စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း လူကုန်ကူးခံရသည့်အမှု ၃ မှုကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့သည်ဟု ကရင်ပြည်နယ် လူကုန်ကူးတားဆီးရေးတပ်ဖွဲ္ပ့မှ တာဝန်ခံရဲမှူး မင်းမောင်မှ စက်တင်ဘာ ၁၃ရက်နေ့က ကျရောက်သည့် မြန်မာနိုင်ငံ လူကုန်ကူးတားဆီးကာကွယ်ရေးနေ့တွင် ကေအိုင်စီသို့ ပြောသည်။
လူကုန်ကူးခံရသည့် အမှု ၃ မှုတွင် ရွှေ့ပြောင်းအလုပ်သမားများမှ ဖြစ်ကြပြီး ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရမှု၊ လက်ဝါးခေါင်းပုံဖြတ်ခံရမှုနှင့် ပြည်တွင်းစားသောက်ဆိုင်တွင် လိဒ်ပိုင်းဆိုင်ရာကိစ္စ အဓမ္မစေခိုင်း ခံရသည့် အမှုများဖြစ်ကြောင်း ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လူကုန်ကူးတားဆီး ကာကွယ်ရေးနေ့ အခမ်းအနားအပြီး ရဲမှူးမင်းမောင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ကရင်ပြည်နယ်မှာတော့ ဒီ ၂၀၁၄ ခုနှစ်တုန်းက လူကုန်ကူးခံရတာ ၃ မှု၊ လူမောင်ခိုက ၆ မှုပေါ့။ အဲဒီ လူမမောင်ခိုကတော့ တရားဝင် အေဂျင်စီမဟုတ်ဘဲနဲ့ ပွဲစားနဲ့ ပို့ပေးတာပေါ့။ လူကုန်ကူးမှုဖြစ်စဉ်ကတော့ လက်ဝါးခေါင်းပုံဖြတ်တာ ဒီ ၂၀၁၅မှာတော့ လူကုန်ကူးမှု ၃ မှု လူမောင်ခိုမှုက ၄ မှုဖြစ်တယ်၊ ယနေ့အထိပေါ့။ လူကုန်ကူးမှုကတော့ တစ်ဖက်နိုင်ငံကို သွားပြီး လူကုန်ကူးခံရမှုမကဘဲ ပြည်တွင်းမှာလည်း ရှိပါတယ်”ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ်အတွင်းရှိ အများစုမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင် ကြသူများဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည်ဆိုလျှင် တစ်ဖက် နိုင်ငံမှာရှိသည့် အလုပ်သမားများအဖွဲ့ ဖုန်းနံပါတ်များ NGO အဖွဲ့ဖုန်းနံပါတ်များမှတ်သားယူဆောင်ထားသင့်သလို လူကုန်ကူးမှ ပပျောက်ရန်အတွက် ပြည်သူများလည်း ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုအပ်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် ယင်းအခမ်းအနားတွင် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနား တက်ရောက်ခဲ့သည့် ကရင်ပြည်နယ်ဥပဒေအရာရှိဖြစ်သူ ဦးကျော်မင်းအောင်က “ယနေ့အထိ လူကုန်ကူးမှုတွေဟာ နည်းလမ်းအများအပြားရှိလာပြီး လူကုန်ကူးဖို့ ပေါ်တင် လိုက်စည်းရုံးသူတွေရှိသလို နည်းပညာအရ စည်းရုံးလာကြသူများရှိလာတယ်။ ဒီလူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဟာ ပုဒ်မ၂၄ နဲ့ တရားစွဲဆိုတဲ့ အမှုများပြီး လူကုန်ကူးမှု ပြစ်ဒဏ်ချရင် အနည်းဆုံးထောင်ဒဏ် ၁ဝနှစ်နှင့် အများဆုံး တစ်သက်တစ်ကျွန်းအထိ ချမှနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူကုန်ကူးမှုအပေါ် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်နေသည့် နော်ခူကလည်း “ထိုင်းမှာ ရောင်းစားခံရတာ ကျမ တွေ့ဖူးတာက အမျိုးမျိုးပေါ့။ တချို့က ကယ်လီသမားသဌေးအိမ် သွားပို့ပြီးတော့ ဘယ်သူနဲ့မှ ဆက်သွယ်မပေးဘူး။ ကယ်လီသမားက သဌေးဆီ လခလာယူတယ်။ လတိုင်း လိမ်ခံရတဲ့ လူတစ်ယောက်က အလကားဘဲ အလုပ်လုပ်ရတယ်။ အဲလိုတစ်မျိုးလည်း ရှိတယ်။ ဒီလို လူတွေကို အများအားဖြင့်တော့ နီးစပ်ရာ ဆွေမျိုးတွေ ကနေ လွတ်မြောက်ဖို့ လာရောက်ခိုးထုတ်ကယ်တင်တာ များပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ကုန်ကူးမှုအများဆုံးသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီလမ်းကြောင်းတွင် အများဆုံးဖြစ်ပြီး အခြားနယ်စပ်မြို့များတွင်လည်း လူကုန်ကူးမှုများရှိသည်ဟု သိရသည်။



















