Home သတင်း သံလွင်မြစ်အတွင်း BGF မြစ်သဲ‌ကျောက်ထုတ်ယူခြင်းလုပ်ငန်းကို ‌ဒေသခံရွာသားများကန့်ကွက်

သံလွင်မြစ်အတွင်း BGF မြစ်သဲ‌ကျောက်ထုတ်ယူခြင်းလုပ်ငန်းကို ‌ဒေသခံရွာသားများကန့်ကွက်

3066

‌အောက်တိုဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဖားအံမြို့နယ်၊ သံလွင်မြစ်အ‌နောက်ဘက်ခြမ်း မုက္ကဒိ‌ကျေးရွာအနီးရှိ သံလွင်မြစ်‌ကြောင်း အတွင်း နယ်ခြား‌စောင့်တပ်(BGF) အမှတ်(၁၀၁၄)တပ်ရန်ပုံ‌ငွေအတွက် မြစ်သဲ‌ကျောက်ထုတ်ယူခြင်းလုပ်ငန်းကို သဘာဝပတ်ဝန်းကျင် ထိခို်က်သည့်အတွက် လက်မခံနိုင်‌ကြောင်း ‌အောက်တိုဘာ ၁၁ရက်‌နေ့က မုက္ကဒိ အထက်ပိုင်းဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက ကန့်ကွက်‌ပြောဆိုသည်။

မုက္ကဒိ‌ကျေးရွာ၊ ဖားနွဲ့ကျွန်းမှရပ်မိရပ်ဖ ‌စောဉာဏ်ဝင်းက “အရင် ‌ကျောက်ထုတ်ဖို့ လာတာက စီးပွား‌ရေး သမားပါ၊ ကျ‌နော်တို့က လုပ်ခွင့်မ‌ပေးဘူးတားတယ်။ ‌နောက်တစ်‌ခေါက် BGF ရန်ပုံ‌ငွေဆိုတဲ့ ‌ခေါင်းစဉ်နဲ့ ပြန်‌ရောက်လာတယ်။ သူတို့နဲ့ ပါတဲ့ BGF ဗိုလ်မှူး‌အောင်ချစ် ‌ပြောတာက စီးပွား‌ရေး‌တွေ‌တော့ သူသိပ်မသိဘူး။ ရန်ပုံ‌ငွေရဖို့ပဲသိတယ်လို့ ‌ပြောပြီးပြန်သွားတယ်။ စီးပွား‌ရေးသမားက ရိုးရိုးလာမရလို့ BGFအရှိန်အဝါနဲ့လာတဲ့ သ‌ဘောမျိုး။ ကျ‌နော်တို့က ဘယ်သူလာလာ လုံးဝကန့်ကွက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မုက္ကဒိကျးရွာအုပ်စု၊ ဖားနွဲ့ကျွန်းသည် သံလွင်မြစ် ‌ရေလယ်ကျွန်း‌ပေါ်တွင်ရှိကာ အိမ်‌ခြေ ၂၀ဝ ‌ကျော်ရှိပြီး ကျွန်းအနီး မြစ်‌ကြောင်းအတွင်း မြစ်သဲ‌ကျောက် ထုတ်ယူခွင့်ပြုလျှင် ‌ရေတိုက်စားပြီး ‌ကျောက်စုပ်‌လှေ တုန်ခါမှု ‌ကြောင့် ကမ်းပါးများပြိုလာနိုင်သည့်အပြင် ‌ကျောက်စုပ်‌လှေမှ စွန့်ပစ်စက်သုံးအင်ဂျင်ဝိုင်နှင့်ဒီဇယ်ဆီများ‌ကြောင့် ငါးများ‌သေဆုံးကာ အနီးနားရှိသည့်‌ဒေသခံများ လုပ်ကိုင်စား‌သောက်ရန် ခက်ခဲမည်ဖြစ်၍ ကန့်ကွက်ရခြင်းဖြစ်‌ကြောင်း ၎င်းလူထု ‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက အသီးသီး ‌ပြောဆိုသည်။

