ဇန်နဝါရီ ၁ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မောင်းနှင်နေသည့် မည်သည့်ယာဉ်မျိုးကိုမဆို မကြာခင် ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းသို့ လုပ် ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းသွားမည့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနှိမ်နင်းရေးကော်မတီတွင် ဌာနဆိုင်ရာများမှ အဖွဲ့ပေါင်းစုံနှင့် ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်ကြမည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ပြောသည်။
“အခုတော့ ကော်မတီမဖွဲ့ရသေးဘူး။ အဲဒီကော်မတီကို ဖွဲ့စည်းပြီးတာနဲ့ လူထုတွေကို တရားဝင် လိုက်ကြော်ငြာမယ်။ ပြီးတာနဲ့ ဖမ်းသိမ်းမယ်။ လူကိုတော့ ဖမ်းဆီးအရေးယူရင် အမှုတွေ ပိုမို ရှုပ်ထွေးလာမယ်။ ဒါကြောင့် လူကိုတော့ မဖမ်းဘူး။ ယာဉ်တွေပဲ ဖမ်းမယ်။ သိမ်းမယ်”ဟု ပြောသည်။
ဇန်နဝါရီ ၁၆ရက်နေ့မှစ၍ ယင်းလိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးသိမ်းဆည်းရန်အတွက် ကော်မတီကို ၂၀၁၆၊ ဇန်နဝါရီလ ပထမပတ် တွင် ပြည်နယ်အစိုးရက အပြီး ဖွဲ့စည်းမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ခုနှစ်တွင် အာဆီယံကုန်သွယ်မှု စတင် ဆောင်ရွက် တော့မည်ဖြစ်သည့်အတွက် အာဆီယံစံချိန်နှင့်အညီ အရှေ့တောင်အာရှမှယာဉ်များ စနစ်တကျ ဖြတ်သန်းသွားလာရန် ရည်ရွယ် ကြောင်း ဝန်ကြီးစောခင်မောင်မြင့်က ထပ်လောင်း ပြောကြားသည်။
သို့သော် ဖမ်းဆီးသွားမည့် လိုင်စင်မဲ့ယာဉ်များကို မည်သို့ ဆက်လက် လုပ်ဆောင်သွားကြမည်ဆိုသည်နှင့် ပတ်သက်၍ ပြည် နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရထံသို့လည်း စာတင်ထားပြီး အထူးသဖြင့် လိုင်စင်မဲ့ယာဉ်များကို ပြည်နယ်လိုင်စင်ထုတ် ပေးရန်လည်း ပါဝင်ကြောင်းနှင့် အဓိကမှာ ပြည်ထောင်စုကသာ ဆုံးဖြတ်ရမည်ဖြစ်သည်ဟု ဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။
ယင်းသို့ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရာတွင် လမ်းသွားလမ်းလာ လမ်းစုံများ၌သာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်များ စတင် ဖမ်းဆီးမည့်အရေးတွင် ကားမောင်းစားသူများ၏ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း ယာဉ်မောင်းများက ပြောဆိုနေကြသည်။
ဖားအံ-မြဝတီ ကားမောင်းနေသူ ကိုရဲပိုင်က “ကရင်ပြည်နယ်က လူတွေက ဒီကားနဲ့ပဲ မိသားစုတွေကို ရှာကျွေးနေရတယ်။ ကလေးပညာရေးအတွက်လည်း ဒီကားနဲ့ပဲ။ လူမှုရေး၊ သာရေးနာရေးကိစ္စနေလည်း ဒီကားနဲ့ရလာတဲ့ ငွေနဲ့ပဲ တာဝန်ရှိသူတွေကို ပြောချင်တာက ဖမ်းပြီးသိမ်းမယ့်အစား အခြားဒေသလိုင်စင်တို့၊ ပြည်နယ်အတွင်း အသုံးပြုခွင့်တို့ လုပ်ဆောင်ပေးပြီး ပြည်နယ် အခွန်လည်း ကျနော်တို့ ပေးဆောင်ပါ့မယ်။ ယာဉ်တိုက်မှုလည်း လျှော့နည်းလာလိမ့်မယ်လို့တော့ မြင်ပါတယ်”ဟု ပြောသည်။
ထိုသို့ယာဉ်များ ဖမ်းဆီးရာ၌ လိုင်စင်မဲ့ဖြစ်ကြသည့် ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ဘေးတွဲယာဉ်များ အားလုံး ပါဝင်မည်ဖြစ်သော်လည်း လိုင်စင်မဲ့ ဆိုင်ကယ်အရောင်းဆိုင်များက ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ရောင်းချလျှက်ရှိရာ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်အတွင်းရှိ လူထုများက အစိုးရအပေါ် ဝေဖန်မှုများရှိနေသည်။


















