ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ(PC)ထံ လာရောက်ပူးပေါင်းသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA(ခွဲထွက်) အဖွဲ့ဝင် ၅ဦးကို ၎င်းတို့၏ တပ်ဖွဲ့ဝင်များအဖြစ် လက်ခံလိုက်ကြောင်း KNU/KNLA (PC)၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောကျော်ညွန့်က ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
“ဒီတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်း သူတို့အနေနဲ့ အေးအေးချမ်းချမ်းပဲ နေချင်ကြတယ်။ နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ သူတို့ လေးတွေကို အခုလို စောင့်ရှောက်ပေးမှုပေးလိုက်တာက ငြိမ်းချမ်းရေးအတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါ တယ်။ အဲဒီအတွက် လူကြီးတွေက တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးစောကျော်ညွှန့်က ပြောသည်။
၎င်း DKBA (ခွဲထွက်)အဖွဲ့ဝင် ၅ဦးမှာ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှု၊ ပျားပင်၊ နောင်ကိုင်းကျေးရွာများမှဖြစ်ပြီး ဒီဇင် ဘာလ ၁၂ရက်နေ့ ည ၁ဝနာရီအချိန်ခန့်တွင် AK အမျိုးအစား သေနတ် ၁လက်၊ AR အမျိုးအစား သေနတ် ၃လက်အပြင် ကျည် ၁၈၅တောင့်နှင့်အတူ KNU/KNLA(PC) ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ လာရောက်ပူးပေါင်းမှုကို KNU/KNLA(PC) အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ကော့ကရိတ်မြို့ အခြေစိုက်၊ အမှတ်(၁၂) စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် တပ်မမှူးထံ ဒီဇင်ဘာလ ၂၂ရက် (ယနေ့)နေ့စွဲဖြင့် အသိပေး အကြောင်းကြားစာ ပူးတွဲပေးပို့ခဲ့ သည်ဟုလည်း သိရှိရသည်။
DKBA (ခွဲထွက်)အဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မဲ့သဝေါဒေသတွင် အစိုးရတပ်မတော်၊ နယ်ခြားစောင့် တပ်-BGF တို့နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက်ပိုင်း မည်သည့်ကရင်လက်နက်ကိုင်အဖွဲ့ထံသို့ ပူးပေါင်းခြင်း မရှိခဲ့ ဘဲ ယခုကဲ့သို့ KNU/KNLA(PC)ထံ ပူးပေါင်းလိုက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
မဲ့သဝေါတိုက်ပွဲများဖြစ်ပွားပြီးနောက် အဆိုပါ DKBA တပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းမည်ဆိုပါက ကြိုဆိုလက်ခံကြောင်း ပြီးခဲ့ သည့် အောက်တိုဘာလ ၁၉ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
ယခင် KNU တပ်မဟာ(၇)၏ တပ်မဟာမှူးဟောင်း ဗိုလ်ချုပ်ကြီးစောထိန်မောင် ဦးဆောင်သည့် KNU/KNLA(PC)သည် ၂၀၀၇ခု နှစ်၊ ဖေဖော်ဝါရီလတွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သောအဖွဲ့ဖြစ်ပြီး အခြားသော တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားသည်။