Home သတင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေး၌ အာဆီယံ‌ဒေသတွင်း(၇)နိုင်ငံမှ လူငယ်များပိုမိုပါဝင်လာရန် သ‌ဘောတူ

မြစ်‌ချောင်း‌စောင့်ကြည့်‌ရေး၌ အာဆီယံ‌ဒေသတွင်း(၇)နိုင်ငံမှ လူငယ်များပိုမိုပါဝင်လာရန် သ‌ဘောတူ

2082

ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

က‌မ္ဘောဒီးယားနိုင်ငံ၊ Svay Rieng မြို့၊ Prey Korki Biodiversity Resource Center ၌ ဒီဇင်ဘာ ၁ရက်မှ ၃ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ‌ဒေသတွင်းမြစ်‌ချောင်း‌စောင့်ကြည့်‌ရေးနှင့် ‌ဂေဟ‌ဗေဒဆိုင်ရာက‌လေးအခွင့်အ‌ရေးဖိုရမ်၌ ‌ဒေသတွင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့တွင် အာဆီယံ (၇)နိုင်ငံမှ လူငယ်များပိုမိုပါဝင်လာခဲ့ရာ ကွန်ရက်ချိတ်ဆက်လုပ်‌ဆောင်သွားရန် သ‌ဘောတူခဲ့ကြသည်ဟု သိရသည်။

မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ က‌မ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများမှ လူငယ်များပါဝင်သည့် အဆိုပါ ဖိုရမ်၌ အာဆီယံ‌ဒေသတွင်း (၇)နိုင်ငံမှ လူငယ်များသည် မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးကိစ္စရပ်များတွင် တစ်နို်င်ငံနှင့် တစ်နိုင်ငံအကြား ကွန်ရက်ဖြင့် ပိုမိုချိတ်ဆက်လုပ်ရန်ရည်ရွယ်ပြီး ကွန်ရက်အဖွဲ့တစ်ခုဖွဲ့စည်းခဲ့သည်ဟု ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့်‌ရေးအဖွဲ့-KRWGအဖွဲ့ဝင် ‌စောထူးထူးစတင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးကိစ္စ‌တွေမှာ လူငယ်‌တွေပါဝင်မှုနည်းတယ်လို့ သူတို့မြင်ကြတယ်။ ဒီအ‌ပေါ်ကျ‌နော်တို့က ကွန်ရက်ချိန်ဆက်မှု အဖွဲ့အသစ်တစ်ခုကိုတက်လာတဲ့ လူငယ်‌တွေက‌နေဖွဲ့လိုက်တယ်။ အင်တာနက် ချိတ်ဆက်မှုက‌နေ သံလွင်မြစ်နဲ့ မဲ‌ခေါင်မြစ်မှာ ဖြစ်‌ပေါ်လာတဲ့ကိစ္စရပ်‌တွေကို သတင်ဖလှယ်မှုကအစ ပိုမိုပူး‌ပေါင်း လုပ်‌ဆောင်နိုင်ဖို့အတွက်ပါ” ဟု ၎င်းက ဒီဇင်ဘာ ၅ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ၎င်းလူငယ်ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် သံလွင်မြစ်နှင့် မဲ‌ခေါင်မြစ်အတွင်းဖြစ်‌ပေါ်လာသည့် ‌ဂေဟ‌ဗေဒ စနစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကို အာဆီယံသဘာပတိထံသို့ ‌ပေးပို့သွားရန်လည်း သ‌ဘောတူခဲ့ကြသည်ဟု ‌စောထူးထူးက ဆက်‌ပြောသည်။

သုံးရက်တာ ပြုလုပ်သည့် ၎င်း ဖိုရမ်၌ တက်‌ရောက်လာသည့် နိုင်ငံ(၇)နို်င်ငံမှ မြစ်‌ချောင်း‌စောင့်ကြည့်‌ရေး အဖွဲ့ကိုယ်စားလှယ်များသည် ၎င်းတို့၏ လတ်တ‌လောလုပ်‌ဆောင်‌နေမှုများကို ချပြ‌ဆွေး‌နွေးခြင်းများနှင့် ‌ဂေဟစနစ်ချို့ယွင်းမှုမှ က‌လေးသူငယ်များ၏ အခွင့်အ‌ရေးဆိုင်ရာများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မြစ်‌ချောင်း‌စောင့်ကြည့်‌ရေး အဖွဲ့ဝင်ကိုယ်စားလှယ်များမှ တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း‌ကျောင်းသူ‌ကျောင်းသားများ၊ ‌ဒေသတွင်း NGO အဖွဲ့အစည်းများမှ လူငယ်များနှင့် ဂျာမဏီနိုင်ငံမှပညာရှင်အချို့အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ်(၆၀)‌ကျော်တက်‌ရောက်ခဲ့သည်။

‌ဒေသတွင်းမြစ်‌ချောင်း‌စောင့်ကြည့်‌ရေးနှင့် ‌ဂေဟ‌ဗေဒဆိုင်ရာ က‌လေးအခွင့်အ‌ရေးဖိုရမ်ကို က‌မ္ဘောဒီယားနိုင်ငံ၌ ပထမဦးဆုံးအကြိမ်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး လာမည့် ၂၀၁၇ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ဒုတိယအကြိမ်ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။