Home သတင်း ကရင်ပြည်နယ်အတွင်း ‌ဖေ‌ဖော်ဝါရီမှစ၍ လိုင်စင်မဲ့ယာဉ်များကို စတင်ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့မှူး‌ပြော

ကရင်ပြည်နယ်အတွင်း ‌ဖေ‌ဖော်ဝါရီမှစ၍ လိုင်စင်မဲ့ယာဉ်များကို စတင်ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့မှူး‌ပြော

2735
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

လာမည့် ‌ဖေ‌ဖော်ဝါရီ လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်များကို စတင်ဖမ်းဆီး အ‌ရေးယူ‌တော့ မည်ဟု ဇန်နဝါရီ ၁၃ရက်‌နေ့၊ ‌ကော့ကရိတ်မြို့နယ် ဦးစီးဌာနများ စု‌ပေါင်းရုံးခန်းမ၌ ကျင်းပ‌သော လိုင်စင်မဲ့ကားများ အ‌ရေးယူမှု လုပ်ငန်းစဉ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်‌သော အသိပညာ‌ပေး လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအ‌ဝေးတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦး‌နေမိုးက ‌ပြောဆိုလိုက်သည်။

ယခုရက်ပိုင်းမှစ၍ လကုန်အထိ လမ်းမ‌ပေါ်တွင် လိုင်စင်မဲ့ ကားများ‌မောင်းနှင်မှုများကို ပညာ‌ပေးလုပ်ငန်းစဉ်များ လုပ်‌ဆောင်ပြီး ‌နောက် ‌ဖေ‌ဖော်ဝါရီလဆန်းမှစကာ ဖမ်းဆီးအ‌ရေးယူမှုများ စတင်လုပ်‌ဆောင်မည်ဟု ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိကြီးများ၊ ရဲမှူးကြီးများ၊ ယာဉ်ထိန်းအရာရှိများ၊ ‌ဒေသတွင်း အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ တက်‌ရောက်သည့် ၎င်းအစည်းအ‌ဝေး၌ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦး‌နေမိုးက ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အသိပညာ‌ပေး ကာလလွန်လို့ ဖမ်းဆီးအ‌ရေးယူမှု စတင်ချိန်မှာ‌တော့ အများပြည်သူ သွားလာ‌နေ‌သော လမ်းမများ‌ပေါ် တွင် သွားလာ‌နေကြ‌သော လိုင်စင်မဲ့ကားများ စက်တပ်ယာဉ်များ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ‌ထွေလာ(‌ထော်လာဂျီ) ကားများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပ‌ဒေများနှင့်အညီ အထက်ညွန်ကြားချက်များအတိုင်း ဖမ်းဆီးအ‌ရေးယူ‌ဆောင် ရွက်ကြမှာဖြစ်ပါတယ်။ ‌ဒေသတွင်းက အဖွဲ့ အစည်း‌ပေါင်းစုံနဲ့ စု‌ပေါင်းလုပ်‌ဆောင်သွားမှာပါ״ဟု ‌ပြောကြားသည်။

‌ဒေသခံများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပ‌ဒေကို သိရှိနားလည်သူ အလွန်နည်းပါးသဖြင့် ပထမဦးဆုံး ၎င်းတို့ သိရှိနားလည်‌အောင် အသိပညာ‌ပေးပြီးမှ အ‌ရေးယူ‌ဆောင်ရွက်မှုများကို တဖြည်းဖြည်း လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ တပ်စုမှူးဖြစ်သူ ရဲအုပ်‌ဇော်မျိုးကကလည်း ‌ပြောသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းမည့်အ‌ပေါ် မြဝတီ-ဖားအံ ကား‌မောင်းသူ ကိုမျိုးက “ဒီလိုင်စင်မဲ့ကားကိစ္စက ဒီပြည်နယ်တွင်းမှာ လူတိုင်း ပစ္စလက္ခတ် စီး‌နေကြတာ။ အာဏာပိုင်‌ရော ဌာနဆိုင်ရာ‌ရော၊ လက်နက်ကိုင် အဖွဲ့အစည်း‌တွေ‌ရော၊ ဘုန်း‌တော်ကြီး‌တွေ‌ရော၊ စီးနှင်‌မောင်း‌နေကြတာ ဥပ‌ဒေအတိုင်း တိတိကျကျ၊ ‌ကျောသားရင်သားမခွဲခြားဘဲ အ‌ရေးယူရင်‌တော့ ပြဿနာ မရှိဘူး။ အဲ့သလို မဟုတ်ဘဲ ဘက်လိုက်မှု‌တွေ ရှိရင်‌တော့ ကျ‌နော်တို့လို ရှိစုမယ့်စု‌လေးနဲ့ လုပ်စားကိုင်စား‌နေကြသူ‌တွေ နစ်နာမှာ‌တော့ အမှန်ပဲ” ဟု ‌ပြောသည်။

