မေလ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)တို့ ပူးပေါင်းကာ မေလ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါ်လေဒေသရှိ လူထုများအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရှင်းလင်းချပြခဲ့သည်ဟု သိရသည်။
KNU ဗဟို၏ ခွင့်ပြုချက်ဖြင့် KNLA (၂၀၁) တပ်ရင်းမှူး ဒုဗုိုလ်မှူးကြီးစောဘူးဖော၊ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်နှင့် DKBA ဘက်က ဗျူဟာမှူး ဗိုလ်မှူးကြီးစောရွှေဝနှင့် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောမောသိုတို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဝေါ်လေ ဒေသရှိ ကလော်ဝေါ်၊ ခေါဖိုးခီးနှင့် ဖောဘုလာ့ထာ့ကျေးရွာများမှ ရွာသားများအား တွေ့ဆုံပွဲနှစ်ရပ် ပြုလုပ်ခဲ့ပြီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူ̔းစောကြည်အောင်က ပြောသည်။
၎င်းက “အပစ်အခတ်ရပ်စဲရေးနဲ့ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေအနေ၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း မူးယစ် ဆေးဝါးတွေ များလာတွေ ပြည်သူကိုသွားပြီး ချပြဆွေးနွေးတာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးသာ ပြောတာ၊ သေချာရေရာမှု မရှိသေးတဲ့အပေါ်မှာ ပြည်သူတွေလည်း စိုးရိမ်မှုရှိတယ်။ ပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ပဲ လုပ်ကိုင်စားသောက်ချင်ကြ တယ်။ အတတ်နိုင်ဆုံးတော့ ရှင်းပြခဲ့ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါနှစ်ရက်တာ တွေ့ဆုံမှုတွင် KNLAနှင့် DKBA ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင် ၂၀ကျော်အပြင် တွေ့ဆုံပွဲတစ်ရက်လျှင် ဒေသခံရွာသား ၁၀ဝခန့် တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ ကရင်လက်နက် ကိုင် အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းရေး၊ ကရင်အမျိုးသားသမိုင်းကြောင်းနှင့် တာဝန်၊ ကရင့်ဘဝသာယာလှပရေး ပူး ပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ကလော်ဝေါ်ရွာသူ နော်အားမုက “ကရင်နှစ်ဖွဲ့ ပေါင်းပြီး ရွာမှာလာတာ ဒါ ပထမဆုံးအကြိမ်ပဲ။ စည်းစည်းလုံးလုံးနဲ့ မြင်တွေ့ရ တော့ ဝမ်းသာတာပေါ့နော်။ အဓိကကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ နိုင်ငံရေးအခြေအနေကို အဓိက ပြောသွားတယ် ပေါ့နော်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး သူတို့ပူးပေါင်းပါဝင်ဖို့ ပြောသွားပါတယ်။ ကျမတို့ဆန္ဒလည်း ထိုနည်း၎င်း ပါပဲ။ ပြောတဲ့အတိုင်း လုပ်ဆောင်ရင်တော့ မူးယစ်ဆေးဝါးက ကင်းစင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
KNLA နှင့် DKBA ခေါင်းဆောင်များသည် ၎င်းရွာသုံးရွာ လူထုများအား တွေ့ဆုံခဲ့ပြီးနောက် မော်ခီးကျေးရွာအုပ်စုရှိ မော်ဖိုးက လိုး၊ ကွီးဆဲဖော်၊ အူးဖိုးထာ့နှင့် ထီးသဲလယ် စသည့်ကျေးရွာများရှိ လူထုများကို အလားတူ လူထုုတွေ့ဆုံပွဲမျိုးကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း KNLA ဘက်က ပြောသည်။
KNU နှင့် DKBA တို့သည် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၆ဖွဲ့နှင့်အတူ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက် နေ့တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။ NCA လက်မှတ် ရေးထိုးပြီးနောက် KNU အနေဖြင့် မြို့ပြနှင့် တောရွာများတွင် အလားတူ လူထုတွေ့ဆုံပွဲမျိုးကို အလျင်းသင့်သလို ပြုလုပ်ပေး လျှက်ရှိသည်ဟု သိရသည်။



















