ဒီဇင်ဘာ၃၁ရက်၊၂၀၁၅ခုနှစ်။စောထွန်းလင်း
တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်အရပြုလုပ်မည့်နိုင်ငံရေးဆွေးနွေးပွဲ (အစိုးရအခေါ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) မှတဆင့်စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရန်မျှော်လင့်ချက်သိပ်မထားရှိကြောင်းညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူဦးအေးသာအောင်ကကေအိုင်စီသို့ယမန်နေ့ က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ဒီဇင်ဘာ၂၉မှ၃ဝရက်ထိရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊၉မိုင်ရှိသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး၌ပြုလုပ်သည့် UNA အဖွဲ့ဝင်များစုံညီအစည်းအဝေးတွင်နိုင်ငံရေးဆွေးနွေးပွဲအပေါ်ဆွေးနွေးရာတွင်ယခုကဲ့သို့ အမြင်သဘောထားရှိခြင်းဖြစ်သည်ဟုဦးအေးသာအောင်ကကေအိုင်စီသို့ပြောသည်။
“UNA က NCA မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ပေးဖို့သဘောထားရှိတယ်။အခု၈ဖွဲ့ပဲပါတယ်။လက်မှတ်မထိုးတဲ့အဖွဲ့တွေကိုအထူးဧည့်သည်အနေနဲ့ဖိတ်မယ်ဆွေးနွေးခွင့်တော့မရဘူး။ဒါဆိုရင်တိုင်းရင်းသားအားလုံးမျှော်လင့်တဲ့ပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့အမျိုးသားပြည်နယ်များနဲ့ဖွဲ့စည်းမဲ့ပြည်ထောင်စုကိုဒီညီလာခံကဖော်ဆောင်ပေးနိုင်ပါ့မလားစဉ်းစားစရာတွေဖြစ်လာပြီး”ဟုပြောသည်။
ထို့အပြင်နိုင်ငံရေးဆွေးနွေးပွဲကို UNA ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်ပါတီများမှကိုယ်စားလှယ်များတက်ရောက်မည်ဟုဆုံးဖြတ်ထားပြီး UNA အနေဖြင့်ပြည်ထောင်စုရေးရာအဆင့်တိုင်းတွင်ပါဝင်ကာပြောဆိုဆွေးနွေးသင့်သည့်များကိုပြောဆိုရန်ရည်ရွယ်တက်ရောက်မည်ဖြစ်သော်လည်းနိုင်ငံရေးဆွေးနွေးပွဲအပေါ်မျှော်လင့်ချက်သိပ်မထားကြောင်း၎င်းကဆက်ပြောသည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့် UNA စုံညီအစည်းအဝေးသို့အဖွဲ့ဝင်သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊မွန်အမျိုးသားပါတီ၊ရခိုင်အမျိုးသားပါတီ၊ကရင်အမျိုးသားပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ကယန်းအမျိုးသားပါတီနှင့်ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီတို့တက်ရောက်ခဲ့ပြီးအဖွဲ့ဝင်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှတက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း UNA ထံမှသိရသည်။
ယင်းအစည်းဝေးတွင်အမျိုးသားပြည်နယ်များဖြင့်ဖွဲ့စည်းသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်ရေးမူပါဝင်သည့် UNA ဖွဲ့စည်းပုံမူဝါဒများကိုအတည်ပြုခဲ့သလိုနိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရေးကိစ္စ၊ NLD နှင့်လွှတ်တော်အတွင်း၊အပြင်ပူးပေါင်းလုပ်ဆောင်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့သည်ဟု UNA အဖွဲ့ဝင်ပါတီများထံမှသိရသည်။
ထိုအစည်းအဝေးတွင်အတည်ပြုလိုက်သည့် UNA မူဝါဒနှင့်ဖွဲ့စည်းပုံကိုအဖွဲ့ဝင်အသစ်လျှောက်ထားသည့်နိုင်ငံရေးပါတီ၆ပါတီထံပေးပို့ကာယင်းကိုလက်ခံနိုင်ပါကအဖွဲ့ဝင်အဖြစ်လက်ခံရန်အဖွဲ့အတွင်းမဲခွဲဆုံးဖြတ်သွားမည်ဖြစ်ပြီးထောက်ခံမဲ၇၅ရာခိုင်နှုန်းကျော်ပါကအဖွဲ့ဝင်အဖြစ်လက်ခံရန်ဆုံးဖြတ်ခဲ့သည်ဟုအစည်းဝေးတက်ရောက်ခဲ့သူကရင်အမျိုးသားပါတီ၊အထွေထွေအတွင်းရေးမှူးမန်းကျော်ငြိမ်းကကေအိုင်စီသို့ ပြောသည်။
UNA ကို၂၀၁၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးလက်ရှိအဖွဲ့ဝင်တိုင်းရင်းသားပါတီ၈ပါတီရှိကာပြီးခဲ့သည့်ရွေးကောက်ပွဲတွင်အဖွဲ့ ဝင်၄ပါတီမှကိုယ်စားလှယ်များအရွေးခံရသလိုအဖွဲ့သို့ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ချင်းတိုးတက်ရေးပါတီ၊ရခိုင်မျိုးချစ်ပါတီ၊မြိုအမျိုးသားဒီမိုကရေစီပါတီနှင့်ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ဖြစ်သည်။


















