ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ဖွင့်ပွဲတွင် ထိုင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူများက ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပြီး ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရန်ရှိသည်ဟု ထိုင်းဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြဝတီ၌ ယခုလ ဩဂုတ် ၃ဝရက်နေ့တွင် နှစ်နိုင်ငံပူးတွဲကျင်းပမည့် ဒေါနတောင်ပတ် အာရှအဝေးပြေး ကားလမ်းသစ်ဖွင့်ပွဲသို့ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဆုမ်ခစ်ကျတူစီဖိထပ်နှင့်အတူ စောမူ တူးစေးဖိုးတို့က ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ ဖွင့်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက “နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးကြတော့ တက်ရောက်ကြမဲ့ နှစ်နိုင် ငံခေါင်းဆောင်တွေအပြင် ဒီအာရှလမ်းသစ်ဖောက်လုပ်နိုင်ဖို့အတွက် အဓိက အကူအညီပေးတဲ့ စောမူတူးစေးဖိုးကို ဖွင့်ပွဲတက် ရောက်ပြီး စကားပြောဖို့ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီလမ်းဖောက်ဖို့အတွက် ကေအဲန်ယူခေါင်းဆောင်တစ်ဦးအနေနဲ့ သူ က ရဲရဲဝံ့ဝံ့နဲ့ လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင်လည်းဖြစ်တော့ သူ့ကို ချန်ထားလို့မရဘူး”ဟု ပြောဆိုသည်။
အာရှလမ်းသစ်ကို KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသတွင် ဖောက်လုပ်နိုင်ရေးသည် ကရင်လက် နက်ကိုင်အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က ဖြည့် စွက်ပြောဆိုသည်။
မြဝတီမြို့အခြေစိုက် KNU ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးဇောရိုးက “ဥက္ကဌကြီး အာရှလမ်းသစ်ဖွင့်ပွဲမှာ တက်ရောက်မိန့်ခွန်း ပြောမယ်ဆိုတာ ဟုတ်ပါတယ်။ ဖိတ်စာလည်း ရရှိထားပြီးဖြစ်ပါတယ်။ ဖွင့်ပွဲကို တက်ဖြစ်မဖြစ်ဆိုတာကတော့ ကျနော်တို့လည်း အတိအကျ မပြောနိုင်ဘူး”ဟု ကေအိုင်စီကို ပြောဆိုသည်။
အရှည် ၂၈မိုင် ၂ဖာလုံရှိသော မြဝတီ-ကော့ကရိတ် တောင်ပတ်ကားလမ်းဖြစ်သော အာရှလမ်းသစ်ကို ထိုင်းနိုင်ငံဘက်က အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ထိုင်းလမ်းဖောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် SEE SANG KARM YOTAH (1979) Co. Ltd က လေးနှစ်နီးပါး အချိန်ယူကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အာရှလမ်းသစ်ကို အသုံးပြုပါက ကော့ကရိတ်-မြဝတီကို ယာဉ်မောင်းချိန် ၄၅ မိနစ်ခန့်သာကြာပြီး ယခင်လမ်းဟောင်းဖြစ်သော ၃၈ မိုင်အရှည်ရှိ ဒေါနတောင်ကျော်ကားလမ်းကို အသုံးပြုပါက ယာဉ်မောင်းချိန် ၂ နာရီကျော်ကြာသည်ဟု ယာဉ်မောင်သမားများက ပြောဆိုကြသည်။
အဆိုပါလမ်းဖွင့်ပွဲကို ယခင်လ ၂ဝ ရက်နေ့က နှစ်နိုင်ငံခေါင်းဆောင်များ ပူးတွဲဖွင့်လှစ်ရန် ရှိသော်လည်း လမ်းပိုင်းအတွင်း မြန်မာစစ်တပ်နှင့်(ဒီကေဘီအေ) တို့အကြားတွင် ရက်ရှည်တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် မူလအစီအစဉ် ပြောင်းလည်းသွားခြင်းဖြစ်သည်။



















