ဇွန် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၈မှ အရာရှိတစ်ဦးမှာ ဇွန်လ ၁၅ရက်နေ့က ၎င်းငှားရမ်းထားသည့် အလုပ်သမား ၂ဦး၏ သတ်ဖြတ်ခံရသည့် အမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ KNLA တပ်ရင်း ၁၈မှ တပ်ထောက်မှူး အသက် ၅ဝအရွယ် ဗိုလ်ကြီးစောလောင်အဲဆိုသူမှာ ၎င်းငှားရမ်းထားသော အလုပ်သမား ၂ဦးနှင့် စကားများကြရာမှ ထိုနေ့ညနေ ၅နာရီတွင် ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့၏ ဒူးပလာယာခရိုင် ဒုရဲမှူး ဗိုလ်အကျော်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “သေဆုံးသူက အဲဒီနေ့မနက်ပိုင်းမှာ နွားလွှတ်ကျောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား သားအဖနဲ့ စကားများကြ တယ်လို့ သိရတယ်။ ညနေပိုင်းမှာ သေဆုံးသူက သူ့မိန်းမနဲ့ခြံတဲအလာ သားဖြစ်သူ(အလုပ်သမား)က တောပုန်း(သေနတ်)နဲ့ ပစ်တယ်။ မထိဘဲနဲ့ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်ချိန် အဖေဖြစ်သူက အနောက်ကနေ ဓားနဲ့ဝင်ခုတ်တာ။ မိန်းမဖြစ်သူ က သူ့ကိုမသတ်ပါနဲ့ တောင်းပန်လို့ အသက်ချမ်းသာသွားတာလို့ သိရတယ်”ဟု ပြောသည်။
သေဆုံးသူမှာ ဓားခုတ်ဒဏ်ရာ ၄ချက်၊ လည်ပင်းပြတ်လုနီးပါးဒဏ်ရာများဖြင့် သေဆုံးသွားသလို ဓားဖြင့်ခုတ်သူ သားအဖ ၂ဦးမှာ ယနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဗိုလ်အကျော်က ဆက်ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးသည် KNLA တပ်မဟာ ၇နယ်မြေအတွင်းရှိ တနေးချားမြို့နယ်မှ ကျေးရွာတစ်ရွာတွင် နေထိုင်သူများဖြစ်ကြပြီး သေဆုံးသူ ဗိုလ်ကြီးစောလောင်အဲထံတွင် ဝင်ရောက် အလုပ်လုပ်ကိုင်သည်မှာ သုံးလခန့်သာရှိသေး ကြောင်း သိရသည်။
KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၈နယ်မြေအတွင်း ယခုလို အခင်းဖြစ်ပွားမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု အဆိုပါ ခရိုင်ဒုရဲမှူး က ပြောသည်။ ဒူးပလာယာခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလကလည်း ကရင်အမျိုးသားရဲတပ်ဖွဲ့ မြို့နယ်ဒုရဲမှူး တစ်ဦးနှင့် အဖွဲ့ဝင်လေးဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


















