Home ထိပ်တန်းသတင်း ရိက္ခာသယ်ယူမှုကို ဟန့်တားစစ်‌ဆေးခြင်းမလုပ်ရန် တပ်မ‌တော်အား ‌ကျေးရွာ ၃၀‌ကျော်မှ ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

ရိက္ခာသယ်ယူမှုကို ဟန့်တားစစ်‌ဆေးခြင်းမလုပ်ရန် တပ်မ‌တော်အား ‌ကျေးရွာ ၃၀‌ကျော်မှ ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

1779
ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါနယ်‌မြေတွင်း ‌ဒေသခံရွာသားများ၏ စားနပ်ရိက္ခာသယ်ယူမှုများကို ဟန့်တားစစ်‌ဆေးခြင်း မလုပ်ရန် ကလူး‌ထော၊ မဲ့ပရူနှင့် သကွီးကလား‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ‌ပေါင်း ၃ဝ ‌ကျော်မှ ‌ဒေသခံများ စု‌ပေါင်း၍ အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ် (BGF)တို့အား ဇွန် ၁၄ရက်‌နေ့က လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ခဲ့သည်။

အစိုးရတပ်မ‌တော် တပ်မ(၄၄) လက်‌အောက်ခံ လှုပ်ရှားတပ်ဖွဲ့နှင့် BGF (၁၀၁၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်တို့သည် ‌ဒေသခံများ၏ အ‌ခြေခံ စာသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားစသည့် စားနပ်ရိက္ခာများသယ်ယူရာ၌ စစ်‌ဆေး ‌ရေးဂိတ်များတွင် ယခင်နှစ်မှစ၍ ယခုအချိန်ထိ ‌နှောက်ယှက်ဟန့်တားမှုများလုပ်‌ဆောင်ခဲ့မှုအ‌ပေါ် ယခုလို ဆန္ဒထုတ်‌ဖော်ရခြင်းဖြစ်‌ကြောင်း ထိုဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သူ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“‌တောင်းဆို ဆန္ဒပြတာနဲ့ပတ်သက်ပြီး‌တော့ ‌ယောပို‌ကျေးရွာမှာ BGF နဲ့ ‌တွေ့တဲ့အခါ BGFက‌နေ ရွာသား‌တွေ အ‌နေနဲ့ ဆန်သယ်မယ်ဆိုရင် BGF က ဗိုလ်မှူး‌ကျော်ထူးကို အသိ‌ပေးပြီးမှ သယ်လို့ရမယ်‌ပေါ့‌နော်။ သယ်တဲ့ အခါမှာလည်း သတ်မှတ်တဲ့ပမာဏနဲ့ပဲ သယ်လို့ရမယ်။ ဒါ‌ပေမဲ့ ရွာသူရွာသား‌တွေဘက်က‌တော့ ဒါကို လက်မခံကြလို့ ဆန္ဒထုတ်‌ဖော်ကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် BGFမှ ဗိုလ်မှူး‌ကျော်ထူးက အဆိုပါ တားဆီးစစ်‌ဆေးရခြင်းမှာ အထက်က တာဝန်ရှိသူများ၏ ညွှန်ကြားမှုအရ လုပ်‌ဆောင်ရခြင်းဖြစ်သည့်အတွက် ‌ဒေသခံများ၏ ‌တောင်းဆိုချက်အ‌ပေါ် လိုက်‌လျော‌ပေး နိုင်ခြင်းမရှိ‌ကြောင်း၊ နားလည်မှုဖြင့်သာ လုပ်‌ဆောင်‌ပေးလို့ရမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

‌ဒေသခံရွာသား ၂၀ဝခန့် ပါဝင်‌သော ထိုဆန္ဒပြမှုတွင် နံနက် (၉)နာရီမှစကာ နံနက် ၁ဝနာရီအထိ ‘မဲ့သ‌ဝေါလမ်း စားသုံးကုန်ပစ္စည်း သယ်‌ဆောင်ခွင့် ပိတ်ပင်ခြင်း အလိုမရှိ’‌ကြွေး‌ကြော်သံဖြင့် ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး ဆန္ဒပြပွဲသို့ နယ်‌မြေခံရဲတပ်ဖွဲ့တို့မှ မှတ်တမ်းဓာတ်ပုံများ လာ‌ရောက်ရိုက်ယူမှုများရှိခဲ့‌သော်လည်း တည်ငြိမ်‌အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့သည်ဟု ‌ဒေသခံမျက်မြင်သက်‌သေများက ဆိုသည်။

၎င်းဆန္ဒပြမှုသည် အဖွဲ့အစည်းတစ်ခု၏ ဖိအား‌ပေးမှု‌ကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု BGF ဘက်မှ ‌ပြောဆိုထားပြီး ‌ဒေသခံများဘက်မှ မည်သည့်အဖွဲ့အစည်းမှ ဖိအား‌ပေးခြင်းမဟုတ်ဘဲ မိမိဆန္ဒအ‌လျောက် ဆန္ဒထုတ်‌ဖော်ခြင်းသာဖြစ်‌ကြောင်း ပြန်လည်တုံ့ပြန်‌ပြောဆိုခဲ့သည်ဟု သိရသည်။

အစိုးရတပ်မ‌တော်အ‌နေဖြင့် ယခုလို စားနပ်ရိက္ခာ သယ်ယူမှုကို ဟန့်တားစစ်‌ဆေးသည်မှာ မဲ့သ‌ဝေါဂွင်အတွင်း အ‌ခြေစိုက်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖွဲ့အား ပစ်မှတ်ထားခြင်း ဖြစ်‌ကြောင်း၊ သို့‌သော်‌ဒေသခံလူထုုများအတွက်သာ နစ်နာ‌ကြောင်း နယ်‌မြေခံ DKBAတပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်မှု ဖြစ်ပွားသည့် ‌ကျေးရွာအုပ်စု သုံးစုတွင် အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်၊ DKBA နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များ ‌ရော‌နှောလှုပ်ရှား‌သော နယ်‌မြေ ဖြစ်သည်။