ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ(NMSP)တပ်ဖွဲ့ဝင်တို့သည် ဒီဇင်ဘာလ ၂ဝရက်၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် တနသင်္ာရီတိုင်းဒေသကြီး ရေဖြုမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာ ကြောင်လျှာကွေ့အရှေ့ဘက် တောင်ချိုတောင်ရှည်အနီးတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ ကေအဲန်ယူဘက်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။
ထိုပစ်ခတ်မှုမှာ KNU ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း(၁၆)ဌာနချုပ်တပ်ခွဲမှ တပ်ဖွဲ့ဝင်များနှင့် NMSP လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA) တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသွားသူ KNLA တပ်ရင်း(၁၆)ဌာနချုပ် ဒုတပ်ခွဲမှူး စောဒါးခုထူးက “ကြောင်လျှာကွေ့အရှေ့ဘက် တောင်ချိုတောင်ရှည်အနားမှာ ကျနော်တို့တပ်ဖွဲ့ဝင် လေးယောက်ထဲ ပြန်အတက်မှာ မွန်ပြည်သစ်ပါတီ တပ်ရင်း(၂) အင်အား ၂၀လောက် သူတို့ဘက်က လာပြီး အနီးကပ် စောင့်ပစ်တာ ကျနော့်ခေါင်း ရှပ်ထိသွားတယ်။ ကျနော်တို့က ပြန်နောက်ဆုတ်သွား တယ်ဆိုတော့ (၂)မိနစ်လောက်ပဲ ကြာတယ်”ဟု ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
KNU နှင့် NMSP တို့သည် ပြီးခဲ့သည် ၁၉၈၈ခုနှစ်က ဘုရားသုံးဆူဒေသတွင် နယ်မြေပြဿ နာကြောင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ကျော်အတွင်း ယခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့နှင့် ယခု ဒီဇင်ဘာလ ၂၁ရက်နေ့များတွင် ပစ်ခတ်မှု နှစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ ယခုပစ်ခတ်မှုတွင် မွန်ပြည်သစ်ပါတီဘက်မှ အင်အား ၂ဝခန့်၊ ကေအဲန်ယူဘက်မှ တပ်ဖွဲ့ ဝင် ၄ဦးတို့ဖြစ်ပြီး KNU ဘက်မှ ဒုတပ်ခွဲမှူးတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့သည်။
“အခု မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်နေတယ်။ မာန်အောင်တစ်ဝိုက်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒေ သမှာ သူတို့ဘက်က ပြန်အုပ်ချုပ်ချင်တဲ့သဘောပေါ့။ သံတမန်နည်းနဲ့ဖြေရှင်းမလား။ နိုင်ငံရေးအရ မဖြေရှင်းဘဲ စစ်ရေးအရ ဖြေ ရှင်းမယ်ဆိုရင်တော့ ကျနော်တို့က အထက်ကို ပြန်တင်ပြရမှာပေါ့။”ဟု KNU ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောမောင်ရွှေက ဒီဇင် ဘာ ၂၂ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် KNU ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်နှင့် KNU ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အကြား ဖြစ်ပြီး NMSP ၏ ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ်တွင် တည်ရှိသည့်အတွက် အုပ်ချုပ်ရေးနယ်မြေအရ အပြန်အလှန် အငြင်းပွားမှု များ ရှိနေခဲ့သည့် နယ်မြေဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူများက ပြောဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ-NMSP ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက “မာန်အောင်ကျေးရွာ အရှေ့ပိုင်း ကျနော်တို့က သစ်ထုတ်လုပ်ငန်းတွေ ပိတ်ထားတာရှိတယ်။ အဲဒီမှာ သစ်ခိုးလုပ်တာ သတင်းရလို့ သွားပြီးတော စိစစ်တာပေါ့။ အဲမှာပဲ တိုးကြတော့ ပစ်ခတ်မှု (၃-၄)မိနစ်ဖြစ်ပြီး ပြန်ဆုတ်သွားတယ်။ သတင်းအရ KNU က လုပ်တဲ့ သစ်လည်းထင်နေတယ်။ လုပ်တဲ့ပြည်သူတွေက မွန်လူမျိုးတွေပဲ လုပ်နေတယ်။ ကျနော်တို့ ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့တွေနဲ့ ပြေလည်အောင် ညှိနှိုင်းသွား မယ်”ဟု ဒီဇင်ဘာလ ၂၂ရက်နေ့တွင်ပင် ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့နှင့်အတူ ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားခဲ့ပြီး လက် မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့တွင် မွန်ပြည်သစ်ပါတီလည်း အပါအဝင်ဖြစ်သည်။



















