Home ထိပ်တန်းသတင်း NCA ကိစ္စ ပြည်သူလူထု၏ အကြံပြုမှုများအ‌ပေါ် သတိပြု လုပ်‌ဆောင်သွားမည်ဟု SD ‌ပြောဆို

NCA ကိစ္စ ပြည်သူလူထု၏ အကြံပြုမှုများအ‌ပေါ် သတိပြု လုပ်‌ဆောင်သွားမည်ဟု SD ‌ပြောဆို

1936

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA လက်မှတ်‌ရေုးထိုးရာ၌ လူထု၏ အကြံပြုမှုများအ‌ပေါ် သတိပြုလုပ်‌ဆောင်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ အပစ်ခတ်ရပ်‌ရေးဆိုင်ရာ အဆင့် မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ (EAOs SD) အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်က ဖားအံမြို့၌ ယ‌နေ့ပြုလုပ်သည့် လူထုရှင်း လင်းပွဲအပြီးတွင် ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

ပဒို‌နော်စီဖိုးရာစိန်က “‌ခေတ်အဆက်ဆက်အစိုးရ‌တွေရဲ့ ငြိမ်းချမ်း‌ရေးအ‌ပေါ် လိုက်နာ‌ဆောင်ရွက်မှု‌တွေ မရှိခဲ့တာ‌တွေကို လူထု ‌တွေ ကြုံ‌တွေ့ခဲ့ရ‌ပေါင်းများတယ်။ ဒါ‌ကြောင့် သူတို့‌တွေအ‌နေနဲ့ စိုးရိမ်မှု‌တွေရှိကြတယ်။ သူတို့ရဲ့စိုးရိမ်မှု‌တွေ အကြံပြုမှု‌တွေက ကျမတို့ရဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေမှာ ပံ့ပိုးမှု‌တွေနဲ့ သတိပြုစရာ‌လေး‌တွေ ဖြစ်လာတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

NCA နှင့် ပတ်သက်သည့် အဆိုပါလူထုရှင်းလင်းပွဲတွင် တက်‌ရောက်သူ ‌ကျေးရွာလူထုနှင့် အပြန်အလှန် ‌မေးမြန်း‌ဖြေကြားမှုမှ သိရှိခဲ့ရသည့် လူထု၏ စိုးရိမ်မှုနှင့် အကြံပြုမှုများကို KNU အတွင်းဖြစ်‌စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား၌ဖြစ်‌စေ ပြန် လည် ‌ဆွေး‌နွေးတင်ပြကာ သတိပြု လုပ်‌ဆောင်သွားမည်ဟုလည်း ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

“ပြည်သူလူထုက‌တော့ ကျ‌နော်တို့ကို ‌တော်လှန်‌ရေးသတိရှိရှိ၊ နိုင်ငံ‌ရေးသတိရှိရှိနဲ့ ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့၊ သ‌ဘောထား ကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ‌ဆောင်ရွက်ဖို့ တွန်းအား‌ပေးတိုက်တွန်းပါတယ်။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲ‌ရေးကို ‌ကောင်း ‌ကောင်းမွန်မွန် ‌ဆောင်ရွက်‌ပေးပါလို့ ‌တောင်းဆိုပါတယ်။ ကျ‌နော်တို့ကလည်း ‌ဆွေး‌နွေးပွဲမှာ ပြည်သူလူထုရဲ့ လိုလားချက်‌တွေ မ‌ပျောက်ပျက်‌အောင် ဝိုင်းဝန်း‌ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရဘက်ကလည်း သူ‌ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာထိ လုပ် ‌ပေးဖို့ကို ကျ‌နော်တို့ ‌ပြောဆိုသွားမှာ ဖြစ်ပါတယ်”ဟု SD အဖွဲ့ဝင် ခွန်မြင့်ထွန်းက ဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတိုက်၌ ပြုလုပ်သည့်အဆိုပါ လူထုရှင်းလင်းပွဲသို့ SD အဖွဲ့‌ခေါင်း ‌ဆောင် ပဒို‌နော်စီဖိုးရာစိန်နှင့် SD အဖွဲ့ဝင်ဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က ဦး‌ဆောင်ရှင်းလင်း‌ပေးခဲ့ပြီး ဖားအံနှင့် ‌ကော့ကရိတ်မြို့နယ်များမှ ပဋိပက္ခများ ဖြစ်ရှိ‌နေသည့် ‌ကျေးရွာများမှ ပြည်သူလူထုများ၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ နယ်ခံနိုင်ငံ‌ရေးပါတီများ အပါအဝင် ဖားအံမြို့ ရပ်မိရပ်ဖများနှင့် လူငယ်လူရွယ်များ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ဖားအံမြို့‌နေ ‌စောချစ်သန်းက “သမိုင်းအ‌ကြောင်းအရ ကျ‌နော်တို့နိုင်ငံမှာ ‌ခေတ်အဆက်ဆက် သ‌ဘောတူစာချုပ်‌တွေ ထိုးခဲ့တဲ့‌နေရာမှာ အစိုးရဘက်ကစပြီး ချိုး‌ဖောက်ခဲ့တာပဲ ‌တွေ့ရတယ်။ ဒီအ‌ပေါ်မှာ အခုထိုးမယ် NCA စာ ချုပ်မှာလည်း အလားတူ ချိုး‌ဖောက်မှုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်မိတယ်။ ဒီအ‌ပေါ်မှာ ဘယ်လိုစီမံထားမှုမျိုး ရှိလဲဆိုတာကိုလည်း ‌မေးမြန်းဖြစ်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုအခမ်းအနားတွင် SD ‌ခေါင်း‌ဆောင်များ၏ ပြန်လည်‌ဖြေကြားမှုအရ ယခင်အစိုးရလက်ထက်များတွင် တစ်ဖွဲ့ချင်းအ‌နေဖြင့် ‌တွေ့ဆုံလက်မှတ်ထိုးခဲ့ကြ‌သော်လည်း လက်ရှိတွင် တိုင်းရင်းသားများနှင့် နိုင်ငံတကာမှ အသိသက်‌သေများအဖြစ် ပါဝင်လာ မည့်အ‌ပေါ် လက်မှတ်ထိုးမည့် အပစ်ရပ်စာချုပ်မှာ တည်မြဲလိမ့်မည်ဟု ထင်မြင်မိ‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

အလားတူ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့် ပတ်သက်သည့် လူထု‌တွေ့ဆုံပွဲများ၊ လူထုရှင်းလင်းပွဲများကို ကရင်ပြည်နယ် အပါအဝင် ရန်ကုန်မြို့နှင့် ‌ကေအဲန်ယူ ထိန်းချုပ်ရာ‌ဒေသများတွင်လည်း ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လူထု‌တွေ့ဆုံရှင်းလင်းပွဲများကို အလျင်းသင့် သလို ပြုလုပ်သွားမည်ဖြစ်ပြီး ယ‌နေ့ပွဲကို ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)က စီစဉ်‌ပေးခဲ့ခြင်းဖြစ်သည်။