စက်တင်ဘာ ၇ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
သံလွင်မြစ်ရေကာတာ စီမံကိန်းများကြောင့် သံလွင်မြစ်အောက်ပိုင်းဒေသရှိ ဖားအံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ မုဒုံ၊ ကျိုက်မရော စသည့် မွန်၊ ကရင် အခြေစိုက် မြို့နယ် ၆ ခုအတွင်း ထိခို်င်နိုင်မှုများအပေါ် လေ့လာ ပြုစုထားသည့် အစီရင်ခံစာသစ်တစ်စောင်ကို ရန်ကုန်မြို့၊ အော်ခစ်ဟိုတယ်၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုးတက်သောမွန်လူငယ်များအစည်းအရုံး (MYPO)က ထုတ်ပြန်လိုက်သည်။
‘တိမ်းစောင်းမခံနိုင်သောမျှခြေ’ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် သံလွင်မြစ် အထက်ပိုင်း ရေကာတာ စီမံကိန်းများကြောင့် မြစ်အောက်ပိုင်း ဂေဟစနစ်အမျိုးမျိုးကို ထိန်းညှိပေးမှု ပျက်စီးနိုင်ပြီး မြစ်ဝဒေသတွင် နေထိုင်သည့် လူငါးသိန်းကျော်မှာ လယ်၊ ယာ၊ သားငါး စသည့် စိုက်ပျိုးမွေးမြူရေးနှင့် တံငါလုပ်ငန်းများ ထိခိုက် ပျက်စီးရသည့် အခြေအနေတွင် ရှိနေကြောင်း အစီရင်ခံစာအတွက် သုတေသန ဦးဆောင်ပြုလုပ်ခဲ့သူ MYPO မှ မိအားချိုင်းက ပြောသည်။
“ဒီစီမံကိန်းကြောင့် မြစ်ဝဒေသမှာရှိတဲ့ လူထုတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ မြစ်ရဲ့သဘာဝဂေဟ စနစ် အားလုံးပျက်စီးနိုင်တယ်။ ဒါကြောင့် ရေကာတာစီမံကိန်းအားလုံးကို ရပ်တန့် ပေးဖို့၊ နောက်ပြီး မြစ်ကြောင်း တလျှောက်မှာရှိတဲ့ တိုင်းရင်းသားတွေလူမှုအဖွဲ့အစည်း အမျိုးမျိုးရဲ့ ထုတ်ပြန်ကန့်ကွက်ချက်တွေ၊ သူတို့ရဲ့ သံလွင်မြစ်ကာကွယ်ရေး တောင်းဆိုချက်တွေကို လေးစားအသိအမှတ်ပြုပေးဖို့နဲ့ စီမံကိန်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ် မထိခိုက်အောင်လုပ်ဆောင်ဖို့ အစိုးရကို တောင်းဆိုချင်တယ်”ဟု မိအားချိုင်းက ပြောသည်။
ထို့အပြင် စာမျက်နှာ ၈၇ မျက်နှာပါရှိသည့် ယင်းအစီရင်ခံစာတွင် သံလွင်မြစ်နောက်ခံနှင့် ရေကာတာများ တည်ဆောက်မည့် အခြေအနေ၊ သံလွင်မြစ်ဝကျွန်းပေါ် ဒေသဂေဟစနစ်နှင့် ယင်းအပေါ်မှီခိုအားထားနေရသူ များအပေါ် ရိုက်ခတ်နိုင်မှု၊ စီမံကိန်းဆိုင်ရာများကို အသိပညာပေးခြင်းနှင့် ကြိုတင်ပြင်ဆင်မှု စသည့် အချက်များ အသေးစိတ်ဖော်ပြထားပြီး အစီရင်ခံစာကို ၂၀၁၄ မှ ၂၀၁၅ ခုနှစ်ထိ ၂ နှစ်ကြာ အချိန်ယူကာ အလွှာစုံဒေသခံ များနှင့် တွေ့ဆုံမေးမြန်း သုတေသနလုပ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း MYPO က ဆိုသည်။
သံလွင်မြစ်ပေါ် ရေကာတာများတည်ဆောက်ရန် ရှိကြောင်း အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ယခင်လ ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပြီး NLD အနေဖြင့် အစိုးရ မဖြစ်ခင်က ရေကာတာစီမံကိန်းများကို ကန့်ကွက်ခဲ့သလို ယခုအချိန်တွင် မကန့်ကွက်ခြင်းသည် မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို မသိရသေးကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်မှ စိုင်းခေးဆိုင်က ပြောသည်။
MYPO အနေဖြင့် ယခုအစီရင်ခံစာနှင့် ပတ်သက်ပြီး သံလွင်မြစ်ဝဒေသတွင် ဒေသခံများပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲကို ယခုလကုန်ပိုင်းတွင် ဆက်ပြုလုပ်သွားရန် စီစဉ်ထားသလို ယင်းနောက် နိုင်ငံတော်သမ္မတထံ သံလွင်မြစ် ရေကာတာ စီမံကိန်းများ ရပ်တန့်ပေးရန် အိပ်ဖွင့်ပေးစာ ပေးပို့သွားမည်ဟု မိအားချိုင်းက ဆက်ပြောသည်။
တိုးတက်သော မွန်လူငယ်များ အစည်းအရုံး(MYPO)ကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှာ ဒီမိုကရေစီ ရေးနှင့် အမျိုးသားရေး စိတ်အားသန်သည့် လူငယ်များ၊ မွန်လူငယ်ကျောင်းသားများဖြင့် ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မွန်စာပေယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရန်နှင့် လူငယ်များညီညွတ်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။