အောက်တိုဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံနေရသည့် မြန်မာနိုင်ငံသား ဒုက္ခသည်မိသားစု ၁၉စုမှ လူဦးရေ ၉၆ဦးကို ယခုအောက်တိုဘာလ၂၅ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စီစဉ်မှုများပြုလုပ် ပေးနေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ကျောက်လုံးကြီးဘုရားလမ်းရှိ အဆိုပါ ပြန်လည်အခြေချနေထိုင်မည့်သူများ ယာယီနေထိုင်မည့်စခန်း အတွက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများအား အောက်တိုဘာလ ၁၅ရက်နေ့က သွားရောက်ကြည့်ရှူစဉ် ကရင်ပြည် နယ်၊ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ယခုလို ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က “သူတို့တွေ ၂၅ရက်နေ့ ပြန်လာကြမယ်။ အခုသူတို့နေဖို့၊ ထိုင်ဖို့ စီစဉ်ထားတာတွေ လာကြည့်တာဖြစ်ပြီး စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးတွေ ပြည်စုံအောင်ဆောင်ရွက်ပေးမှာပါ။ တစ်ဖက်နိုင်ငံထဲ ခိုလှုံနေကြ တဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်အရေးကိစ္စတွေကို ကျမတို့အစိုးရအဖွဲ့တွေအနေနဲ့ အဆင်ပြေအောင် တစ်ဆင့်ချင်း လုပ်ဆောင်ပေး သွားမှာပါ”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် နို့ဖိုးဒုက္ခသည်စခန်း အပါအဝင် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ခိုလှုံနေရသူအချို့မှာ မြန်မာနိုင်ငံတွင်း ပြန်လည်အခြေချနေထိုင်လိုသည့် သဘောထားများ တင်ပြလာမှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိ ဋ္ဌာနဆိုင်ရာများ ပူးပေါင်းကာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် လက်ရှိ ခိုလှုံနေထိုင်ဆဲ ဒုက္ခသည်ပေါင်း ၉၃,၀၀၀ကျော် ကျန်ရှိနေဆဲဖြစ် ပြီး ပြန်လည်နေရာချထားရေးကိစ္စနှင့်ပတ်သက်၍ ကရင်ဒုက္ခကော်မတီ KRC တွင် သဘောထား မူဝါဒများရှိထားသော်လည်း ယခု ပြန်လည်အခြေချမည့်သူများမှာ ၎င်းတို့၏ ဆန္ဒသဘောအရသာဖြစ်ကြောင်း KRC က ပြောဆိုသည်။
KRC ၏ ပြောခွင့်ရသူ နော်ဘလူးမင်းနိုက်ဇန်က “ဒီကိစ္စက ကျမတို့ KRC နဲ့ ဆွေးနွေးပြောဆိုပြီးလုပ်တာတော့ မဟုတ်ဘူး။ စခန်း ထဲက ပြန်ချင်တဲ့သူတွေက UNHCR ဆီမှာစာရင်းပေးပြီး သူတို့ဆန္ဒအရ ပြန်သွားကြတာဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဒုက္ခသည် တွေကို အတင်းပြန်ပို့မှာ မဟုတ်သလို သူတို့ဆန္ဒအရ ပြန်ချင်တယ်ဆိုရင်လည်း မတားဘူးဆိုတဲ့မူတွေ ရှိထားပြီးသား ဖြစ်ပါ တယ်”ဟု ပြောသည်။
အောက်တိုဘာလ ၂၅ရက်နေ့တွင် မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာမည့် မိသားစု ၁၉စုထဲမှ ၁၇စုမှာ မြဝတီယာယီစခန်း ၌ ခေတ္တခိုလှုံနေထိုင်ကြရမည်ဖြစ်ပြီး ကျန်ရှိသည့် ချင်းပြည်နယ်ရှိ မိသားစုတစ်စုနှင့် မကွေးတိုင်းရှိ မိသားစုတစ်စုကို သက်ဆိုင် ရာ တိုင်းနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက နေရာချထားရေးအတွက် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်မင်းက “လောလောဆယ်က မြဝတီမှာ မိသားစု ၁၇စုက ယာယီနေပြီး အဲဒီလေးကေကော်မြို့သစ်မှာ သူတို့နေဖို့အိမ်တွေ ပြည့်စုံပြီးဆိုမှ ပေးနေမှာဖြစ်ပါတယ်။ ကျန်နှစ်စုဖြစ်တဲ့ ချင်း ပြည်နယ်တစ်စုနဲ့ မကွေးတိုင်းတစ်စုကိုတော့ သူတို့ပြည်နယ်နဲ့ တိုင်းက တာဝန်ရှိသူတွေ လာပြန်ခေါ်မယ်”ဟု ပြောသည်။
၎င်းအပြင် မြဝတီ၌ ယာယီနေထိုင်ရမည့်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင် ရာများအတွက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNICEF ၊ Save The Children အဖွဲ့များ၏ ကူညီထောက်ပံ့မှုများနှင့် ပူး ပေါင်းပြီး ကူညီဆောင်ရွက်သွားရန် ပြင်ဆင်ထားကြောင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာနက ပြောသည်။
ယခု နယ်စပ်ဒေသရှိ ဒုက္ခသည်များအား ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရများ ပထမဆုံး အကောင်အထည်ဖော်ဆောင်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။



















