Home သတင်း KNU တပ်မဟာ(၅)တပ်ဖွဲ့နှင့် နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွား

KNU တပ်မဟာ(၅)တပ်ဖွဲ့နှင့် နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွား

2099

ဩဂုတ် ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မယ်ပရီ‌ဒေသ အ‌ခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ကရင်နယ်ခြား‌စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များအကြား ဩဂုတ်လ ၁၅ရက်‌နေ့က နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု KNUဘက် ‌ပြောသည်။

BGF တပ်ရင်း (၁၀၁၄) မှ ‌စောဖားသာဒဲ ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ၎င်းတို့ သတ်မှတ်နယ်‌မြေကို ‌ကျော်လွန်ကာ ဝင်‌ရောက်လှုပ်ရှားလာသဖြင့် ဖာပွန်မြို့နယ်ရှိ မယ်ပရီနှင့် မယ်လား လမ်းခွဲတစ်‌နေရာ၌ KNLA တပ်ရင်း (၁၀၂)မှ တပ်ဖွဲ့ဝင်တို့နှင့် ၁ဝမိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA ၁၀၂မှ တပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မနက် ၉နာရီ မိနစ် ၂ဝမှာ ကျ‌နော်တို့လူနဲ့ BGF တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်တယ်။ ကျ‌နော်တို့ သတ်မှတ်ထားတဲ့ နယ်‌မြေကို ‌ကျော်လွန်ပြီး ဝင်‌ရောက်လာတဲ့အတွက် အပြန်အလှန်ပစ်ခတ်တဲ့သ‌ဘောပါ။ သူတို့ဘက်‌ကော ကျ‌နော်တို့ဘက်ကပါ ထိခိုက်မှု မရှိဘူး သိရတယ်။״ဟု ‌ပြောသည်။

ထို့အပြင် ဩဂုတ်လ ၁၆ရက်‌နေ့တွင်လည်း အဆိုပါ နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မယ်လား‌နေရာတွင် RPG လက်နက်ဖြင့် ၄ချက်တိုင်တိုင် လှမ်း၍ ပစ်ခတ်‌သေးသဖြင့် ထို‌ဒေသရှိ ‌ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်‌နေရ‌ကြောင်း အဆိုပါ KNLA တပ်မှူးက ဆက်‌ပြောသည်။

ယခုကိစ္စအ‌ပေါ် မြဝတီမြို့ရှိ BGF‌ပြောခွင့်ရ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “တိုက်ပွဲဖြစ်တဲ့ ဆိုတဲ့အ‌ကြောင်းကို ကျ‌နော်တို့ဆီကို သတင်းမရ‌သေးဘူး‌နော်။ အမှန်‌တော့ အခုချိန်မှာ ငြိမ်းချမ်း‌ရေးအတွက် အားလုံးက တစိုက်မတ်မတ် ကြိုးစား‌နေတဲ့အချိန်မှာ အခုလို မျိုးဥစ္စာက‌တော့ နှစ်ဖက်လုံးအတွက် ဘယ်လိုမှ အဆင်မ‌ပြေဘူးထင်တယ်။ စစ်ဖြစ်တယ်ဆိုတာ ကျ‌နော်တို့ကရင်လူထုအတွက် ‌ကောင်းသလားဆိုတာက‌တော့ လက်နက်ကိုင်တဲ့လူ‌တွေ အားလုံး စဉ်းစား‌စေချင်တယ်‌လေ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နရီလ ၁၂ရက်‌နေ့တွင် KNUနှင့် အစိုးရတို့ကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ် သ‌ဘောတူညီလက်မှတ်‌ရေးထိုးပြီးသည့်‌နောက်ပိုင်း KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်မ‌တော်၊ BGF တို့အကြား ၁ဝ ကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီဖြစ်သည်ဟု KNU သတင်းရပ်ကွက်အရ သိရသည်။

မြန်မာအစိုးရ အဆက်ဆက်ကို နှစ်‌ပေါင်း ၆၀‌ကျော်ကြာ ခုခံ‌တော်လှန်‌နေသည့် KNUသည် လက်ရှိ အစိုးရနှင့် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာစာချုပ် (NCA)‌ပေါ်တွင် လက်မှတ်‌ရေးထိုးမည်ဟု တရားဝင် ထုတ်ပြန်‌ကြေညာထားသည်။