ဇွန် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
တိုင်းရင်းသား ဒေသများတွင် ရှိရင်းစွဲ ကျန်းမာရေးစနစ်ကို လေးစားအသိအမှတ်ပြုရန် အပါအဝင် အချက်လေး ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို တိုင်းရင်းသားကျမ်းမာရေး အဖွဲ့အစည်း ၂၃ ဖွဲ့က စုပေါင်းကာ ဇွန် ၂၃ ရက် နေ့တွင် သဘောထား ထုတ်ပြန်တောင်းဆိုလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် ပြောင်းလဲနေသည့် နိုင်ငံရေးဖြစ်စဉ်နှင့်အညီ ကျန်းမာရေးဆိုင်ရာ မူ ဝါဒ၊ စနစ်၊ မဟာဗျူဟာ ရေးဆွဲချမှတ်ရာတွင် တိုင်းရင်းသား လူထုအခြေပြုကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ် ကြားကာလအတွင်း ကျန်းမာရေး စီမံကိန်းများ ချမှတ်ရာတွင် ၎င်းတို့၏ ရှိရင်းစွဲ ဖွဲ့စည်းမှုစနစ်ကို လေးစားအသိအမှတ်ပြုရန်၊ တိုင်းရင်းသားဒေသတွင် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲရန်နှင့် ကျန်းမာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချသွားရန် စသည့် အချက်များ ပါဝင်သည်။
နယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဥက္ကဌ စောနေထူးက “အစိုးရရဲ့ကျန်းမာရေးစနစ်က ဗဟိုချုပ်ကိုင်မှုလုံးလုံး ရှိတဲ့ စနစ်တစ်ခုဖြစ်တယ်။ တစ်တိုင်းပြည်လုံးက လူထုအားလုံး ကျန်းမာရေးဝန်ဆောင်မှု တွေကိုလက်လှမ်းမီနိုင်အောင်လုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားဒေသမှာ သူရဲ့ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်ရှိတယ်။ တိုင်ရင်းသားဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေလာဖော်ဆောင်ဖို့က အစိုးရမှာ မူဝါဒပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာနဲ့လူသားအရင်းအမြစ်က အားနည်းနေတယ်” ဟု ကေအိုင်စီသို့ ဇွန် ၂၃ ရက်နေ့တွင် ပြောသည်။
အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီနိုင်သောကျန်းမာရေးစနစ်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ကျန်းမာရေးဆိုင်ရာ မူသဘောထားကို လက်ခံဆောင်ရွက်ရန် သဘောတူ ထားသော်လည်း ၎င်းတို့၏ ကျန်းမာ ရေးဆိုင်ရာမူဝါဒ၊ စနစ်၊ ဒေသခံတိုင်းရင်းသားလူထုကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းရွက်မှုအားနည်းခြင်း၊ အာဏာခွဲဝေ အုပ်ချုပ်မှု မရှိခြင်းတို့ကြောင့် တိုင်းရင်းသား ဒေသများတွင် ကျန်းမာရေး အခြေအနေ အလွန် ဆိုးဝါးစွာ ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများအပေါ် အစိုးရကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အတိုင်းအတာတစ်ခုအထိ နားလည်လက်ခံသော်လည်း စနစ်တစ်ခုလုံးကို လက်ခံနိုင်ရန် များစွာ ခဲယဉ်းနေကြောင်း၊ အစိုးရကျန်းမာရေးစနစ်နှင့် တိုင်းရင်းသား ကျန်းမာရေးစနစ်တို့ ဘုံကျန်းမာရေးစနစ်တစ်ခု ဖြစ်လာနိုင်ရေးအချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည့် အချိန်မှဖြစ်မည်ဟု စောနေထူးက ဆက် ပြောသည်။
တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း ၂၃ဖွဲ့တွင် ထိုင်း-မြန်မာနယ်စပ် အခြေစိုက်လူထုအခြေပြု ကျန်းမာရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအပြင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်၊ ကိုးကန့်၊ ဝ၊ မိုင်းလားစသည့် တိုင်းရင်းသားကျန်းမာရေး မဟာမိတ်အဖွဲ့အစည်းများလည်း ပါဝင်သည်။
ကရင်နီ(ကယား)ပြည်နယ်အခြေစိုက် လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်၊ ညွှန်ကြားရေးမှူး ဖိလစ်က“ ပြည် တွင်းမှာ အလုပ်လုပ်တဲ့အခါ ကျနော်တို့ ဝန်ထမ်းတွေနဲ့ အစိုးရဘက်ကဝန်ထမ်းတွေ ထိပ်တိုက်တွေ့တာတွေ ရှိ တယ်။ ဥပမာအစိုးရဝန်ထမ်းတွေက တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေဆို တရားဝင်မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်ဝန်အပ်ရင် ငါတို့ဆီမှာပဲ အပ်ရမယ်၊ မွေးရင်ငါတို့ဆီမှာပဲမွေးရမယ်ဆိုပြီး မပြေလည်မှုတွေ ရှိတယ်။ တိုင်း ရင်းသား ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့နဲ့ အသိအမှတ်ပြုဖို့ အရေးကြီးတယ်”ဟု ပြောသည်။
တိုင်းရင်းသားကျန်းမာရေးအဖွဲ့ ၂၃ ဖွဲ့ မျက်နှာစုံညီအစည်းအဝေးကို ပြည်တွင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် မေ ၂ဝရက်မှ ၂၂ ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေ၌ ပြုလုပ်ခဲ့ပြီး စုံညီအစည်းအဝေး အပြီး တစ်လအကြာတွင် ယခုလို သဘောထားရပ်တည်ချက် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။