ဇူလိုင် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသည့် (The border consortium-TBC) အဖွဲ့မှ ယခု ဇူလိုင်လအကုန်ပိုင်းမှစ၍ အကူအညီဖြန့်ဝေရေး စနစ်သစ်တစ်ခုအဖြစ် ရိက္ခာကဒ်စနစ်ကို စမ်းသပ်လုပ်ဆောင်သွား ရန် စီစဉ်ပြင်ဆင်နေသည်ဟု သိရသည်။
အဆိုပါ စားနပ်ရိက္ခာကဒ်စနစ်ဖြင့် ကုန်ပစ္စည်းအစား ပေးဝေသော စားနပ်ရိက္ခာ၏ တန်ဖိုးနှင့်ညီမျှသည့်ငွေကို ကဒ်ထဲတွင် ထည့် ထားပြီး စခန်းသူစခန်းသားများမှ ၎င်းတို့၏စားသုံးကုန်များကို သတ်မှတ်ထားသည့်ဆိုင်များ၌ ၎င်းတို့ကိုယ်တိုင် သွားရောက်ဝယ် ယူရမည့်စနစ်မျိုးဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ ဘဏ္ဍာရေးတာဝန်ခံ နော်ဘလူးမင်းနိုက်ဇန်က ကေအိုင်စီ သို့ ယခုလို ပြောသည်။
“အခုပြောင်းလဲလိုက်မှာက အရင်လို တစ်လကို နှစ်ကြိမ်တန်းစီပြီး စားနပ်ရိက္ခာ စောင့်ထုတ်ရတာမျိုး မဟုတ်တော့ဘူး။ သတ် မှတ်ထားတဲ့ ကဒ်တစ်ခုထဲကို တာဝန်ရှိသူတွေက အလုံအလောက် ငွေထည့်ပေးထားမယ်။ ပြီးတော့ ဆိုင်ဖွင့်တဲ့အချိန်မှာ ကြိုက် တဲ့အချိန်သွားပြီး လွတ်လွတ်လပ်လပ် ထုတ်ယူလို့ရမယ်”ဟု သူမက ဆိုသည်။
ဒုက္ခသည်များသည် ယခင်က စားနပ်ရိက္ခာများကို ရွေးချယ်စားသုံးခွင့် မရှိခြင်းကြောင့် ယခုပြုလုပ်ပေးမည့် အစီအစဉ်အရ ၎င်း တို့အနေဖြင့် မိမိစားသောက်လိုသော စားသုံးကုန်များကို ကိုယ်တိုင်စီမံခန့်ခွဲကာ လွတ်လပ်စွာ ရွေးချယ်စားသောက်နိုင်သလို အ ချိန်နှင့် ကုန်ကျစရိတ်နည်းခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိ မည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ဆက်ပြောသည်။
၎င်းရိက္ခာကဒ်စနစ်ကို အစမ်းကာလ (၃)လ သတ်မှတ်ထားပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ နို့ဖိုးစခန်းနှင့် ရတ်ချ်ဘူရီခရိုင်ရှိ ထမ်းဟင် စခန်းနှစ်ခုမှ ဒုက္ခသည်အချို့ကို အဆိုပါ ကဒ်စနစ်ဖြင့် ရိက္ခာစတင် ပေးဝေထောက်ပံ့ပေးသွားရန် စီစဉ်လျှက်ရှိပြီး အစမ်းကာလ ပြီးဆုံးသည့်နောက်ပိုင်း ပြန်လည်သုံးသပ်ကာ အောင်မြင်မှုနှင့် လက်ခံအသုံးပြုမှုအပေါ် မူတည်၍ ကျန်ရှိသည့် ဒုက္ခသည်စခန်း အားလုံး၌လည်း ဆက်လက် အသုံးပြုသွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ဒုက္ခသည်စခန်းအတွင်း၌ စားနပ်ရိက္ခာများကို တစ်လနှစ်ကြိမ်ဖြင့် အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ငါးပိများ ကိုသာ ထုတ်ပေးလျှက်ရှိပြီး လက်ရှိ စမ်းသပ်လုပ်ဆောင်သွားမည့် ကဒ်စနစ်မှာ အသား၊ ငါးကဲ့သို့သော စားသောက်ကုန်များကို မိမိစိတ်ကြိုက် ရွေးချယ်စားသုံးနိုင်သည့် ၎င်းအစီအစဉ်ကို ပထမဦးဆုံးအကြိမ်အနေဖြင့် ပြုလုပ်စီစဉ်ရခြင်းဖြစ်ကြောင်း KRC က ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီ အမှတ်(၁) နှင့် အမှတ်(၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ခု၌ မြန်မာဒုက္ခသည်ဦးရေ တစ်သိန်းကျော် ခိုလှုံလျှက်ရှိသည်ဟု ဒုက္ခသည်အ ရေး ကူညီဆောင်ရွက်သူများ၏ စာရင်းအရ သိရသည်။



















