အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ စကော နှင့်ပိုးကရင်စာပေ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ပြုလုပ် သွားမည်ဟု ကော်မတီ အထွေထွေအတွင်းရေးမှူး မန်းလှသိန်းက ကေအိုင်စီသို့ အောက်တိုဘာလ ၁၆ရက်နေ့တွင် ပြောသည်။
၂၇၅၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီကို အောက်တိုဘာ ၁၅ရက်နေ့တွင် ပုသိမ်မြို့၊ ပုသိမ်-မြောင်းမြ စကော ကရင်သာသနာနယ်ရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ ဦးစီးကော်မ တီဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဒုဥက္ကဋ္ဌများအဖြစ် စောဖရန်စစ်ခိုင်၊ မန်းစံထွန်း၊ အထွေ ထွေအတွင်းရေးမှူးအဖြစ် မန်းလှသိန်းတို့က တာဝန်ယူသွားမည်ဖြစ်ပြီး ယခုလို ပြိုင်ပွဲများ ထည့်သွင်းကျင်းပရန်အတွက် အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကော်မတီ တာဝန်ရှိသူများက ပြောသည်။
“တိုင်းအဆင့် နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီအနေနဲ့ ကရင်ရိုးရာဝတ်စုံ၊ ခေတ်ပေါ်နဲ့ ရိုးရာပြိုင်ပွဲရှိမယ်။ ဒုံးပြိုင်ပွဲ ရှိမယ်။ နောက် ကရင်ကဗျာ၊ ဆောင်းပါး အရေးပြိုင်ပွဲရှိမယ်။ စကောနဲ့ ပိုးကရင် ဘာသာစကားနဲ့ ပြိုင်ပွဲလုပ်မယ်။ ကဗျာနဲ့ ဆောင်းပါးပြိုင်ပွဲကတော့ ခေါင်းစဉ်တွေ ကြိုတင်ပြီးပြောထားမယ်။ အသေးစိတ်ကိုတော့ ဆက်ညှိနှိုင်းထုတ်ပြန်ပေးသွားမယ်။ ဆပ်ကော်မတီအလိုက် လုပ်သွားမယ်။ ဆုကို ထိုက်ထိုက်တန်တန်ပေးဖို ့ အစီအစဉ်ရှိတယ်”ဟု ဦးစီးကော်မတီ အထွေထွေ အတွင်းရေးမှူး မန်းလှသိန်းက ပြောသည်။
ထိုတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ၈၅ဦး တက်ရောက်ခဲ့ပြီး ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသူ ကရင်ရေးရာဝန် ကြီး ဂါ့မိုးမြတ်မြတ်သူက တိုင်းအဆင့် နှစ်သစ်ကူးပွဲတော်ကို စည်းစည်းလုံးလုံးဖြင့် အင်တိုက်အားတိုက်ပါဝင်ကြရန် ပြိုင်ပွဲများ စနစ်တကျဖြစ်ရေး ဆပ်ကော်မတီအလိုက် ညှိနှိုင်းလုပ်ဆောင်သွားကြရန် ပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူများ က ပြောသည်။
၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ပုသိမ်မြို့၊ ကန်သာယာကွင်း၌ ဒီဇင်ဘာလ ၂၈ရက်နှင့် ၂၉ရက်(ကရင်နှစ်သစ်ကူးနေ့)တွင် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းအ ဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၅ရက်နေ့တွင် ပုသိမ်မြို့၌ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မတီဝင်များက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ပုသိမ်မြို့၌ နှစ်စဉ် ကျင်းပလေ့ရှိပြီး ယမန်နှစ် ၂၇၅၅ခုနှစ်၊ ဦးစီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေက တာဝန်ယူခဲ့သည်။
ယခုနှစ် ဦးစီးကော်မတီပြန်ဖွဲ့စည်းရာတွင် ရေးရာဝန်ကြီးမှာ အသစ်ဖြစ်လာသည့်အတွက် ဥက္ကဋ္ဌနေရာအပြောင်းအလဲရှိကာ ကျန် ကော်မတီဝင်များမှာ ယခင်နှစ်က ဦးဆောင်ပြုလုပ်ခဲ့သူ အများစုပါဝင်ကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။



















