(မောင်ကျော်စွာ)
(၂၀၁၆ ခုနှစ်၊ ဧပြီ ၂၁)
ပြည်တွင်းစစ် ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေး
ဒီနှစ်ခုကို တစ်ခုစီ၊ တစ်ပိုင်းစီ သီးခြားခွဲထုတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင်ပါလိမ့်မယ်၊ ပြည်တွင်းစစ်မရပ်စဲနိုင်သမျှ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုမှရနိုင်လိမ့်မည်မဟုတ်ပါ။
ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ပါက်ဖွားလာခဲ့တာပါ။ လွတ်လပ်ရေးရပြီး ၃ လမျှ မကြာတတ်သေးမီ ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ ယနေ့အထိ ဒီပြည်တွင်းစစ် မငြိမ်းသေးကြောင်း၊ ဆက်လက်တောက်လောင်နေဆဲဖြစ်ကြောင်းကို ရှမ်းရိုးမ – မနောမြေနဲ့ ကစ္ဆပနဒီမြစ်ဝှမ်းပေါ်က သေနတ်သံများက အခိုင်အမာ သက်သေထူနေပါတယ်။
တံတားအောက်မှာ ရေတွေ စီးဆင်းသွားခဲ့သလို အုပ်စိုးသူအစိုးရတွေ တဖွဲ့ပြီးတဖွဲ့ – အခြေခံဥပဒေတစ်အုပ်ပြီး တစ်အုပ် ပြောင်းသွား သော်လည်း ပြည်တွင်းစစ်ကား ပန်းပန်လျက်ပင်။ ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေပေါ် မူတည်ပြီး ၁၉၄၈ ပြည်တွင်းစစ် စတင်ခဲ့ချိန်မှ ယနေ့အထိ ကာလကို မျဉ်းဖြောင့်တစ်ကြောင်းဆွဲသလို ဆွဲပြီး တစ်ကြောင်းထဲစကားကို ပြောရရင် ဘယ်အုပ်စိုးသူလက်ထက် – ဘယ်အခြေခံ ဥပဒေ စာအုပ်အောက်မှာမှ ပြည်တွင်းစစ်မရပ်စဲခဲ့ပါ – ပြည်တွင်းငြိမ်းချမ်းရေးမရှိခဲ့ပါ။
ယင်းသို့ အုပ်စိုးသူ အဆက်ဆက်လက်အောက်မှာ ပြည်တွင်းစစ် မရပ်စဲနိုင် – ပြည်တွင်းငြိမ်းချမ်းရေး မရှိနိုင်ခဲ့သော်လည်း နာမည်မျိုးစုံ ကင်ပွန်းထားတဲ့ လက်နက်ချယဉ်ကျေးမှုမျိုးစုံတော့ ပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များဖြစ်ရပ်များအကြောင်းကို အခြေခံအားဖြင့် နှစ်ပိုင်းခွဲ၍ တင်ပြချင်ပါတယ်။
– ပထမပိုင်း ၁၉၄၈ မှ ၁၉၆၂ အထိ
– ဒုတိယပိုင်း၁၉၆၂ မှ ယနေ့ မျက်မှောက်ကာလအထိ
ပထမပိုင်း ၁၉၄၈ မှ ၁၉၆၂ အထိ
ပထမအကြာင်းအချက်က ပြည်တွင်းစစ်ဟာ ၁၉၄၇ အခြေခံဥပဒေ၊ ပါလီမန်ဒီမိုကရေစီနဲ့ အရပ်သားအစိုးရ လက်ထက်မှာ စတင်ပေါက်ကွဲ ပေါ်ထွက်လာခဲ့တာဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒုတိယအကြောင်းအချက်က ပါလီမန်ဒီမိုကရေစီအစိုးရရဲ့ ပြည်တွင်းစစ်ပေါ်လစီဟာ အခြေခံအားဖြင့် လက်နက်ချရေး အပြုတ်တိုက်ရေးပါပဲ။ ဒီပေါ်လစီအောက်မှာ ပြည်တွင်းစစ်ဟာ ကျယ်ပြန့်နက်ရှိုင်းသွားတာပါ။
တတိယအကြောင်းအချက်က ပါလီမန်ဒီမိုကရေစီအစိုးရရဲ့ လက်နက်ချရေး – အပြတ်တိုက်ရေး ပေါ်လစီအောက်မှာ သူပုန် မျိုးမပြုတ်ခဲ့။ ပါလီမန်ဒီမိုကရေစီစနစ်အုပ်သူများကိုယ်တိုင် လက်နက်ကိုင်ရတဲ့ သူပုန်ဘဝ ကျရောက်သွားခဲ့ရပါတယ်။ သူ့ကိုယ်သူ နှလုံးရည်သမား၊ ဘာသာရေး ဆည်းကပ်သူ (တကယ်တော့ ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံးလုပ်အသုံးချခဲ့သူ)လို့ဆိုတဲ့ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တော်လှန်ရေး(စတိဖြစ်ဖြစ်) လုပ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်က သူတို့ကိုယ်တိုင် တီထွင်သုံးစွဲ ခဲ့ကြတဲ့ “ရောင်စုံသူပုန်” ဆိုတဲ့ ဝေါဟာရကို သူတို့ကိုယ်တိုင် ပါဝင်ဖြည့်စွက်ပြီး ပိုမိုအရောင်စုံစေခဲ့တာပါပဲ။