အဆိုပါ ‌ကျောက်ထုတ်လုပ်ငန်းကို ကမ်းပါးမပြိုရန် ‌ရေ‌ကြောင်းပညာရှင်များဖြင့် တိုင်းတာပြီး အစိုးရဋ္ဌာန ဆိုင်ရာ များသို့တင်ပြ ခွင့်ပြု ချက်ရယူကာ BGF ရန်ပုံ‌ငွေအတွက် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်ဟု ဖားအံမြို့ မြစ်သဲ ‌ကျောက်ထုတ်လုပ် ‌ရောင်းဝယ်‌ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းက ထို‌နေ့ လူထု‌တွေ့ဆုံပွဲတွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။
img_8128
“ရွာပိုင်နက်ထဲမှာ သဲ‌ကျောက်ထုတ်လုပ်လို့ ကမ်းပြိုတယ်လို့ ထင်ကြတယ်။ အမှန်‌တော့ မဟုတ်ဘူး။ ကျ‌နော်တို့ ‌ကျောက်ထုတ်တာ ‌ရေ‌ကြောင်းပညာရှင်‌တွေ တိုင်းတာပြီး‌တော့ ဒီရွာက‌လှေ ဘယ်နှစ်စီးစုပ်ရင် ရွာမထိခိုက်ကမ်းမပြိုနိုင်လဲ ဆိုတာတိုင်းတာပြီး ဋ္ဌာနဆိုင်ရာတင်ပြတယ်။ အဲဒီက‌နေ ပြန်ချလို့ စုပ်ရတယ်။ အသင်းကို လုပ်ခွင့်‌ပေးထားတဲ့ဟာကို BGFက ရန်ပုံ‌ငွေအတွက်လုပ်မယ်ဆိုပြီး‌တောင်းလို့ BGFလုပ်ရင်လည်း အသင်း‌လှေ‌တွေပဲ ငှားမှာဖြစ်လို့ ‌ပေးလိုက်တာ” ဟု ဦးစိုးသန်းက ‌ပြောသည်။

လက်ရှိ မုက္ကဒိ‌ကျေးရွာတွင် မြစ်သဲ‌ကျောက်ထုတ်လုပ်ခြင်းကို ‌ဒေသခံရွာသားများ ကန့်ကွက်သည့်အတွက် လုပ်ငန်းရှင်များဖြစ်‌စေ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းမှဖြစ်‌စေ ကန့်ကွက်သည့်ကြားမှ လာ‌ရောက်ထုတ်ယူလျှင် ဆိုင်ရာ ဋ္ဌာနအသီးသီးထံ သွား‌ရောက် ဆက်လက်ကန့်ကွက်သွားမည်ဟု မုက္ကဒိ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောထွန်းလင်းက ‌ပြောသည်။

မုက္ကဒိ အထက်ပိုင်းဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲသို့ မုက္ကဒိ‌ကျေးရွာ၊ မိဇံ၊ ‌ကော့ကူး၊ ကိုင်းကြီး၊ ခဲ‌တောက်စသည့်‌ကျေးရွာအုပ်စုတို့မှ ‌ဒေသခံ ၇၀ဝဦး‌ကျော်တက်‌ရောက်ကာ မြစ်အတွင်း ‌ကျောက်သဲထုတ် လုပ်ခြင်းကို တညီတညွတ်တည်းကန့်ကွက်ခဲ့ကြပြီး အခမ်းအနားသို့ BGFတာဝန်ရှိသူများကို ဖိတ်ကြား ခဲ့‌သော်လည်း တက်‌ရောက်လာခြင်းမရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ပြည်နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဋ္ဌာနက ဖားအံမြို့နယ် သံလွင်မြစ်‌ကြောင်းတစ်‌လျှောက် ‌ရေ‌ကြောင်း တိုင်းတာမှုပြုလုပ်ပြီး မြစ်သဲ‌ကျောက်ထုတ်လုပ်‌ရေး လုပ်ငန်းရှင်များအသင်းထံ ‌ကျောက်ထုတ်လုပ်ခွင့် ၆,၈၀ဝ ကျင်းနှင့် သဲ ၉,၀၀ဝကျင်း ခွင့်ပြုထားကာ ယင်းတွင် မုက္ကဒိ‌ကျေးရွာ၌ ‌ကျောက် ၁,၈၀ဝ ကျင်းနှင့် သဲ ၃,၀၀ဝကျင်း တရားဝင်ထုတ်ခွင့်ပြုထားသည်ဟု မြစ်သဲ‌ကျောက်ထုတ်လုပ်‌ရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။