ဩဂုတ် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ဖန်းဖောင်ဒေးရှင်းမှ ၂၀၁၅ခုနှစ်အတွက် ပေးအပ်သည့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို လူငယ်များ၏ ပညာရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ Hpa-an Youth Network မှ စရှိုင်းက ရရှိခဲ့ပြီး ဆုကို ဩဂုတ်လ ၁၂ရက်နေ့က ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)ဋ္ဌာနချုပ်၌ ကျင်းပသည့် ၆၆နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဖန်းဖောင်ဒေးရှင်းတည်ထောင်သူတစ်ဦးဖြစ်သည့် စောစေးစေးဖန်းက “ဒီနှစ်အတွက်က တင်လာတဲ့ ၇ ဦးထဲက သေချာစိစစ်ရွေး ချယ်လိုက်တာ ဖြစ်ပါတယ်။ တစ်ချို့တင်လာတဲ့သူတွေကလည်း အချက်အလက် မစုံတာလေးတွေ ပါတယ်။ နောက်ပြီး အခု ရွေးချယ်လိုက်တဲ့ စရှိုင်းကလည်း သတ်မှတ်ချက်တွေနဲ့ကိုက်ညီသလို လူငယ်တွေရဲ့ ပညာရေး တိုးတက်ဖို့အတွက် တက်တက် ကြွကြွ ကြိုးစားဆောင်ရွက်ပေးနေသူဖြစ်လို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၁၅ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိသူ စရှိုင်းသည် ၂၀၀၂ခုနှစ်မှစတင်ကာ နယ်စပ် ဒုက္ခသည်စခန်းပညာ ရေး၊ OKRSO စသည့်ကရင်အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ သပြေဖောင်ဒေးရှင်း၊ Hpa-an Youth Network၊ ထောင်းလယာ့ ပညာရေးစင်တာတို့တွင် ပညာရေးနှင့်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသူ ကရင်လူငယ်တစ်ဦး ဖြစ်သည်။
ဆုချီးမြှင့်ခံရသူ စရှိုင်းက “ပဒိုမန်းရှာရှိစဉ်အချိန် သူနဲ့တွေ့တုန်းမှာ သူက ကရင်လူငယ်တွေ ပညာရေးမှာ လိုက်စားရမယ်။ လူငယ်တွေ ပညာတတ်ခေါင်းဆောင်တွေဖြစ်ပြီး ကိုယ့်လူမျိုးအတွက် အမြဲရပ်တည်ပေးတဲ့လူ ဖြစ်ရမယ်ဆိုတဲ့စကားက ကျနော့် စိတ်ထဲ အမြဲအမှတ်ရနေတယ်။ အဲဒီအတွက်လည်း ကျနော်ကြိုးစားနေပါတယ်။ အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာသလို လူငယ်တစ်ယောက်အနေနဲ့လည်း အရမ်းအားတက်သွားတယ်”ဟု ပြောသည်။
၎င်းဆုမှာ ထူးချွန်သည့် ကရင်လူငယ်များအား အားပေးမြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် ကရင်လူမှုအသိုင်းအဝိုင်းများအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် ထိထိရောက်ရောက်ဖြင့် တက်ကြွစွာ လုပ်ဆောင်နေ သည့် အသက် ၃၅နှစ်အောက် ကရင်လူငယ်များကို ဖန်းဖောင်ဒေးရှင်းမှ ရွေးချယ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ဝ နှင့် ဂုဏ်ပြုလွှာကို ၂၀၀၈ခုနှစ်မှ စတင်ကာ နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
လုပ်ကြံမှုကြောင့် ကွယ်လွန်သွားပြီးဖြစ်သည့် KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်ရွှေကျင် တို့အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏သားသမီးများဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ ဖန်းတို့က ၂၀၀၈ခုနှစ်(ပဒိုမန်းရှာဆုံးပြီးချိန်)တွင် ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။
ပဒိုမန်းရှာလားဖန်း၏ လူငယ်ခေါင်းဆောင်ဆုကို ညောင်လေးပင်ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စောညွှန့်ဝင်း၊ ဘိတ်ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖော၊ Free Burma Ranger အဖွဲ့မှ စောထူးထူးအဲ့၊ Karen Women Empowerment Group မှ နမ့်သန္တာအောင်၊ ကရင်အမျိုးသမီးအစည်းအရုံးမှ နော်ကညောဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင် ရာ လှုပ်ရှားမှုကွန်ရက်မှ နော်ဆာမူးတို့ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။



















