ဇန်နဝါရီ ၁ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို ့ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိဒေသ ရသင့်ရထိုက် သည့် အခွင့်အရေးများ မဆုံးရှုံးစေရး ဆွေးနွေးစေလိုသည့် အချက်များကို ကြိုတင်ပြုစုပေးပို့ထားရန် သံတောင်မြို့နယ်၊ လိပ်သို မြို့နယ်ခွဲတွင် ဒီဇင်ဘာလ ၂၉ရက်နေ့က ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲ၌ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တောင်ငူ ခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ပြောဆိုခဲ့သည်။
“တကယ်လို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တဲ့အခါကျရင် မိမိဒေသရဲ့ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေ မဆုံးရှံးစေဖို့ တင်ပြ ဆွေးနွေးလိုတဲ့အချက်များကို ကြိုတင်စုဆောင်းထားပြီး ဒေသတာဝန်ခံများထံသို့ တင်ပြထားပေးဖို့ လူထုကို ဆွေးနွေးပြောဆိုခဲ့ ပါတယ်”ဟု ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါလူထုတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူလူထု ပါဝင်လုပ်ဆောင်ရန် မိမိတို့က လိုလားသကဲ့သို့ ပါဝင်လာပါက ကြိုတင်ပြင်ဆင်ထားသင့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ကရင်မျိုးနွယ်စုများ စည်းစည်းလုံးလုံး နေထိုင်ကြရန်လည်း ပဒိုစောအယ်ဝါးက တိုက်တွန်းပြောဆိုခဲ့သည်။
၎င်းတွေ့ဆုံပွဲသို့ ကေအဲန်ယူ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပြည်ထဲရေး ဋ္ဌာန တာဝန်ခံ ပဒိုစောအားတိုးနှင့် တောင်ငူခရိုင်၊ တပ်မဟာ (၂)မှ ကေအဲန်ယူ တာဝန်ရှိသူများ၊ ကရင့်ရေးရာကော်မတီ၊ ဒေသ တွင်း လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ ကရင်မျိုးနွယ်စုများနှင့် ပြည်သူများ စုစုပေါင်း လူဦးရေ ၅၀၀ကျော် တက်ရောက်ခဲ့ကြ သည်။
တစ်ရက်တာ ပြုလုပ်ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင် ကေအဲန်ယူ ဗဟိုကော်မတီဝင်များက ကရင့်သမိုင်းနှင့် ကရင့်တော်လှန်ရေး သမိုင်းကြောင်း၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ ကေအဲန်ယူ ပြည်ထဲရေးဌာနနှင့် သာသနာရေးဌာန လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူများက ပြောသည်။
တွေ့ဆုံပွဲ တက်ရောက်လာသူ ဒေသခံ စောကလိုထူးကြီးက “မျိုးနွယ်စုများပေမယ့်လည်း ကျနော်တို့ကရင်က အခုချိန် စည်းရုံး သင့်ပြီး။ ဒေသခံနဲ့ ကေအဲန်ယူလည်း ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ်လည်း ရှိအုံးမှလေ။ နောက်ပြီး ဒေသဖွံ့ဖြိုးဖို့ ပြည်သူလူထု တွေလည်း လုပ်ဆောင်ဖို့လိုတယ်။ ဒီအချိန်မှာ ဒီလိုတွေ့ဆုံမှုမျိုး များများလုပ်နိုင်လေ ကောင်းလေပဲ”ဟု ကေအိုင်စီသို့ ပြော သည်။
လက်ရှိ NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲ( ပြည်ထောင်စုငြိ်မ်းချမ်းရေး ညီလာခံ) ကို လာမည့် ဇန်နဝါရီလ ၁၂ရက်နေ့တွင် နေပြည်တော်၌ စတင်ပြုလုပ်သွားမည်ဖြစ်ကာ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ၈ဖွဲ့မှ ကိုယ်စားလှယ် ၁၅ဝဦး၊ အစိုးရနှင့်လွှတ်တော်မှ ကိုယ်စားလှယ် ၁၅ဝဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၅ဝဦးများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅ဝဦး၊ အခြားဖိတ်ကြားသင့်သူ ၅ဝဦးနှင့် ဖိတ်ကြားသင့်သူ တိုင်းရင်းသားကိုယ်စားလှယ် ၅ဝဦ်း စုစု ပေါင်း ကိုယ်စားလှယ်ဦးရေ ၇၀ဝဖြင့် စတင် ဆွေးနွေးသွားမည် ဖြစ်သည်။

















