စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်နှင့် မြဝတီခရိုင်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများကို ပိုမို အဓွန့်ရှည် စေရေး ဆောင်ရွက်လျှက်ရှိကြောင်း ယမန်နေ့က မဲဆောက်မြို့တွင်ပြုလုပ်သည့် နှစ်နိုင်ငံမှ နှစ်ဖက်ခရိုင်ဝန်များနှင့် အခြားအဆင့် မြင့်တာဝန်ရှိသူများ ပါဝင်သည့် ချစ်ကြည်ရေးဘောလုံးပွဲမစတင်မီ တာ့ခ်ခရိုင်ဝန် နိုင်စုံချိုင်းဟပ်ထိယတန်တိက ပြောဆိုလိုက် သည်။
၎င်းက “မောင်နှမမြို့တော်ဖြစ်တဲ့ မဲဆောက်နဲ့မြဝတီမှာ ရှိပြီးသားချစ်ကြည်ရေးကို ပိုပြီးအဓွန့်ရှည်အောင် ကျနော်တို့ဆောင်ရွက် နေပါတယ်။ နှစ်ဖက်နယ်စပ်ကိုလည်း အတူအကွ တိုးတက်ကြီးပွားစေချင်ပါတယ်။ ချစ်ကြည်ရေးတည်ဆောက်တဲ့နေရာမှာ အား ကစားက ကောင်းမွန်တဲ့ဆက်သွယ်ရေးတခုဖြစ်ပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေကိုလည်း ပိုမိုရင်နှီးချစ်ခင်စေလိုတဲ့ ရည်ရွယ် ချက်လည်း ပါတယ်”ဟု ကေအိုင်စီကို ပြောဆိုခဲ့သည်။
မြန်မာနှင့် ထိုင်းနိုင်ငံများသည် လွန်ခဲ့သည့် ၂နှစ်ကျော်မှစ၍ နှစ်ဖက်တာဝန်ရှိသူများက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ် ကျေးမှုဆိုင်ရာ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စ၊ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နှင်းရေးဆိုင်ရာကိစ္စများကို ဆက်စပ်ဆောင်ရွက်ခဲ့သော ကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်ဟုလည်း နှစ်ဖက်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ကြသည်။ ယင်းသို့ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာသည့်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသည့် ပြစ်မှုမျိုးစုံ ကျူးလွန်သူများကိုလည်း အပြန်အလှန် ဖမ်းဆီးလွှဲပြောင်းမှုများကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့မှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက “ဥပမာအနေနဲ့ပြောရရင်တော့ မကြာခင်က ရန်ကုန်မှာ အများဆုံးဖမ်းမိတဲ့ မူး ယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိကတာဝန်ရှိသူကို ဒီလထဲမှာပဲ မဲဆောက်မှာဖမ်းဆီးနိုင်ခဲ့ပါ တယ်။ ဒါက နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှုရလဒ်တွေ ဖြစ်တယ်ဟု ဆိုသည်။
ချစ်ကြည်ရေးဘောလုံးပွဲကို လာရောက်ကြည့်ရှုအားပေးသည့် နယ်စပ်အရေးလေ့လာသူ ထိုင်းနိုင်ငံသား ဥပဒေပညာရှင် နိုင်ယို ထင်က “အရင်ကဆိုရင် မြဝတီနဲ့မဲဆောက်က နှစ်ဖက်ခရိုင်တာဝန်ရှိသူတွေကြားမှာ ဆက်ဆံရေးက အေးတိအေးစက်နဲ့ အားရ ဘို့ မကောင်းဘူး။ အခုဆိုရင် သူတို့ဆက်ဆံရေးက အထူးကိုတိုးတက်လာတာတွေ့ရတယ်။ ဒါက နှစ်ဖက်ချစ်ကြည်ရေး တိုး တက်လာတဲ့ အချက်တွေဖြစ်တယ်”ဟု ဆိုသည်။
အလားတူ နှစ်ဖက်တာဝန်ရှိသူများက မဲဆောက်နှင့် မြဝတီတို့တွင် နှစ်နိုင်ငံထုတ်ကုန်များဆိုင်ရာ ကုန်စည်ပြပွဲများကိုလည်း ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက နှစ်ဖက်နယ်စပ်တွင် အပြန်အလှန် ပြုလုပ်ကျင်းပခဲ့ကြသည်။
ယနေ့မဲဆောက်တွင် ပြုလုပ်သည့် ချစ်ကြည်ရေးဘောလုံးပွဲတွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး လာမည့်လ ၁ဝရက်နေ့တွင် မြဝတီခရိုင်က အိမ်ရှင်အဖြစ်တာဝန်ယူကာ မြဝတီမြို့၌ အဆိုပါချစ်ကြည်ရေးပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။