စတုတ္တအကြောင်းအချက်က ပြည်တွင်းစစ် ရှိနေလေတော့ တိုင်းပြည်ဘတ်ဂျက်ရဲ့ အများစုကို စစ်တပ်အတွက် သုံးရတယ်။ ကာချုပ်နဲ့ စစ်တပ်ကို မြှောက်စားရတယ်။ ဒီမှာတင် မာန်တက်မာန်ယစ်လာတဲ့ စစ်တပ်ကာချုပ်ဗိုလ်ချုပ်နေဝင်းက သူ့လူတွေ လွှတ်ပြီး ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ်ကို အကြပ်ကိုင်ပါတယ်။ ဝန်ကြီးချုပ်က ဒီလိုအကြပ်ကိုင်တာကို လူပေါ်လူဇော်နည်းနဲ့ ရှင်းပါတယ်။ ယာယီ ချွေးသိပ်၊ ချော့မြှူတဲ့နည်းနဲ့ ဖွဲ့တည်လာတဲ့ စစ်အုပ်စုကို လဘ်ထိုးပါတယ်။ ကာချုပ်ကို ဝန်ကြီးချုပ်နေရာပေးပြီး ပြည်တွင်းစစ်ကို အရှိန်မြှင့်ပြီး ချေမှုန်းစေပါတယ်။
ဝန်ကြီးချုပ်ဦးနုရဲ့ ဒီနည်းလမ်း (၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၆ ကို ပြင်ဆင်တဲ့နည်းလမ်း)ဟာ ရွေးကောက်တင်မြှောက်ခြင်း မခံရသူ (စစ်ဗိုလ်)ကို ဝန်ကြီးချုပ်လုပ်စေတာဟာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးမူကို အတိအလင်းချိုး ဖောက်ပစ်တာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီနိုင်ငံရေး ဇာတ်ခုံပေါ် ပင့်ဖိတ်ခေါ်ယူလိုက်တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ သူခိုး ဓားရိုးကမ်းတာပါ။ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ခြင်း မခံရသူကို နိုင်ငံရေးအိမ်ဦးခန်းမှာ နေရာပေးလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒီလို လူပေါ်လူဇော်နည်းနဲ့ လဘ်ထိုးလိုက်လို့ စစ်အုပ်စုက ကျေနပ်တင်းတိမ်မသွားပါဘူး။ နောက်ဆုံးမှာ ပါလီမန် ဒီမိုကရေစီကို ဂုပ်ချိုးပြီး စစ်ဘီလူးဇာတ်ထွက်လာတော့တာပါပဲ။ ၁၉၆၂ မတ်လ ၂ ရက်။
ဒါကြောင့် ၁၉၄၈ မှ ၁၉၆၂ ထိကာလကိုအခုလို ကောက်ချက်ဆွဲနိုင်ပါတယ်။
– ပြည်တွင်းစစ်မရပ်စဲနိုင် – ပြည်တွင်းငြိမ်းချမ်းရေး မရ
– လက်နက်ချမှု မျိုးစုံရှိခဲ့
– စစ်အုပ်စုက ပါလီမန်ဒီမိုကရေစီစနစ်ကို ဇာတ်သိမ်းပစ်ခဲ့တယ်
ဒုတိယပိုင်း ၁၉၆၂ မှ ယနေ့ မျက်မှောက်ကာလအထိ
ဒီကာလကိုလည်း မျဉ်းဖြောင့်တစ်ကြောင်းဆွဲသလို ဆွဲပြီး ပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ဘက်ပေါင်းစုံကို စစ်အုပ်စုက ရာသက်ပန်လိုင်စင်ယူ/ ကန်ထရိုက်ယူထားသလို ဦးပိုင်လုပ်၊ လက်ဝါးကြီးအုပ်ထားတဲ့၊ ဗိုလ်ကျ လွှမ်းမိုးထားတဲ့ မှောင်မိုက်ခါးသီးသော ကာလရှည်ကြီး ဖြစ်ပါတယ်။ အခုချိန်ထိ အဲဒီအရိပ်မဲကြီးက ထိုးလျက်၊ မိုးလျက်ပါပဲ။ “၂၀၀၈ အခြေခံဥပဒေ”ဆိုတာ အဲဒီမိုက်မှောင်ခါးသီးတဲ့ အရိပ်မည်းကြီးပါပဲ။
ရာစုနှစ်ဝက်ကျော်ခဲ့တဲ့ ကာလရှည်ကြီးဖြစ်ပါတယ်။ စစ်အုပ်စုက စစ်အာဏာရှင်စနစ် အရိုးခေါင်းခွံအလံနက်ကို အမြင့်ဆုံးလွှင့် ထူထားတဲ့ ခေတ်ကာလပါ။ အမြင်သာဆုံးအချက်က တိုင်းပြည်နဲ့ လူထု ဆင်းရဲမွဲပြာကျသွားပြီး အုပ်စိုးသူတွေ အချမ်းသာကြီးချမ်းသာ ကြွယ်ဝလာတဲ့ အချက်ပါပဲ။
