စက်တင်ဘာ ၅ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏ မြို့တော်ဟု ခေါ်သည့် နေပြည်တော်၊ MICC 2 ခန်းမတွင် ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာ ၃ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ပထမအကြိမ် ညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ သတင်းလာရောက်ရယူကြသည့် လွတ်လပ်သော သတင်းဌာနမှ မြန်မာသတင်းထောက်အချို့၏ အတွေ့အကြုံများကို ကေအိုင်စီသတင်းထောက် စောသိန်းမြင့်မှ စုစည်းထားသည်။
ဦးမင်းထက် (ဘီဘီစီ မြန်မာပိုင်း ဒုတိယဋ္ဌာနမှူး)
ကျနော်တော့ မြန်မာနိုင်ငံမှာလုပ်တဲ့ မီဒီယာပွဲတွေကို လာဖူးတယ်လေ။ ဒီစီစဉ်ပုံက ကျေနပ် လောက်စရာ ရှိပါတယ်။ အပြည့်အဝ အားရကျေနပ်မှု မရှိပေမယ့်ပေါ့နော်။ စီစဉ်တဲ့နေရာမှာ တတ်နိုင်သမျှ စီစဉ်ပေးထားတယ်။ ဥပမာ မီဒီယာ ကော်နာ(နေရာ) ထားပေးထားတယ်။ အင်တာနက်ကွန်နယ်ရှင်ရှိတယ်။ လူတွေနဲ့ လွတ်လွတ်လပ်လပ်မေးလို့ရတယ်ပေါ့နော်။ အကန့်အသတ်တွေ မရှိဘူး။ နည်းနည်းလေးအားနည်းတာကတော့ အစီအစဉ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတို့ မီဒီယာစင်တာထဲမှာမရှိဘူး။ မေးတဲ့အခါမှာ လွယ်လွယ်ကူကူ မပေးနိုင်တာမျိုးတွေ ရှိတယ်ပေါ့နော်။
နောက်တစ်ခုက ညီလာခံမှာ တိုင်းရင်းသားအဖွဲ့စုံလာတယ်ဆိုတော့ ကျနော်တို့ သတင်းသမားတွေလည်း အဖွဲ့စုံရဲ့ သဘောထားတွေ၊ မှတ်ချက်တွေ၊ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ တုန့်ပြန်ချက်တွေ ရဖို့အတွက်ကို လိုက်ကြ၊ ကြိုးစားကြတယ်ပေါ့နော်။ ဒီမှာ ခက်ခဲတာ ကျနော်တို့ တွေ့ရတာကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တပ်မတော်သားတွေက မီဒီယာကို ပြောဖို့ တော်တော်လေးနောက်တွန့်တယ်ပေါ့နော်။ ကျနော်တို့လည်း အကြိမ်ကြိမ်ကြိုးစားကြပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ဖွင့်ပွဲမှာ တပ်မတော်ရဲ့ သဘောထားကို လာပြောသွားတယ်ပေါ့နော်။
တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရှိလာတဲ့ ထွက်လာတဲ့ အသံတွေကို တပ်မတော်က အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုပဲလေ။ ဆိုတော့ သူတုို့ဆီက အသံရဖို့ကြိုးစားတာကို ကျနော်တို့ မရပါဘူး။ အဲဒီဟာကို ပြင်နိုင်ရင် ပိုပြီးတော့ ပွင့်လင်းတယ်။ လွတ်လပ်တယ်။ သူတို့ သဘောထား ဘာဆိုလည်း ထုတ်ပြောနိုင်ရင်တော့ တပ်မတော်အတွက် အမြင်လည်း ပိုကောင်းတယ်ပေါ့လေ။ အားလုံးက ပိုပြီးတော့ သွားချင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်းပဲ ပွင့်လင်းလာတယ်။ အထောက်အကူပြု လာမယ်လို့ ထင်တယ်ပေါ့နော်။ အဲဒီအချက်ကို တော်တော်လေး ကျနော်တို့ အတွက် ခက်ခဲစေတဲ့အချက် တစ်ခုပါပဲ။
