စက်တာင်ဘာ ၃။ ၂၀၁၅။ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရုတ်ကုန်သည်ကြီးများ စုပေါင်း ဖွဲ့စည်းထားသော မဲဆောက်စုပေါင်းကုသိုလ်ပြုအဖွဲ့က ကွယ်လွန်သွားသည့် ဆွေမျိုးများကိုရည်စူး၍ ဆင်းရဲချို့တဲ့သူများကို ပေးကမ်းသည့် အလှူ ပွဲသို့ ဒေသတွင်းရောက် မြန်မာနိုင်ငံသား (၁) သောင်းကျော် လာရောက်ခဲ့ကြသည်။
အလှူ ပွဲ လာရောက်သူများကို တဦးလျှင် ဆန် ၄ကီလို၊ မာမားခေါက်ဆွဲထုပ် အသေး ၅ ထုပ်၊ ငါးသေတ္တာဘူးသေး ၅ဘူးနှင့် ဆားတထုပ်ပါရှိသည့် ပစ္စည်းများကို လှူ ဒါန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား (၁၂၀၀၀) အတွက် ပေးကမ်းနိုင်ခဲ့သည်ဟု အလှူ ရှင်တဦးက ဆိုသည်။
မဲဆောက် စုပေါင်းကုသိုလ်ပြုအဖွဲ့မှ ဥက္ကဌ ဒေါက်တာဆူချပ် တီရတ်ဝပ်ထနာက ” ဒီလ ရောက်တိုင်း တရုတ်လူမျိုးတွေက ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ဆွေးမျိုးသားတွေအတွက် နှစ်စဉ်အလှူ ပေးကြတာပါ။ ကျနော်တို့ အသင်းက ဒီအလှူပွဲကို ကျင်းပလာတာ ဒီနှစ်ဆိုရင် ၄၅ နှစ်ရှိပါပြီး။ ဆင်းရဲနွမ်းပါးတဲ့လူတွေကို လှူ တာပါ။ လူတသောင်းနှစ်ထောင်အတွက် ပစ္စည်းထုပ်တွေ ပြင်ဆင်ထားပါတယ်။” ဟု ပြောဆိုသည်။
ယနေ့အလှူ ပွဲသို့ လာရောက်ကြသည့် သူများထဲတွင် သုံးပုံတပုံမှာ အရွယ်မရောက်ကြသေးသည့် ကလေးသူငယ်များဖြစ်ပြီး မိဘများနှင့်အတူ လာရောက်ခြင်းဖြစ်သည်ဟု ပဉ်စမတန်း ကျောင်းသား ဖိုးသောကြာက ဆိုသည်။
၎င်းက” ကျနော်တို့ မိသားစုက ကိုးယောက်ရှိတော့ ဆန်ထုပ်ကိုးထုပ်ရတယ်။ ဒီနေ့ ကျောင်းမတက်ဖြစ်ဘူး။ ဆန်လှူ ပွဲရှိလို့ပါ။ ကျောင်းက သူငယ်ချင်းတွေလည်း လာကြပါတယ်။ ဆန်ထုပ်ထဲမှာ ပါတဲ့ပစ္စည်းက ဘတ်ငွေနှစ်ရာလောက်တန်တယ်။” ဟု ကေအိုင်စီက ကိုပြောဆိုသည်။
အလှူရှင်တဦးဖြစ်သည့် နိုင်ဆူချိုင်းက” ဒီအလှူ ကိုယ့်အဖေတို့ လက်ထက်ကနေ နှစ်စဉ် ပြုလုပ်လာတာပါ။ အရင်ကတော့ ဒေသခံထိုင်းတွေ လာကြပါတယ်။ ခုနောက်ပိုင်းကျတော့ မြန်မာတွေပဲ လာကြတာများတယ်။ အဓိက လှူတာကတော့ မရှိဆင်းရဲသားတွေအတွက်ပါ။” ဟု ပြောဆိုသည်။
မဲဆောက်တရုတ်ဘုံကျောင်းတွင် အခြေစိုက်သည့် မဲဆောက်စုပေါင်းကုသိုလ်ပြု အဖွဲ့သည် ယခင်လက မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအတွက် အဝတ်အထည် အစားအသောက်နှင့်ဆေးဝါးများအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို မဲဆောက်-မြဝတီလမ်းကြောမှတဆင ့်ရေဘေးသင့်ဒေသများသို့ ပေးပို့လှူ ဒါန်းခဲ့သည့် ကုသိုလ်ပြုအဖွဲ့အစည်းလည်းဖြစ်သည်။



















