခေတ်အခါ လုံးဝ ခြားနားသွားပြီဖြစ်တာကို သူ သ‌ဘော‌ပေါက်နားလည် သလို အနုပညာနဲ့ ပတ်သက်လို့ ဖြတ်သန်း‌တွေ့ကြုံခဲ့ရတဲ့ အ‌ခြေအ‌နေ‌တွေကို ပြန်လည်မျှ‌ဝေရင်း မျိုးဆက်သစ် ကရင်လူငယ် အနုပညာရှင်‌တွေအတွက် သူက အခုလိုပဲ အား‌ပေးစကား‌ပြောပါတယ်။

“အရင်တုန်းက ကျ‌နော်တို့အတွက် တအား အခက်အခဲရှိတယ်။ ဖားအံမှာ စတူရီယိုမရှိဘူး။ ရန်ကုန်ကိုတက်၊ ဘုန်းကြီး‌ကျောင်း မှာ ခိုကပ်စားပြီး သီချင်းသွင်းရတဲ့ဘဝ။ အသံသွင်းမယ်ဆို နှစ်ခါ သုံးခါပဲ မှားခွင့်ရှိတယ်။ ဂျုတီချိန်လည်း များများမယူနိုင်ဘူး၊ ပိုက်ဆံမှ မရှိပဲဟာ။ အခု‌ခေတ်လို ကွန်ပြုတာနဲ့က အခုမှား ပြန်ဖျက်ပြီး ပြန်ဆိုလို့ရတာမဟုတ်ပါဘူး။ အခုဆို ဖားအံမှာ‌တောင် အစုံရှိ‌နေပြီ‌လေ။ ‌ခေတ်က‌လေး‌တွေကလည်း တအား‌တော်ကြပါတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ‌ဇောက်ချလုပ်ကိုင် ရင် တစ်‌နေ့‌အောင်မြင်မှုရမှာပါ”

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ရှမ်းအဆို‌တော် စိုင်းထီးဆိုင်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နာမည်ကြီးအဆို‌တော်‌လေးဖြူတို့ကို အားကျအတုယူခဲ့ရတဲ့ အသက် ၃၉နှစ်အရွယ် လူပျိုကြီးဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူ နှုတ်ခမ်း‌မွေးကားကားနဲ့ ကရင်အဆို‌တော် ကွာဖလူးက‌တော့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝ‌ရေလှိုင်း‌တွေကြားထဲက‌နေ သူချစ်တဲ့ ကရင်လူမျိုးအတွက် သီချင်း‌လေး‌တွေ‌ရေး‌နေ ရင်း သီဆို‌နေရင်းနဲ့ပဲ သူ ဝါသနာပါရာ၊ ယုံကြည်ရာ‌ရောက်ဖို့အတွက် မ‌လျှော့‌သောဇွဲနဲ့ ‌အေး‌ဆေးတည်ငြိမ်စွာ ‌လှော်ခတ်သွား‌နေ ပါတယ်။