မီဒီယာအတွက် အခက်အခဲဆုံးဖြစ်တာကတော့ နောက်ဆုံးနေ့အခမ်းအနားပိတ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လာပြီးတော့ မိန့်ခွန်းပြောတယ်။ ကျေးဇူးတင်စကားပြောတယ်ပေါ့။ ဒါအင်မတန် အရေးကြီးပါတယ်။ အစည်းအဝေးအနှစ်ချုပ်လို့လည်း ပြောနိုင်တယ်။ သူပြောတဲ့စကားလည်းပဲ နိုင်ငံတော်ရဲ့ မူဝါသဘောမျိုးလည်း သက်ရောက်ပါတယ်။
အဲဒီအခါမှာ မီဒီယာက ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ ခန်းမထဲကို ကြိုးစားတဲ့အခါမှာ လုံးဝ ပိတ်ထားတယ်။ ဘယ်ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကြာတဲ့ မိန့်ခွန်းဟာ အခမ်းအနားရဲ့ အဆုံးသတ်ပုိုင်းလည်း ဖြစ်တယ်။
အရေးကြီးဆုံးအပိုင်းလည်း ဖြစ်တယ်။ အဲဒီအတွက်ပဲ သတင်းမီဒီယာသတင်းတွေက စောင့်ဆိုင်းနေတာဖြစ်တယ်။ ဒါပေမယ့် ဝင်ခွင့်မရပါဘူး။ ပိတ်ထားတော့ ဘယ်သူကမှ ဒီကိစ္စကို ဘယ်သူ့ဆုံးဖြတ်ချက်လဲဆိုတာလည်း အဖြေမပေးခဲ့ပါဘူး။ မီဒီယာဆိုတာ ဒီထဲမှာ ဖြစ်ပျက်သမျှကို ပြည်သူကို ပြန်တင်ပြနေတာပေါ့နော်။ လူတွေ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် လုပ်ပေးရတာ ဖြစ်တဲ့အတွက် မီဒီယာဆိုတာ Platform (ကြားခံ)ဖြစ်တဲ့အခါကျတော့ အခုလုို အစီအစဉ်မှာ အားနည်းနေတာကတော့ နောက်ဆုံးပိတ်မှာ မကောင်းဘူးဖြစ်သွားတယ်လို့ပဲ ပြောချင်ပါတယ်။
ကိုဝေမိုး (The New York Times)
အကောင်းလည်းရှိတယ်။ အဆိုးလည်းရှိတယ်။ အကောင်းတစ်ခုကတော့ တစ်တိုင်းပြည်လုံး Live (တိုက်ရိုက်) လွှင့်ပြီးတာ အဲဒါတော့ ဒီဟာပထမဦးဆုံးပဲ။ သတင်းစာရှင်းလင်းတဲ့အခါမှာ တပ်မတော်က ကိုယ်စားလှယ်တွေပါတဲ့အခါမျိုးလေ။ ယူနီဖောင်းနဲ့ပေါ့၊ မပါတော့ တပ်နဲ့ ပတ်သက်တဲ့ဟာတွေကိုတော့ မေးရခက်သွားပြီးလေ။ Spoke person (ပြောခွင့်ရသူ) ကဘယ်သူ လဲတော့မသိဘူး။ အဲလိုမျိုးတော့ရှိတယ်။ နောက်တစ်ခုကတော့ ဂျာနယ်လစ် မီဒီယာသမားတွေကို လေးစားမှုနည်းနည်း အားနည်းသေးတယ်ထင်တယ်။ မီဒီယာတွေကို အဆိုးမြင်ပြောတာတွေရှိ တယ်ပေါ့။ မီဒီယာတွေလည်းဝိုင်းပြီး ကူညီကြပါ။
