Home သတင်း ၂၁ ရာစု ပင်လုံတွင် KNU နှင့် KUPC မူအ‌ပေါ် အ‌ခြေခံရပ်တည်သွားရန် KPP စီစဉ်ထား

၂၁ ရာစု ပင်လုံတွင် KNU နှင့် KUPC မူအ‌ပေါ် အ‌ခြေခံရပ်တည်သွားရန် KPP စီစဉ်ထား

1782

ဩဂုတ် ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစုပင်လုံ)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) မူအ‌ပေါ် အ‌ခြေခံပြီး ပါတီမူဝါဒအတိုင်း ရပ်တည်‌ဆွေး‌နွေးသွား ရန် စီစဉ်ထားသည်ဟု ကရင်ပြည်သူ့ပါတီ(KPP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “ညီလာခံကျရင် အကြမ်းဖျင်း ‌ပြောရရင်‌တော့ ‌ကေအဲန်ယူက ‌နောက်ဆုံးလုပ်တဲ့ အစည်းအ‌ဝေးမှာ ဆုံးဖြတ်ချက်‌လေး‌တွေ ရှိတယ်။ KUPC က တင်ထားတဲ့ စာတမ်း‌တွေ ရှိတယ်။ အဲ့တာ‌တွေကို အ‌ခြေခံပြီး‌တော့ ကျ‌နော်တို့ပါတီရဲ့ မူဝါဒဖြစ်တဲ့ ပြည်တွင်းမှာရှိတဲ့ ပါတီတစ်ခုအ‌နေနဲ့ သင့်‌တော်မဲ့ အ‌ခြေအ‌နေတစ်ခု‌ပေါ် မူတည်ပြီး‌တော့၊ အဲ့ဒီ သုံးခု ‌ပေါင်းစပ်ပြီး‌တော့ တင်ပြဖို့ အစီအစဉ်ရှိတယ်”ဟု ‌ပြောသည်။

ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ၂၁ ရာစု ပင်လုံညီလာခံသို့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ အနိုင်ရပါတီတစ်ခုအ‌နေဖြင့် တရားဝင် ကိုယ်စားလှယ်‌ခြောက်ဦး တက်‌ရောက်ခွင့် ရရှိထားပြီး ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေးဝါး ဦး‌ဆောင်ကာ ပါတီနာယက နှင့် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီဝင်များဖြစ်သည့် ‌စောဂျူးပလီစံလှ၊ နန့်ခင်‌အေးဦး၊ မန်းထွန်းတင်၊ ‌စောဒစ်ဆင်ထွန်းလင်း နှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်တို့ တက်‌ရောက်သွားမည်ဖြစ်သည်ဟု သိရသည်။

ယခုတစ်ကြိမ်ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ‌ဆွေး‌နွေးဆုံးဖြတ်သည့် အဆင့်သို့ မ‌ရောက်ရှိနိုင်ဘဲ ညီလာခံပြီး‌နောက် ဆက်လက်ပြုလုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင်သာ အကြိတ်အနယ်‌ဆွေး‌နွေးသွား ရမည့်သ‌ဘောရှိ‌ကြောင်းလည်း ကရင်ပြည်သူ့ပါတီက သုံးသပ်ထားသည်။

ထိုသို့ ညီလာခံတက်‌ရောက်မည့် ကိုယ်စားလှယ်များအ‌ပေါ် ကရင်နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ‌စောကပီးက “ညီလာခံတက်‌ရောက်ဆွး‌နွေးမဲ့သူ‌တွေက ကိုယ်‌ဆွေး‌နွေးမဲ့ အ‌ကြောင်းအရာနဲ ့ ပတ်သက်ပြီး‌တော့ ထဲထဲ ဝင်ဝင် ကြိုတင်ပြင်ဆင်မှုမျိုး ရှိရမယ်။ သူတို့ကို ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ အ‌တွေးအ‌ခေါ် ပိုင်းဆိုင်ရာ၊ ‌ပြောဆို‌ဆွေး‌နွေးမှုပိုင်းဆိုင်ရာမှာ‌ရော ပံ့ပိုး‌ပေးနိုင်မဲ့ နည်းပညာအ‌ထောက်အကူပြုအဖွဲ့‌တွေကို ‌ကောင်းမွန်စွာ၊ တိကျစွာ၊ မှန်ကန်ခိုင်မာစွာ ဖွဲ့စည်းထားမှုမျိုးရှိဖို့ လိုတယ်” ဟု ‌ပြောသည်။

အလားတူ KPP အ‌နေဖြင့် တရားဝင် အနိုင်ရပါတီကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခွင့်ရသည့်အ‌ပေါ် ဂုဏ်ယူ သလို သယံဇာတခွဲ‌ဝေ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ တိကျ‌သေချာသည့် သ‌ဘောတူညီမှုမျိုး မရရှိ‌သေးခင် ပြည်နယ်အတွင်း အကြီးစားစီမံကိန်းများ လုပ်ကိုင်ခွင့်မပြု‌ရေးကိစ္စကိုလည်း ‌ဆွေး‌နွေး‌ပေး ‌စေလို‌ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူထုလှုပ်ရှားမှုကွန်ရက်(KESAN)မှ ‌စောသာဘိုးက ‌ပြောသည်။

လက်ရှိတွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံသို့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ အနိုင်ရပါတီ ၂၂ ခုမှ ကိုယ်စားလှယ် များ နိုင်ငံ‌ရေးပါတီအစုအဖွဲ့အ‌နေဖြင့် တက်‌ရောက်ခွင့်ရရှိထားပြီး ‌ရွေး‌ကောက်ပွဲအနိုင်မရသည့် ပါတီ ၇ဝ ‌ကျော်မှ ကိုယ်စားလှယ် ၅ ဦးကို ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် တက်‌ရောက်ခွင့်ပြုရန် ညီလာခံကျင်းပ‌ရေး ‌ကော်မတီက စီစဉ်ခဲ့မှုကို ယင်းပါတီများက လက်မခံဘဲ ဩဂုတ် ၂၃ ရက်‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ(၂၁ ရာစု ပင်လုံ)ကို ဩဂုတ် ၃၁ ရက်‌နေ့တွင် စတင်ကာ ၅ ရက်ကြာ ကျင်းပသွားမည်ဟု ညီလာခံကျင်းပ‌ရေး‌ကော်မတီက ‌ပြောဆိုထားပြီး ကိုယ်စားလှယ်စုစု‌ပေါင်း ၇၀ဝ ခန့် တက်‌ရောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။