ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ပြည်ပကရင်ကိုယ်စားလှယ်များပါဝင်မည့် ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်ကို လာမည့် ၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စတင်ကျင်းပသွားရန် အတည်ပြုသတ်မှတ်လိုက်ပြီ်ဖြစ်ကြောင်း သိရသည်။
KNU ဖားအံခရိုင်၊ သေဘေထာ၌ ဒီဇင်ဘာလ ၃ရက်နေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအ စည်းအဝေးမှ ကွန်ဂရက်ကျင်းပမည့်ရက်ကို အတည်ပြုသတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ကွန်ဂရက် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက အတည်ပြုပြောဆိုသည်။
၎င်းက“ကွန်ဂရက်ကျင်းပမယ့် ရက်အတိအကျကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ KNUရဲ့ EC (၁၁) ယောက်အနက် (၁၀)ယောက်ရဲ့ တညီအညွတ်တည်း အတည်ပြုဆုံးဖြတ်ချက်နဲ့ ကျင်းပမယ့်ရက်ကို သတ်မှတ် လိုက်တာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ယင်းကွန်ဂရက်သို့ ခရိုင်တစ်ခုလျှင် ကိုယ်စားလှယ်နှင့်လေ့လာသူအပါအဝင်စုစုပေါင်း ၂၅ ဦးတက်ရောက်ရန် သတ်မှတ်ထားပြီး ခရိုင် (၇)ခုရှိသည့်အတွက် ၁၇၅ဦး တက်ရောက်ကြမည်ဖြစ်သည်။ အခြားသော KNU ဋ္ဌာနဆိုင်ရာကိုယ် စားလှယ်များကို ဋ္ဌာနတစ်ခုချင်း၏ လူဦးရေအနည်းအများအလိုက် ကိုယ်စားလှယ် ဦးရေ သတ်မှတ်ထားကြောင်းလည်း သိရသည်။
အလားတူ ပြည်တွင်း ကရင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်ပရောက် ကရင်ကိုယ်စားလှယ်များအား ဖိတ်ကြားမည့်အစီအစဉ်များနှင့်ပတ်သက်၍ လတ်တလောတွင် ဆုံးဖြတ်နိုင်ခြင်းမရှျိသေးဘဲ ယင်းအစီအစဉ်များကို ဖိတ်ကြားရေးကော်မတီမှ တာဝန်ယူလုပ်ဆောင်သွားမည်ဟု KNUက ပြောသည်။
နိုဝင်ဘာလ ၁ဝရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် KNU၏ ၁၅ကြိမ်မြောက် ကွန်ဂရက်အပြီး ၅ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးမှ ကွန်ဂရက် ကျင်းပရေးကော်မတီအပါအဝင် ကော်မတီ(၁၀)ခု ဖွဲ့စည်းထားပြီး ၁၆ ကြိမ်မြောက် ကွန်ဂရက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယင်းကော်မတီများမှ တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ် သည်ဟု သိရသည်။



















