စက်တင်ဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှ စစ်ဘေးရှောင် ဒေသခံပြည်သူများတွင် ဗီတာမင်သံဓါတ် ချို့တဲ့အားနည်းသည့် လက္ခဏာများ တွေ့ရှိသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို ဂရုတစိုက်လုပ်ဆောင်နေကြောင်း မြိုင်ကြီးငူ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသန်းထိုက်အောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒီဒေသက သက်သတ်လွတ်စားတော့ အာဟာရလိုအပ်ချက်တွေ ရှိတယ်။ အသီးအနှံတွေမှာ အားရှိတာ ပါပေမယ့် မျှတ အောင် မစားတတ်တော့ သံဓါတ်ချို့တဲ့တာ ခလေးလူကြီး အားလုံးနီးပါးပဲ တွေ့နေရတယ်။ စုပေါင်း ချက်ပြုတ်ကျွေးမွေးရတဲ့အ တွက် သန့်ရှင်းမှုအားနည်းတာတွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ ဂရုစိုက်စောင့်ကြည့်ပေးနေတယ်”ဟု ပြောသည်။
သံဓါတ်ချို့တဲ့ခြင်းဖြင့် လည်ပင်းကြီးရောဂါ၊ သွေးအားနည်းရောဂါ ၊ အသည်းရောဂါ၊ နှုတ်ခမ်းစပ်ရောဂါ၊ ငှက်ဖျားရောဂါများ အလွယ်တကူ ဖြစ်ပွားနိုင်ပြီး စစ်ဘေးရှောင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများအ ပြင် အသိပညာပေး ဟောပြော၊ သရုပ်ပြ ရှင်းလင်းခြင်းများပါ လုပ်ဆောင်နေရကြောင်း ယာယီစစ်ရှောင်စခန်းမှ ကျန်းမာရေးဝန် ထမ်းများက ပြောသည်။
လှိုင်းဘွဲမြို့နယ်သူနာပြုအဆင့်(၁) နန်းအေးလှိုင်ဋ္ဌေးက “အခု စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်က ၃၇ယောက်ပါတယ်။ အခု မနက်က ခလေးငယ် ၁၀၀ကျော်ကို အဆုတ်တီဘီ ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးတွေ ထိုး ပေးနေတယ်”ဟု ပြောသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို စက်တင်ဘာလ ၁ဝရက်နေ့မှ စတင်ကာ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ လှိုင်းဘွဲမြို့နယ် ဆေးရုံမှ ဆေးဘက်ဆိုင်ရာ သူနာပြုများက စစ်ရှောင်ယာယီစခန်းနှစ်ခုဖြစ်သည့် မြတ်ပန်းဝတ်မှုံ ခန်းမဆောင် နှင့် နှစ်သစ်ကူးကွင်းအနီး ကျောက်စာတိုက် ဓမ္မာရုံတို့တွင် အချိန်ပြည့် ၂၄နာရီ ပြုစုစောင့်ရှောက်ပေးနေကြောင်း သိရသည်။
ထို့အပြင် စစ်ဘေးရှောင်စခန်းနှစ်ခုလုံးတွင် ဒေသခံများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လုံလောက်သည့် သောက်ရေ၊ သုံးရေနှင့် အိမ်သာအခက်အခဲများ ရှိနေခြင်းကြောင့် ဝမ်းရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရန် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူ ကိုမင်းတင်ထွန်းက ပြောသည်။
“ဝမ်းနဲ့ပတ်သက်တဲ့ အခြားရောဂါတွေ မဖြစ်အောင်တော့ ဒေသခံတွေရဲ့တောတိုးဓလေ့နဲ့ပတ်သက်လို့ ပညာပေးတွေ လုပ်နေရ တယ်။ ကူညီထောက်ပံ့သူတွေ လှူချင်တယ်ဆိုရင်တော့ လူကြီးသံဓါတ်ပါ အားဆေး၊ ခလေးသံဓါတ်ပါ အားဆေးတွေ၊ နောက် ယားနာလိမ်းဆေး(ခရင်မ်)နဲ့ ခြင်မကိုက်အောင်လိမ်းတဲ့ ခြင်ဆေးခရင်မ်တွေ လှူစေချင်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိမြိုင်ကြီးငူရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် စက်တင်ဘာလ ၁၆ရက်နေ့ စာရင်းအရ လူဦးရေ ၅၃၆၄ဦးအထိ တိုးလာ နေပြီး အိမ်ထောင်စုပေါင်း ၆၇၅စု၊ ကလေးငယ် ၁၀၀ဝ ဝန်းကျင် ပါဝင်နေပြီး ထိုကလေးငယ်များအထဲတွင် ကျောင်းနေအရွယ် ကလေးငယ် ၂၅၇ဦး ပါဝင်ကြောင်း သိရသည်။