အဲဒါကြောင့်မို့ ပြောတဲ့ ဥစ္စာနဲ့ professionalism မသိတဲ့သဘောဖြစ်တယ်လေ၊ မီဒီယာသမားတော့ ကိုယ့်အလုပ်ကိုလုပ်ဘဲမဟုတ်လား။ ပြောရမယ်ဆိုရင် ဒီမှာလာတဲ့သူက နိုင်ငံရေးသမားလား၊ အစိုးရလား ဒါမှမဟုတ်အစိုးရတပ်မတော်ပိုင်းတွေလေး၊ ဒါမှမဟုတ်လက်နက်ကိုင်တပ်ဖွဲ့တွေလေ။ သူတို့ကို ဘယ်လိုဟာမျိုး ကျနော်တို့ကူညီရမယ်။ တကယ်လို့ကူညီရမယ်ဆိုရင် ဒါကို မီဒီယာ သူ့ရဲ့ professionalismကို ချိုးဖောက်ရာရောက်တာ အဲဒါမျိုး တွေရှိတယ်။ မီဒီယာပိုင်းတွေကို မလေးစား တာပေါ့။ Freedom of Press ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအုပ်ဖြစ်ဘဲလေ။ ဒီဥစ္စုာကို ဒီမှာစီစဉ်တဲ့ လူတွေရော ဒီမှာရှိတဲ့ အရာရှိပိုင်းတွေကော တော်တော်လေးကို မသိသေးတဲ့ သဘောဖြစ်နေတယ်လေ။
Live လွှင့်တဲ့ဟာမျိုးကတော့ ဒါ positive (အပြုသဘော)ပေါ့။ ဒါပေမယ့် မီဒီယာတွေ သတင်းကြိုးပမ်းတဲ့ အခါမျိုးမှာတော့ အကန့်သတ်တွေရှိသေးတာပေါ့။ တကယ်လို့ သတင်း စာလွတ်လပ်ခွင့်ကို အလေးထားတယ်ဆိုလို့ရှိရင် လက်ရှိအစိုးရပိုင်းကော၊ ကျန်တဲ့ တပ်ပိုင်းတွေကော ပြုပြင်နိုင်မယ်လို့ ထင်တာပဲ။
ဦးစိုးသန်းလင်း (ဝါရင့်သတင်းသမား)
ပထမဖွင့်ပွဲနေ့ကပေါ့။ live show (တိုက်ရိုက်) ပြတဲ့အတွက် ကျနော်တို့မဝင်လည်း မထူးဘူးလေ။ ဒါလေးက အားလုံးအတွက် ကျေးဇူးတင်တယ်။ ဒါက ပွင့်လင်းမြင်သာထဲမှာ ထိပ်တန်းပဲလေ။ ဒါလည်းကြိုက်တယ်။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲမှကတော့ သူတို့ရဲ့ မီဒီယာကို ဆက်ဆံပုံနဲ့ သူတို့မှာကြီးလေးတဲ့တာဝန်အများကြီးရှိတယ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် မီဒီယာတွေကို ကလေးလေးလိုပုံနဲ့ ဆက်ဆံတယ်လို့ခံစားရတယ်။ မီဒီယာတွေက live show ကိုတွေ့သော်လည်း ပဲသူသိချင်တာကိုထပ်မေးခွင့်ရှိတာပေါ့နော်။ ဟိုနေ့ကလို ကျနော်တောင်မှ အဆူခံရတယ်။ အဲဒါမျိုးလေးတွေရှိတော့မီဒီယာကိုသတင်းထုတ်ပြန်တဲ့အခါမှာ ဘာပဲဖြစ်ဖြစ် live show တင်ထားသော်လည်းပဲ သူတို့သိချင်တာလေးကို ပိုပြီးတော့ အသေးစိပ်ဖြစ်အောင် သူတို့ပြောခွင့်ရ တဲ့အထဲထဲက သူတို့ရဲ့အတိုင်းအတာရှိမှာပေါ့။ ပြောခွင့်ရတဲ့အထဲကတိတိကျကျလေးပြန်ဖြေ စေချင်ပါတယ်။ အဲဒါတစ်ချက်ပါဘဲ။ တစ်ခုလုံခြုံရင် ရာခိုင်နှုန်းအရ ပြောရင်တော့ ရာနှုန်းအပြည့်တော့ မရဘူး ပြောလို့ရတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ်တော့ ၇၅တော့ ကျော်တယ်လို့ပြောလို့ရပါတယ်။
ဦးသားညွန့်ဦး (VOA မြန်မာပိုင်း)
