မတ် ၃ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ဆောင်ရွက်နေကြသော ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ဆက်ဆံရေးရုံးအခန်းကဏ္ဍသည် အရေးကြီးကြောင်း ကရင်ပြည်နယ် ဖားအံမြို့တွင် ယနေ့ စတင်ကျင်းပ သည့် ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Workshop)တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။
“ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ ဆက်ဆံရေးရုံးက အရေးကြီးပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအပစ်အခတ်ရပ်စဲရေး အချိန်အခါမှာ မဖြစ်သင့်၊ အဖြစ်အပ်တဲ့ ထိတွေ့မှု ဖြစ်လာနိုင်တယ်။ အဲဒီလို ထိတွေ့မှု ဖြစ်လာမယ်ဆိုရင် ဆက်ဆံရေးရုံးကနေတဆင့် ချက်ချင်းပြဿနာတွေကို ကျနော်တို့က တွေ့ဆုံဆွေးနွေး ပြီးတော့ ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုအလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အဖွဲ့အစည်းအများစုသည် လက်ရှိတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ထားပြီး ရှေ့ဆက်လုပ်ငန်းတွေ လုပ်ဆောင်နေ ကြကာ ထိုသို့ လုပ်ဆောင်တဲ့နေရာ၌ ရှေ့ဆက်လုပ်ငန်းများနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်သွားရမည်ကို ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုသွားကြရန်လည်း သူက တိုက်တွန်းခဲ့သည်။
မတ် ၃ ရက်မှ ၅ ရက်နေ့အထိ ပြုလုပ်သွားမည့် ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် KNU အပါအဝင် ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော်(RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော အထူးပုဂ္ဂိုလ်များ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဆက်ဆံရေးရုံးများ၏ အခန်းကဏ္ဍ လေ့လာရေးစာစဉ်ဟူသည့် စာမျက်နှာ ၄ဝ ပါရှိသော စာအုပ်တစ်အုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။

၎င်းစာအုပ်ကို ပြုစုခဲ့သည့် Centre for Peace and Conflict Studies (CPCS)မှ အမှုဆောင်ဒါရိုက်တာ Emma Leslie က “ဒီငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အောင်မြင်ခဲ့တွေက ဘာတွေလဲဆိုတာ လူတွေ သိသင့်တယ်။ ကျမတို့ ဒီစာအုပ်ကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ဒါတွေပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူပြုမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်နယ် တောင်ကြီးမြို့၊ ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ အပါအဝင် နေရာ ခြောက်ခုတွင် ပြုလုပ်ခဲ့ပြီး ယခု ကရင်ပြည်နယ် ဖားအံမြို့တွင် ဒုတိယ အကြိမ်ဖြစ်ကြောင်း သိရသည်။
KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် ဖားအံ၊ မြဝတီ၊ သထုံ၊ ကျောက်ကြီး၊ ဘုရားသုံးဆူနှင့် ထားဝယ် စသည့် ဆက်ဆံရေးရုံး ၆ခု ဖွင့်လှစ်ထားလျှက်ရှိသည်။



















