ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ကဆောဝါး
ကော့ကရိတ်မြို့နယ် ဒေါနတောင်လမ်းဟောင်းရှိ အလယ်ဘိုတဲနှင် အောက်ဘိုတဲလမ်းပိုင်းတွင် အလုပ်လုပ်နေသော လမ်းပြင် လုပ်သား ၂၃ဦးက ၎င်းတို့ရရှိမည့် လုပ်အားခ ၁၄သိန်းကျော်ကို မရရှိသေးသည့်အတွက် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ယင်းအ လုပ်သမားများက ကော့ကရိတ်မြို့ ဆောက်လုပ်ရေးရုံးရှေ့သို့ သွားရောက်စုရုံးကာ တိုင်ကြားမှုဖြစ်ပွားခဲ့သည်။
ယခုလို တိုင်ကြားရသည့်အပေါ် လမ်းလုပ်သားခေါင်းဆောင်ဦးတိုးကြီးက “ကျနော်တို့လုပ်အားခကို ၁၅ရက်တစ်ခါ ရှင်းပေးဖို့ ပြောထားတာရှိတယ်။ အဲဒီတော့ ကျနော်တို့ စောင့်လာတာ အခု တစ်လကျော်သွားပြီ။ ကျနော်တို့လည်း စားသောက်ရေး အခက်ခဲ တော်တော်ကြုံနေရလို့ အခုလို ရောက်လာတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို ့ပြောသည်။
အဆိုပါ လမ်းလုပ်သားများကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ရက်နေ့က စတင် အလုပ်ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းကြီးကြပ်သူ ကိုထွန်းနိုင်မှ ၃၈ရက်စာ လုပ်ခ မပေးသဖြင့် စားသောက်ရေး အခက်အခဲများ တွေ့ကြုံရခြင်းဖြစ်ကြောင်း လာရောက်တိုင်ကြား သူ လမ်းလုပ်သားများက ဆက်ပြောသည်။
လမ်းဖောက်လုပ်ရေးအတွက် ခေါ်ယူသော လုပ်သားများကို တစ်ရက်နေ့စားခ စားရိတ်ငြိမ်း အမျိုးသားတစ်ဦးလျှင် ၄၅၀ဝကျပ် နှင့် မိန်းကလေးတစ်ဦးလျှင် ၃၅၀ဝကျပ်ဖြင့် ခေါ်ယူလုပ်ဆောင်စေခဲ့သည်။
အလုပ်သမားများ၏ တိုင်ကြားမှုအပေါ် ကော့ကရိတ် ဆောက်လုပ်ရေးအင်ဂျင်နီယာဌာန တာဝန်ရှိသူ AE ဦးမြင့်သောင်းက “အခု ဖြစ်နေတဲ့ကိစ္စက အလုပ်သမားတွေရဲ့ကြီးကြပ်သူကို လုပ်အားခငွေတွေ ပေးချေပြီး ဖြစ်ပေမယ့် ယခုလို ဖြစ်လာတဲ့အပေါ် မှာ ကျနော့်အနေနဲ့ အလုပ်သမားတွေရဲ့အခက်အခဲကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဖြေရှင်းပေးသွားပါ့မယ်”ဟု ပြောဆို သည်။
ထိုသို ့စားသောက်ရေးအခက်အခဲဖြစ်ကာ ဆောက်လုပ်ရေးရုံးရှေ့သို ့စုရုံးရောက်ရှိနေသည့် အလုပ်သမား မိသားစုများကို ကော့ ကရိတ်မြို့ အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ထမင်းဗူးများ၊ ရေသန့်ဗူးများ ဝေငှကူညီပေးခဲ့ကြသည်။
လက်ရှိတွင် ကော့ကရိတ်ဆောက်လုပ်ရေးရုံး တာဝန်ရှိသူများက အလုပ်သမားများနှင့် အလုပ်ကြီးကြပ်သူတို့အကြား ဝင်ရောက် ညှိနှိုင်းပေးခဲ့သဖြင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ပြေလည်သွားပြီးဖြစ်သော်လည်း လုပ်အားခ အပြည့်အဝ ရရှိသွားခြင်းရှိမရှိကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိသလို အလုပ်သမားများအနေဖြင့် ၎င်းတို့နေထိုင်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေးကျေးရွာအုပ်စု ကျောက်ပုံကျေးရွာသို ့ ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။



