ညီလာခံကို ကျနော်တို့ မြင်ရတာက တော်တော်လေးကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရှိတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ လုပ်တဲ့ ညီလာခံတွေမှာ သတင်းထောက်တွေမဝင်ရ ကန့်သတ်တာမျိုးလေး ရှိတယ်။ ဒီမှာဆိုလိုရှိရင် ဆွေးနွေးခန်းမှာ မဝင်ရပေမယ့်လည်း တောက်လျှောက်သူတို့ လွှင့်ထုတ်ပေးနေတော့ အကုန်လုံး ပွင့်ပွင့်လင်းလင်း သိရတယ်။ ပိုပြီးတော့ အကျိုးရှိတာကတော့ ငြိမ်းချမ်းရေး ညီလာခံမှာ ကျနော်တို့က အရင်တုန်းက တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေသူတို့ရဲ့ တစ်ခြားတစ်ဆင့်ကပဲ သိရတယ်ပေါ့နော်။ အခုချိန်ကျတော့ သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းကို သူတို့ ပြောကြတယ်။ သူတို့ရပ်တည်ချက်က ဘာလဲဆိုတာ သူတို့ရပ်တည်ချက်က အစ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက အဆုံးပေါ့နော်။ အကုန်လုံးပွင့်ပွင့်လင်းလင်း ပြောရတဲ့အခါကျတော့ ဘာပဲပြောပြော ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်သူ၊ ဘယ်လိုသဘောထားရှိလဲဆိုတာ သတင်းထောက်တွေ ကောင်းကောင်းသိသွားတယ်ပေါ့။
L လုဆိုင်း။ ။ Flower News Journal
ဒီညီလာခံမှာ တွေ့ခဲ့တဲ့ အတွေ့အကြုံကတော့ ယခင်ကထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတယ်။ အင်တာဗျူးတယ်ဆိုလို့ရှိရင် ယခင်ကထက် ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အင်တာဗျူးလုပ်လို့ရတယ်။ နောက်တစ်ခုက မီဒီယာ ကော်နာကို သေချာချထားပေးတယ်။ အွန်လိုင်းတွေလည်းFree (အခမဲ့) ပေးထားတာတော်တော်ကောင်းတယ်။ သူတို့မီဒီယာအပေါ်မှာ ဆက်ဆံပုံတွေက သဘောထားတွေ လျော့လာတာတွေ့ရတယ်။
လုဆိုင်းကြုံခဲ့ရတဲ့တစ်ခုကတော့ တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင် သူတို့ကို အင်တာဗျူးမယ် ဆိုလို့ရှိရင် အင်တာဗျူးခွင့်မရှိဘူး။ မေးကြည့်တော့လည်း သူတို့မှာပြောခွင့်မရှိဘူး။ တပ်ပိုင်းဆိုင်ရာက အခုချိန်ထိပေါ့နော် မီဒီယာကို ထိခွင့်မပေးသေးဘူး။ ညီလာခံမှာ ကြိုက်တဲ့လူကိုတော့ မေးလို့ရပြီ။ ဒါပေမယ့် သူတို့ဖက်က(တပ်)ကို မေးခွင့်မရှိဘူး။
နောက်တစ်ခုက ကျမတို့ သတင်းသမားတွေက စောင့်ကြည့်ခံရတယ်။ ကျမတို့ အင်တာဗျူးတွေ လုပ်တဲ့အခါမှာ ဘာပြောကြလဲ။ ဘာမေးကြလဲဆိုတာ သူတို့လူတွေက ကျမတို့ကို လုိုက်ပြီး Check in( စောင့်ကြည့်) လုပ်တယ်။ ဒါတွေဟာ မြင်သာနေသေးတယ်။ အမှန်က သတင်းမီဒီယာတွေကို မစောင့်ကြည့်ပါနဲ့ ပြည်သူလူထုသိသင့်တဲ့ အရာတွေကို မေးမြန်းပြီးမှ ထုတ်ဖော်ရေးသားသွားမှာ ဖြစ်တယ်။ မဟုတ်တဲ့ဟာတွေလည်း မေးမှာမဟုတ်ဘူးပေါ့။ ဒီအချိန်မှာ စောင့်ကြည့်ဖု့ိလုပ်လို့ မလိုအပ်ဘူးလို့ ထင်ပေမယ့် သူတို့စောင့်ကြည့်နေတယ်ဆိုတာ ခံရနေခြင်းက စိတ်ထဲမှာ အလိုလိုနေရင်း ခြိမ်းခြောက်ခံရတာပဲ။