စက်တင်ဘာ ၈ ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC)တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်မရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့များအတွက် သီးသန့် နေရာချန်ထားပေးထားကြောင်း (UPDJC) ကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက စက်တင်ဘာ ၇ ရက်နေ့တွင် ပြောသည်။
NCA စာချုပ်တွင် လက်မှတ်မရေးထိုုးနိုင်ပါက (UPDJC)ကော်မတီတွင် ပါဝင်ခွင့်မရှိသလို ရှေ့ဆက် ကျင်းပသွားမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင်လည်း ပါဝင်ခွင့်မရှိသည့်အတွက် ၎င်းတို့ ပါဝင်လာနိုင်ရန် ထိုသို့နေရာချန်ထားပေးခြင်းဖြစ်သည်ဟုု ဒေါက်တာ လျန်မုန်းဆာခေါင်းက ပြောသည်။
NCA လက်မှတ်မရေးထိုုးထားသော တုိုင်းရင်းသားလက်နက်ကိုုင်အဖွဲ့များသည် စက်တင်ဘာ ၁၅၊ ၁၆ ရက်နေ့ ဝန်းကျင်တွင် ကျင်းပမည့် နိုုင်ငံရေးမူဘောင် သုုံးသပ်ခြင်း အစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးနိုုင်သော်လည်း လာမည့် လအတွင်း ကျင်းပမည့် အမျိုးသားအဆင့် နိုုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရေးကိုုမူ NCA ကိုု လက်မှတ်ရေးထိုုးရန် လိုုအပ်သည်။
ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက “UPDJC Member (အဖွဲ့ဝင်)က တရားသေ သတ်မှတ်တာ မဟုတ်ဘူး။ လူဦးရေ တိုးလို့ရတယ်။ လက်မှတ်ထိုးထိုးချင်း သူတို့ပါလာဖို့အတွက် သူ့တို့နေရာကို ရှင်းရှင်းလင်းလင်း နေရာပေးထားပြီးသားဖြစ်တယ်”ဟု ပြောသည်။
လက်မှတ်မထိုးသည့် တိုုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာရန် လမ်းကြောင်းဖွင့် ပေးထားသည့် အနေဖြင့် Framework for Political Dialogue (နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်) ကိုလည်း ဆွေးနွေးထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ အတည်ပြုမှု မလုပ်ဆောင်သေးကြောင်းလည်း ၎င်းက ပြောသည်။
NCA စာချုပ်ကို ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိသည့်အနက် ၈ဖွဲ့လက်မှတ်ရေးထိုးထားပြီး ကျန် ၁၃ဖွဲ့မှာ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပေ။
NCA စာချုပ်ကို လက်မှတ်ရေးထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကနဦး လက်မှတ်ရေးထိုးမှ UPDJC အဖွဲ့ဝင်ဖြစ်နိုင်မည်ဖြစ်သည်ဟု သိရသည်။
၎င်းကိစ္စအပေါ် NCA စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ညှိနှိုင်း၍ အဆင်ပြေပါက NCA စာချုပ်ကို လက်မှတ်ထိုးမည်ဟု ပြောသည်။
“Framework (နိုင်ငံရေးမူဘောင်)မှာ ပြင်ဖို့က အဓိကကတော့ အဲဒီ ငါးပွင့်ဆိုင်၊ ခုနစ်ပွင့်ဆိုင်ကို ပယ်ဖျက်ပေးဖို့။ အဓိကကတော့ အဲဒီကိစ္စပါဘဲ။ သုံးပွင့်ဆိုင်ကို လက်ခံရင် အဲဒီမူဘောင်ကို အန်ကယ်တို့ လက်ခံနိုင်တယ်။ NCA ထိုးဖို့မထိုးဖို့ ကိစ္စက အဲဒီ Framework ညှိနှိုင်းတဲ့အပေါ်မှာ မူတည်တယ်။ ဒီကြားထဲမှာ Framework ညှိနှိုင်းမယ်။ တကယ်လို့ Framework ညှိနှိုင်းလို့ သဘောကျပြီး လက်ခံနိုင်ပြီဆိုုရင် အချိန်မရွေးထိုးမယ်”ဟု ၎င်းက စက်တင်ဘာ ၅ရက်နေ့တွင် ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)ကို (NCA)၏ သဘောတူညီချက်အရ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅-၁၇ရက်နေ့များတွင် ကျင်းပသော ပထမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)က ဖွဲ့စည်းခဲ့သည်။
အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေး ပါတီတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၈ဦးဖြင့် UPDJC ကို ဖွဲ့စည်းထားသည်။
လက်ရှိ ကော်မတီတွင် အတွင်းရေးမှူးအဖွဲ့အဖြစ် အစိုးရအစုအဖွဲ့ ၃ဦး၊ လက်နက်ကိုင်အစုအဖွဲ့ ၃ဦးနှင့် နိုင်ငံရေးအစုအဖွဲ့ ၃ဦး စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းထားသည်။



