– ပြည်တွင်းစစ်မရပ်စဲနိုင် – ပြည်တွင်းငြိမ်းချမ်းရေး မရ
– လက်နက်ချမှုမျိုးစုံရှိခဲ့
– စစ်အုပ်စုက (မဆလ)ပါတီနဲ့ ၁၉၇၄ အခြေခံဥပဒေ ကို ဇာတ်သိမ်းပစ်ခဲ့တယ်
– စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့တယ်
အခု ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အစိုးရသစ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ပေါ်လာပါပြီ။ ရက်ပေါင်း ၂ဝ မျှရှိသေးတဲ့ သွေးနုသားနု အစိုးရသစ်ပါ။
အစိုးရသစ်လက်ထက်မှာ ပြည်တွင်းစစ်ရပ်စဲပြီး – ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်မလား။ ဒီမေးခွန်းနဲ့ပတ်သက်လာရင် မျှော်လင့်ချက်က ခြေတစ်လှမ်း လှမ်းရင် စိုးရိမ်မှုကလည်း နောက်ကနေ ခြေလှမ်း တစ်လှမ်းလှမ်းပြီး ဖဝါးခြေထပ်လိုက်ပါနေတယ်။ အစိုးရသစ်မှာ ဦးဆောင်နေသူတွေရဲ့နိုင်ငံရေးဖြတ်သန်းမှု၊ စိတ်နေသဘောထားနဲ့ သူတို့ကြေညာထားတဲ့ မူဝါဒတွေအရတော့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မယ် ပြည်တွင်းငြိမ်းချမ်းရေးရနိုင်မယ့် အလားအလာဟာ တောက်ပနေတယ်လို့ ပြောရမှာပါပဲ။
ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေးလို့ပြောရင် – ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုပါ မဖြစ်မနေ တိတိကျကျ ထည့်သွင်းပြောဆိုရမှာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပြောပြီဆိုရင် “၂၀၀၈အခြေခံ ဥပဒေ”ကို မတို့မထိ၊ ဒီအတိုင်းထားလို့ မရတော့ဘူး။ ဒီတော့ ဒီလုပ်ငန်းစဉ်တွေကို အစိုးရသစ်က ဘယ်ပုံဘယ်နည်းဆောင်ရွက်မှာလဲ။
နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြောကြားချက်တွေထဲမှာ စီထားတဲ့အတိုင်းဆိုရင် “အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ” ဆိုတဲ့ ခရီးစဉ်ကို တွေ့ရပါတယ်။
ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာပါတဲ့ ဒီပြောဆိုချက်ကိုလည်း အလေးထားစဉ်းစားရမှာပါ။
“ငြိမ်းချမ်းရေးညီလာခံများကနေတစ်ဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခုနက ပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ဟာ အင်မတန်မှ လေးလေးနက်နက်ကိုဆက်နွှယ်မှုရှိပါ တယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုဖြစ်ဖို့ လိုပါတယ်။”
ဒီပြောချက်အပေါ် အခြေခံပြောရရင် နိုင်ငံရေးဆွေးနွေးပွဲတွေ (ငြိမ်းချမ်းရေးညီလာခံ)တွေကနေ စတင်မယ့် သဘောဖြစ်လိမ့်မယ်လို့ တွက်ဆရပါတယ်။ ယူဆရပါတယ်။ ရှည်ရှည်ဝေးဝေး၊ ကွေ့ကွေ့ကောက်ကောက် သွားမယ့်ခရီးစဉ်လို့လည်း ကြိုတင်မြော်မြင် ထားရပါလိမ့်မယ်။
“ပြည်တွင်းငြိမ်းချမ်းရေး – စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး – ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေး” ဦးတည်တဲ့ လမ်းပြမြေပုံတစ်ခု များမကြာမီကာလမှာ အစိုးရသစ်ကနေ ထုတ်ပြန်လာဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။