ယခု လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည့်ကိစ္စနှင့်ပတ်သက်၍ ‌ဒေသတွင်းစီးပွား‌ရေးသမားနှင့် ပြည်သူလူထုအကြား ‌ဝေဖန်မှုမျိုးစုံ ပျံ့နှံ့လျှက်ရှိသလို မြို့‌ပေါ်‌နေ လိုင်စင်မဲ့ကား လက်ဝယ်ရှိသူများက ၎င်းတို့ ပိုင်ဆိုင်သည့်ကားများ မဆုံးရှုံး‌စေရန် မြို့နှင့်‌ဝေး‌သော ‌တောနယ်များသို့ ပို့‌ဆောင် ‌ရှောင်ရှားသိမ်းဆည်း‌နေသည့်အတွက် ‌ဒေသတွင်းလမ်းမများ‌ပေါ်တွင် ယာဉ်သွားယာဉ်လာမှုများ နည်းပါးလျှက်ရှိသည်။

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ကား ဖမ်းဆီး အ‌ရေးယူမှုများကို ‌ရှေးယခင်နှစ်များက နှစ်အပိုင်းအခြားအလိုက် ဖမ်းဆီးအ‌ရေးယူမှု များ ရှိခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် အစိုးရသက်တမ်းမကုန်ခင် ‌နောက်ဆုံး ဖမ်းဆီးအ‌ရေးယူမည့် စီမံချက်ဖြစ်နိုင်သည်ဟု အစိုးရနှင့်နီးစပ်သည့် ကားလိုင်စင်ပွဲစားများက ‌ပြောဆို‌နေကြသည်။

၂၀၁၅ နှစ်ကုန်ပိုင်း ထုတ်ပြန်‌သော ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒ အ‌ပြောင်းအလဲ ဥပ‌ဒေများအရ နယ်စပ် ကုန်သွယ်‌ရေး လမ်း ‌ကြောင်းများမှ ကားတင်သွင်းခွင့်များ ပိတ်လိုက်ပြီး‌နောက် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မှ တရားမဝင် နယ်စပ်ကုန်စည်များ စီးဆင်းရာ နယ်စပ်ဂိတ်များတွင် တရားမဝင် တင်သွင်းလာ‌သော ကားများ ‌ရောင်းဝယ်မှု‌ဈေးကွက်မှာ တည်ငြိမ်လျှက်ရှိသည်ဟု စီးပွား‌ရေးလုပ်ငန်းရှင်များက ‌ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၊ ပြည်နယ်များတွင် လမ်းမ‌ပေါ် လိုင်စင်မဲ့ယာဉ်များ ‌မောင်းနှင်သွားလာမှုကို ‌ဖေ‌ဖော်ဝါရီ လဆန်းပိုင်းမှစ၍ စတင်ဖမ်းဆီးမှုများ လုပ်‌ဆောင်သွားမည်ဖြစ်‌သော်လည်း လူ‌နေအိမ်နှင့် ခြံဝင်းအထိ လိုက်လံဖမ်းဆီးမှုကို မလုပ်‌ဆောင်‌သေး ‌ကြောင်း ‌ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး‌ပြောဆိုချက်အရ သိရသည်။