စက်တင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ကဆောဝါး
နိုင်ငံတကာ NGO အဖွဲ့တခုဖြစ်သည့် ကာတာစင်တာ(CARTER CENTER)က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ကော်မရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲကာလအတွင်း ပါတီများအကြား ပဋိပက္ခနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှောက်ယှက်လာမှု ရှိမရှိအပေါ် စက်တင်ဘာလ ၁၇ရက်နေ့က ဆွေးနွေးလေ့လာခဲ့ သည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်က ပြောသည်။
“ကျနော်တို့ အဓိကဆွေးနွေးဖြစ်တာကတော့ ပါတီတွေ အချင်းချင်းကြားမှာ ပဋိပက္ခရှိမရှိနဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် ရွေး ကောက်ပွဲအပေါ် အနှောက်အယှက် ရှိလာနိုင်လားဆိုပြီး မေးမြန်းဆွေးနွေးကြတယ်။ ဦးတို့ကလည်း ပါတီတွေကြောင့်တော့ ပဋိ ပက္ခ မရှိနိုင်ဘူး။ လက်နက်ကိုင်တွေနဲ့ထိစပ်တဲ့ ရပ်ကျေးတွေမှာတော့ လုံခြုံရေးအစီအမံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ တော့ လုပ်သွားမယ်။ အနှောက်အယှက်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကတော့ အာမခံပြီး ပြောလို့မရသေးဘူး״ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
အဆိုပါတွေ့ဆုံမှု၌ ကော့ကရိတ်ခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း အပါအဝင် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု၊ ကော့ကရိတ် ခရိုင်အတွင်းရှိ လူဦးရေစာရင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစာရင်းများအပြင် ကိုယ်စားလှယ်လောင်းများ၏ ကျား/မ ပါဝင်မှု အချိုးအစားများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကာတာစင်တာမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အတွင်း ဒေသခံမဲဆန္ဒရှင်များ မဲစာရင်းကြော်ငြာကပ်ထား သည့် ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးများနှင့် မြို့တွင်းလှည့်လည်၍ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို လေ့လာစုံစမ်း မှုများ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားမှုကို ကာတာစင်တာမှ ယခုနှစ်၊ မတ်လ ၃ဝရက်နေ့တွင် လက်ခံရရှိခဲ့ကာ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် ကြေညာချက်ကို သိရှိပြီး နောက် အဆိုပါဖိတ်ကြားချက်ကို လက်ခံခဲ့ကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးမစ်ရှင်ကို ဩဂုတ်လ အစပိုင်းရက်များမှ စတင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ကာတာစင်တာ တာဝန်ရှိသူ Mr. Ahmed Farag က “ကျနော်တို့ NGO အဖွဲ့က ကမ္ဘာ့တိုက်ကြီး ၄တိုက်က ရွေးကောက်ပွဲပေါင်း တစ်ရာကျော်လောက်ကို လေ့လာစောင့်ကြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အမတ်လောင်းတစ်ဦးဦးကို ဒါမှမဟုတ် ပါတီ တစ်ခုခုကို အလေးပေးတာမျိုး၊ ရန်ပုံငွေပေးတာမျိုးကို လုပ်သွားမှာမဟုတ်ဘူးလို့״ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်အထိ စောင့်ကြည့်လေ့လာရန် နိုင်ငံပေါင်း ၆နိုင်ငံမှ ရေရှည် စောင့်ကြည့်လေ့လာသူ ၆ဦးကို ကာတာစင်တာက စေလွှတ်ခဲ့ပြီးဖြစ်ပြီး လာမည့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင်လည်း ရေတိုစောင့်ကြည့် လေ့လာသူ များအဖွဲ့တစ်ဖွဲ့ကို ဆက်လက် စေလွှတ်သွားရန်ရှိသည်ဟု ကာတာစင်တာ၏ အဆိုပါတာဝန်ရှိသူက ဆိုသည်။
ကာတာစင်တာ NGO အဖွဲ့ကို နိုဘယ်ဆုရှင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့် ၎င်း၏ဇနီး ရိုစယ်လင်းတို့မှ ၁၉၈၂ခု နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရှင်သန်အားကောင်းရေးနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူထုနေထိုင်မှုဘဝ များ ကောင်းမွန်တိုးတက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။



















