ဇူလိုင် ၈ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ပြန့်ကျဲနေသော ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးအတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လှကဇိုင်း ကျေးရွာအုပ်စုရှိ ဒေသခံလူထုများ၏ သဘောထားဆန္ဒခံယူပွဲ အစီအစဉ်တစ်ရပ်ကို ဇူလိုင်လ ၇ရက်နေ့က လှကဇိုင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကရင်လူငယ်အစည်းအရုံး(KYO)က ဦးဆောင်ပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာအုပ်စုသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၊ ဝင်းရော်ဒေသတွင် တည်ရှိပြီး အဆိုပါလူထုဆန္ဒခံယူပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဝင်းရေးမြို့နယ် KYO ဗဟိုအမြဲတမ်း ကော် မတီဝင် စောကော်သူးလေက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတော့ ကျနော်တို့ ကရင်လက်နက်ကိုင်အဖွဲ့တွေကလည်း ကွဲနေတာ ရှိတယ်ပေါ့နော်။ အဖွဲ့တွေကွဲနေတော့က ဖွဲ့စည်းပုံတွေရော၊ ဆုံးဖြတ်ချက်အမြင်တွေက မတူညီတာတွေရှိတယ်။ ဒါကြောင့် တစ်ဖွဲ့တည်း ပြန်လည် ပေါင်းစည်းဖို့ လူထုဆီက ဆန္ဒပြုလွှာတွေယူပြီး (KNU)ရဲ့ မူဝါဒလမ်းစဉ်အတိုင်း ရှေ့ဆက်သွားမယ်”ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ တိုးတက်သော ဗုဒ္ဓဘာ သာကရင်အမျိုးသားတပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)စသည့် ကရင်လက်နက်ကိုင်အဖွဲ့ များ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရန် KNU ၏ ညွှန်ကြားချက်အရ ၎င်းဆန္ဒခံယူပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု လည်း စောကော်သူးလေက ဆက်ပြောသည်။
၎င်းသဘောထားဆန္ဒခံယူပွဲတွင် ကရင်တစ်မျိုးသားလုံး၏ မျှော်မှန်းထားသော အမျိုးသားရေးနှင့် နိုင်ငံရေးပန်းတိုင်သို့ ရောက်ရှိ ရေးအတွက် KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအားလုံး တစ်လုံးတစ်ဝတည်း ပြန်လည် ပေါင်းစည်းရန် ဒေသခံလူထုအနေဖြင့် ဆန္ဒရှိ၊ မရှိကို သဘောထားစစ်တမ်းစာရွက်ဖြင့် ဆန္ဒပြုလက်မှတ်ရယူခဲ့ရာတွင် ကရင် လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆန္ဒပြုကြသည်ဟု ဆိုသည်။
၎င်းလူထုဆန္ဒခံယူပွဲအပေါ် ခလယ်ရွာမှ စောလာရှုးဖောင်က “တစ်ဖွဲ့တည်း ပြန်လည်ပေါင်းစည်းမယ်ဆိုတော့ ကရင်တိုင်းရင်း သားတစ်ယောက်အနေနဲ့ ဝမ်းသာတာပေါ့။ အရင်က မညီညွှတ်ခဲ့ကြလို့ ကျနော်တို့ကရင်တွေ အစစရာရာ နောက်ကျကျန်ခဲ့ရ တယ်ပေါ့နော်။ အခု ပြန်လည်ပေါင်းစည်းနိုင်မယ်ဆိုရင် အမျိုးသားအရေး စာပေ၊ ယဉ်ကျေးမှုတွေ အရင်ကထက် ကျယ်ကျယ် ပြန့်ပြန့် လုပ်လာနိုင်မယ်”ဟု ပြောသည်။
ထိုဒေသ၌ ပထမဦးဆုံး ပြုလုပ်သည့် လူထုဆန္ဒခံယူပွဲသို့ လှကဇိုင်းကျေးရွာအုပ်စု ကျေးရွာ(၅)ရွာမှ ဒေသခံလူထု (၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ဇူလိုင်လ ဒုတိယပတ်တွင် ခလယ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တောင်ဒီးကျေးရွာအုပ်စု၊ ရေး၊ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် အလားတူ လူထုဆန္ဒခံယူမှုအစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
အလားတူ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဆန္ဒခံယူပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာတွင် ဒေသခံများက ဦးဆောင်ကျင်းပခဲ့ကြသေးသည်။



















