Home သတင်း ပင်လုံတိုင်းရင်းလူငယ်ညီလာခံ၌ တိုင်းရင်းသား လူငယ်များမဟာမိတ်အဖွဲ့ကို ဖွဲ့စည်း

ပင်လုံတိုင်းရင်းလူငယ်ညီလာခံ၌ တိုင်းရင်းသား လူငယ်များမဟာမိတ်အဖွဲ့ကို ဖွဲ့စည်း

2162

ဩဂုတ် ၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ရှမ်း(သျှမ်း)ပြည်နယ်‌တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဇူလိုင် ၂၇ရက်မှ ဩဂုတ် ၁ရက်‌နေ့အထိ ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ၌ တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စု ၂၆မျိုး ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ညီလာခံအပြီး ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စုများမှ လူငယ်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ဦး‌ဆောင်‌ဆွေး‌နွေးသူများနှင့် ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၇၆၈ ဦး တက်‌ရောက်သည့် ထိုညီလာခံတွင် တိုင်းရင်းသားမျိုးနွယ်စု ၂၆ မျိုးမှ ကိုယ်စားလှယ် ၃ဦးစီဖြင့် ဗဟို‌ကော်မတီဝင် ၇၈ဦး၊ ဗဟိုအလုပ်အမှု‌ဆောင် ၂၆ဦးနှင့် လုပ်ငန်းအစုအဖွဲ့ ၇ခုဖြင့် ၎င်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့၏ အတွင်း‌ရေးမှူးချုပ်ဖြစ်သူ ခိုင်လမင်းက “ကျ‌နော်တို့ ဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့အတွက် တိုင်းရင်းသားလူငယ်‌တွေအကြားမှာ ချစ်ခင်ရင်းနှီးမှု‌တွေ ပိုပြီး‌တော့ ယုံကြည်မှု‌တွေရလာဖို့ရယ်၊ တိုင်းရင်းသား ‌ဒေသ‌တွေမှာ ဖြစ်ပျက်‌နေတဲ့ ပြဿနာ‌တွေကို စု‌ပေါင်းအင်အားနဲ့ ‌ဖြေရှင်းနိုင်ဖို့ရယ်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ လူငယ်အခန်းကဏ္ဍ‌တွေမှာ ပါဝင်ကူညီခွင့်ရဖို့နဲ့ ပြုပြင်‌ပြောင်းလဲ‌ရေးကဏ္ဍ‌တွေရဲ့ ဆုံးဖြတ်ချက်‌တွေမှာ လူငယ်‌တွေရဲ့ အခန်းကဏ္ဍတစ်ခု အဓိက ရနိုင်ဖို့ ရည်ရွယ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲ၏ ဆုံးဖြတ်ချက်အရ အမျိုးသားတန်းတူ‌ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် အမျိုးသား ပြန်လည်ရင်ကြား‌စေ့‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် လူ့အခွင့်အ‌ရေး၊ မူးယစ်‌ဆေးဝါးဆိုင်ရာ တိုက်ဖျက်‌ရေး၊ စစ်‌ပြေး‌ရှောင်ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးနှင့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စာ‌ပေနှင့် ယဉ်‌ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီးမြုပ်နှံမှုထိန်းသိမ်းကာကွယ်‌ရေးနှင့် တိုင်းရင်းသား‌ရေးရာ (တိုင်းရင်း သား လူငယ်‌ရေးရာမူဝါဒ)စသည့် ‌ကော်မတီ ၇ခုကိုပါ ဖွဲ့စည်းခဲ့သည်ဟုလည်း ညီလာခံ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။
National-Ethnic-Youth-Conference-Myanmar
တိုင်းရင်းသား လူငယ်များမဟာမိတ်အဖွဲ့ ဖွဲ့စည်းနိုင်မှုအ‌ပေါ် ညီလာခံကို ကရင်လူငယ် ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သူ ‌စောဂျက်ပစီက “ကျ‌နော်အ‌နေနဲ့ တိုင်းရင်းသားလူငယ်အားလုံးကို ပါဝင်‌စေချင်ပါတယ်။ ဒီမဟာမိတ်စုဖွဲ့မှုက‌နေတစ်ဆင့် ကျန်‌နေခဲ့တဲ့၊ မပါဝင်ဖြစ်ခဲ့တဲ့ တိုင်းရင်းသား လူငယ်‌တွေကိုလည်း ပါဝင်လာ‌စေ ချင်ပါတယ်။ နိုင်ငံ‌တော်တည်‌ဆောက်မှုမှာ အစိုးရဖြစ်‌စေ၊ အုပ်ချုပ်‌ရေးဖြစ်‌စေ ကျ‌နော်တို့ လူငယ်‌တွေနဲ့ စွမ်းစွမ်းတမံ ပါဝင်သွားနိုင်ဖို့ကိုလည်း ‌မျှော်လင့်မိပါတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီ-CCNEYC မှ ဦး‌ဆောင် ကျင်းပသည့် ၎င်းညီလာခံ၌ အဖွဲ့အစည်း အသီးသီးမှ ‌ပေးပို့လာ‌သော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ဖက်ဒရယ်နှင့် ငြိမ်းချမ်း‌ရေးကိစ္စရပ်များကို ‌ဆွေး‌နွေးခြင်း၊ တိုင်းရင်းသားလူမျိုး ၂၆မျိုး၏ စာတမ်းများကို ဖတ်ကြားခြင်းနှင့် စာတမ်းများထဲပါ ‌ဖြေရှင်းရန်လိုအပ်‌သော ပြဿနာများကို ‌ရွေးထုတ်ပြီး‌ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ‌ဆွေး‌နွေးအ‌ဖြေရှာခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ တိုင်းရင်းသားလူငယ်များညီလာခံကို တစ်နိုင်ငံလုံးအတိုင်းအတာ‌ဆောင်၍ ပြုလုပ်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သလို အဆိုပါ ဖွဲ့စည်းခဲ့‌သော မြန်မာနိုင်ငံလုံး ဆိုင်ရာတိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့ကိုလည်း ပထမဦးဆုံး ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။