ဒီနေရာမှာ ထည့်သွင်းစဉ်းစားထားရမယ့် ပေါ်လစီတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ စစ်တပ်ပိုင်မြဝတီသတင်းစာမှာ တနလင်္ာနေ့တိုင်း အမြဲတစေ ဖော်ပြနေတဲ့ “ကာချုပ်ရဲ့ ငြိမ်းချမ်းရေးပေါ်လစီ ၆ ရပ်” (ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ ၆ ရပ်)ဆိုတာပဲ ဖြစ်ပါတယ်။
ဒီမူဝါဒရဲ့အနှစ်သာရက လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို “ဦးစွာ ပထမလက်နက်ချပြီး -၂၀၀၈အခြေခံဥပဒေနဲ့တည်ဆဲ ဥပဒေ အားလုံး လိုက်နာရေး” ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး (DDR/SSR) လုပ်ရမယ်ဆိုတဲ့စကားကိုလည်း လက်ရှိ “ကာချုပ်” က တွင်တွင်ပြောနေတာပါ။
တိုင်းတပြည်လုံးလက္ခဏာဆောင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေးပေါ်လစီကို အစိုးရကသာ ထုတ်ပြန်ကြေညာရမှာပါ။ အစိုးရက ထုတ်ပြန်တဲ့ မူပေါ်လစီကသာ အဓိက ဖြစ်ရမှာပါ။ စစ်တပ်က၊ ကာချုပ်က ငြိမ်းချမ်းရေးပေါ်လစီမူဝါဒထုတ်ဖို့ အကြောင်း မရှိပါဘူး။ အတိုက်အခိုက်ရပ်စဲကြောင်း ကြေညာချက်တော့ ထုတ်ကောင်းထုတ်နိုင်ပါလိမ့်မယ်။
ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ကြေညာလာမယ့် ငြိမ်းချမ်းရေးမူဝါဒ ပေါ်လစီအပေါ် မူတည်ပြီး ပြည်တွင်းစစ် ရပ်စဲပြီး – ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မယ်/ မရနိုင်ဘူးဆိုတာ တွက်ဆနိုင်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကလည်း ပြည်တွင်း ငြိမ်းရေးမူဝါဒချမှတ်ရာမှာ ကာချုပ်နဲ့ မညှိနှိုင်းဘဲ၊ မဆွေးနွေးဘဲ ချမှတ်လိမ့်မယ်လို့ မထင်ပါဘူး။
“လက်နက်ချရေး – အပြုတ်တိုက်ရေး” ပေါ်လစီ ကိုင်စွဲခဲ့တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဟာ စစ်အုပ်စုကို ချော့မြှူရင်း သူကိုယ်တိုင်ရော ၁၉၄၇ အခြေခံဥပဒေပါ စစ်အာဏာရှင်စနစ်က နင်းခြေဝါးမျိုသွားတာကို ခံခဲ့ရဖူးတဲ့ သမိုင်းသင်ခန်းစာရှိပါတယ်။ သမိုင်းခေတ် နောက်ခံခြင်း၊ အခြေခံဥပဒေခြင်းတော့ မတူပါဘူး။ ထူးခြားချက်ကတော့ စစ်အုပ်စုစိတ်ကြိုက်ရေးထားတဲ့ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲကနေ ပြည်တွင်းစစ်ကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရမှာဆိုတဲ့ အချက်ပါပဲ။ စစ်အုပ်စု၊ စစ်တပ်နဲ့ ကာချုပ်မျက်နှာ ကြည့်နေရမယ့် ငြိမ်းချမ်းရေးပေါ်လစီ ဆိုရင် အရှည်တည်တံ့မယ့်ငြိမ်းချမ်းရေးရနိုင်ပါ့မလား။
ညီညွတ်ငြိမ်းချမ်းဖို့ဆိုရင် တန်းတူမှုနဲ့ဒီမိုကရေစီပြည့်ပြည့်ဝဝရှိဖို့ လိုပါတယ်။ တန်းတူမှုနဲ့ ဒီမိုကရေစီပြည့်ပြည့်ဝဝရှိတဲ့ အခြေခံ ပေါ်မှာသာ အရှည်တည်တံ့နိုင်မယ့် ညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ညီညွတ်မှုနဲ့ငြိမ်းချမ်းမှုရှိမှလည်း ခေတ်မီဖွံ့ဖြိုးမှုဆိုတဲ့ လမ်းမပေါ်မှာ သူလိုငါလို လျှောက်လှမ်းနိုင်ပါလိမ့်မယ်။