မေ ၁၁ ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ ပိုမိုခိုင်မာသည့် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် နယ်စပ်တိုင်းရင်းသား ကျန်းမာရေးအဖွဲ့နှင့် ပြည်တွင်း ကျန်းမာရေးပညာရှင်အချို့သည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၌ မေ ၉ ရက်မှ ၁ဝရက်နေ့အထိ နှီးနှောဖလှယ်ပွဲတစ်ခုပြုလုပ်ပြီး နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် လူထုအခြေပြုကျန်းမာရေးအဖွဲ့အစည်းများမှ ပြင်ဆင်ထားသည့် ကျန်မာရေးဆိုင်ရာမူဝါဒ များနှင့် အစိုးရသစ်၏ ၅နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း (UHC)လမ်းပြမြေပုံများကို ပြင်ဆင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA) ဒါရိုက်တာ စောနေထူးက ကေအိုင်စီသို့ ပြောသည်။
“နောက်ပိုင်းကျရင် ဖက်ဒရယ်ပြည်ထောင်စုနဲ့လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေးစနစ် ဒုတိယမြောက် မူကြမ်းကို ကျနော်တို့လုပ်ထားပြီးသား ဖြစ်တယ်။ အဲ့မူကြမ်းပါ အချက်တွေကို ပြင်ဆင်ဖြည့်စွက်ကြတယ်။ အဲ့ကနေတဆင့် ကျနော်တို့ တိုင်းရင်းသားအားလုံးအတွက် တကယ်ထိရောက်တဲ့ ကျန်းမာရေးစနစ်ကို တည်ဆောက်ဖို့ အချက်အလက်တွေစုစည်းတဲ့ အနေနဲ့လည်း ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ဆွေးနွေးမှုမှ ထွက်ရှိလာသော ပြုပြင်ပြောင်းလဲထားသည့် ကျန်းမာရေးဆိုင်ရာမူဝါဒ မူကြမ်းကို ယခု မေလအတွင်း ပြုလုပ်သွာမည့် BMA ညီလာခံ၌ ဆက်လက် အတည်ပြုသွား နိုင်ရေးအတွက် တင်ပြဆွေးနွေးသွားမည်ဟုလည်း စောနေထူးက ဆက်ပြောသည်။
BMA မှ ဦးဆောင်ပြုလုပ်သည့် ယင်းနှီးနှောဖလှယ်ပွဲတွင် နယ်စပ်အခြေအစိုက် ကရင်၊ ကရင်နီ(ကယား)၊ သျှမ်း၊ မွန် စသည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း(BMA)၊ နယ်လှည့်ကျောပိုး အိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)၊ မယ်တော်ဆေးခန်း(MTC)စသည့် အရပ်ဖက်ကျန်းမာရေးအဖွဲ့၊ မဲဆောက်အခြေစိုက် NGOs အဖွဲ့အချို့နှင့် ပြည်တွင်းမှ အငြိမ်းစားကျန်းမာရေး သုတေသန ကျွမ်းကျင်ပညာရှင် (၃)ဦး စုစုပေါင်းကိုယ်စားလှယ် ၂၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းမှ တက်ရောက်လာသည့် ဒေါက်တာသန်းထွန်းစိန်က “သူတို့ တင်ပြပြော ဆိုတာတွေကို နားထောင်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံရဲ့အရင်အစိုးရက အားလုံးလွှမ်းခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို သွားမယ်ပြောတယ်။ အခုတက်လာတဲ့ NLDအစိုးရကလည်း အဲ့ဒါတွေကို ပြောနေတဲ့ အချိန်မှာ ဒီအဖွဲ့အစည်းတွေ လုပ်နေတာတွေဟာ တစ်သားတည်းကျနေတာကို ကျနော်တို့ ပိုသိလာခဲ့တဲ့ အတွက် အင်မတန်ကို ကျေနပ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့အနေဖြင့် NLD အစိုးရမှရေးဆွဲထားသည့် ကျန်းမာရေးမူဝါဒဆိုင်ရာလမ်းပြမြေပုံများကို ကောက်နုတ် တင်ပြဆွေးနွေးမှုပြုခဲ့သလို တိုင်းရင်းသားကျန်းမာရေးအဖွဲ့မှရေးဆွဲထားသည့် ကျန်းမာရေး မူဝါဒများနှင့် မွေးထုတ်ထားသည့် ကျန်းမာရေးလုပ်သားများကို အသိအမှတ် ပြုနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် လွှတ်တော် ထဲအထိ ပြောဆိုလာအောင် တိုက်တွန်းသွားမည်ဟုလည်း ဒေါက်တာသန်းထွန်းစိန်က ဖြည့်စွက်ပြောသည်။
အလားတူ နှီးနှောဖလှယ်ပွဲကို ၂၀၀၁ ခုနှစ်မှစတင်ကာ BMA ညီလာခံမတိုင်မီ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုပွဲဆိုလျှင် (၇)ကြိမ်မြောက် ရှိပြီဖြစ်သည်။ ထို့အပြင် ယခု မေလ ၁၂ ရက်နှင့် ၁၃ရက်နေ့တို့တွင် BMA ၏ (၈)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို ကျင်းပသွားရန်ရှိသည်ဟု သိရသည်။



















