ဇူလိုင် ၈ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ဇွန်လ ၂၉ရက်နေ့က ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ကို ကရင် ပြည်နယ်၌ ဖွဲ့စည်းရာတွင် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ်ခြင်း မရှိဟု ကရင်ပါ တီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အဖွဲ့ကို ဇွန်လ ၂၉ရက်နေ့က ဖားအံမြို့ရှိ တပ်မတော် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်တွင် ကော်မတီဝင် ၁၆ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်(KPSN)မှ စောကျော်စွာက “ကျနော် သိရသလောက် သူတို့အဖွဲ့ကိုဖွဲ့တာ အစိုး ရက ဖွဲ့တာ။ CSO တွေကို ဖိတ်လေ့ဖိတ်ထမရှိဘူးလို့ သိရတယ်။ ဘာဖြစ်လို့ပြောတယ်ဆိုတော့ ကျနော်တို့ Nominate (အဆို ပြု)ဖို့ ဖိတ်ကြားခြင်း မခံရဘူး။ အခုပါတဲ့လူတွေက ရင်းနှီးမှုအရ ခေါ်ယူတာဖြစ်တယ်။ CSO အဖွဲ့ကနေ ဖိတ်ပြီးကိုယ်စားပြုသွား တာ မဟုတ်ဘူး”ဟု ပြောသည်။
လက်ရှိ JMC-S တွင် ပါတီများမှ ပါဝင်သူများမှာ ပါတီများကို ကိုယ်စားပြုခေါ်ယူခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခေါ်ယူခြင်းဖြစ်ပြီး ပါတီကိုယ်စားလှယ်များ ထည့်သွင်းစေလိုပါက ပါတီအဖွဲ့အစည်းနှင့် ညှိနှိုင်းသင့်သည်ဟုလည်း ကရင်ပါတီများကလည်း ပြော သည်။
ကရင်ပြည်နယ် JMC-S တွင် အရပ်ဖက်မှ ၄ဦးပါဝင်ပြီး ကျန်ပုဂ္ဂိုလ်များမှာ ကရင်လက်နက်ကိုင်အဖွဲ့၊ အစိုးရအဖွဲ့နှင့် စစ်တပ်တို့ ဘက်မှ ကိုယ်စားပြုသူ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ယင်းသို့ ဖိတ်ခေါ်မှု မရှိခြင်းအပေါ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ယခုလို ပြောသည်။
“ပါတီတွေ၊ CSO တွေကို မဖိတ်ရတာ တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ ဒါက အဲဒီမှာရှိတဲ့ စစ်တပ်နဲ့ KNU တို့ စီစဉ်ရမှာဖြစ် တယ်။ ကျနော်တို့ရောက်တဲ့အခါကျတော့မှ သိရတယ်။ ကျနော်တို့အစည်းအ ဝေးမှာတော့ ဘာတွေကို ဖိတ်မှာလဲ။ ပြီးတော့ နှစ် ဖက်ကနေ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေတော့ရှိတယ်။ အစည်းအဝေးဆိုတော့လည်း တက်သင့်တက်ထိုက်တဲ့ ပုဂ္ဂိုလ် တွေပဲ တက်ရမှာပေါ့နော်။ စီစဉ်တဲ့သူတွေက နည်းနည်း အားနည်းသွားတာပဲ ဖြစ်မယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
JMC-s ကော်မတီဖွဲ့ရာတွင် အရပ်သားကိုယ်စားလှယ်များကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့က အဆိုတင်သွင်းရမည် ဖြစ်သောကြောင့် ပြေလည်နိုင်မည့်သူများနှင့် နှစ်ဖက်ပြဿနာဖြစ်လျှင် ရှင်းပေးနိုင်သည့် အရပ်သားကိုယ်စားလှယ်ကိုသာ ကော် မတီတွင် ထည့်သွင်းခြင်းဖြစ်သည်ဟု (JMC-U) ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။
တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (state level ceasefire committee) ၏ ဖွဲ့စည်းပုံထဲတွင် နှစ်ဦးနှစ်ဖက်လက်ခံပြီး အများယုံကြည်လေးစားရသည့် ကိုယ်စားလှယ်များဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၅ဦးစီနှင့် နှစ်ဖက်မှ အဆိုပြုထားသော အရပ်ဖက်ကိုယ်စားလှယ် နှစ်ဦးစီ ပါဝင်ရမည် ဖြစ်သည်။
JMC-S ထဲတွင် ပါဝင်သူများ၏ လုပ်ငန်းတာဝန်များမှာ NCA စာချုပ်တွင် ဖော်ပြထားသည့် တပ်ပိုင်းဆိုင်ရာကိစ္စ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် သတ်မှတ်ထားသည့် NCA စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ စောင့်ကြည့်ရခြင်း၊ နှစ်ဖက်တပ်ဖွဲ့များအကြား နား လည်မှုလွဲမှား၍ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလျှင် တွေ့ဆုံအဖြေရှာခြင်း၊ အစိုးရခွင့်ပြုချက်ဖြင့် IDP နှင့် မိုင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စများအတွက် NGO၊ INGO အဖွဲ့များ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့များနှင့် ထောက်ပံ့မှု ခံစားရသူ များကြား ညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်များကို လုပ်ဆောင်ရမည်ဟု NCA အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းလမ်း ညွန်များ စာအုပ်တွင် ဖော်ပြထားသည်။



















