ကဒေါင်ဆွေ
ဒါဟာ အတ္တလား….. လောဘလားတော့ ကျမ မပြောတတ်ဘူး။ ဒီလူတွေကို ကျမ ညီတူညီမျှ ချစ်တယ်။
ဒီလူတွေရဲ့ ရင်ခွင် … ဒီလူတွေရဲ့ လက်ပေါ်မှာ မှေးစက်ခိုနားရတာကို ကျမ မက်မောတယ်။
လသာတဲ့ညတွေမှာ ဒီလူတွေရဲ့ သီချင်းသံလေးထဲ ကျမ မျောပါရင်း ဗိုင်းငင်ခံရတာကိုပဲ သာယာကြည်နူးမိတယ်။
ကျမရဲ့ခန္ဓာ ကျမရဲ့ ပိုင်ဆိုင်မှု အလှတရားမှန်သမျှ ပုံအော ပေးဆပ်ခဲ့တဲ့အထိ ဒီလူတွေက ကျမကို စွဲဆောင်မြဲ စွဲဆောင်နေ တော့တာပါပဲ…………။
နှစ်ပေါင်းများစွာကတည်းက ဒီလူတွေနဲ့ ကျမ နေသားကျခဲ့တယ်။ ဘာမဆို ကျမတို့ ရောင့်ရဲတင်းတိမ်ခဲ့တယ်။
ကျမဟာ ဒီလူတွေနဲ့အတူ ခရီးကြမ်းကို ဖြတ်ကျော်လာရင်း အကြိမ်ကြိမ် လဲကျခဲ့ဖူးတယ်။
အဖန်တစ်ရာမက ဆွေးမြည့်ခဲ့ဖူးပါတယ်။
သို့ပေမင့်………….
ထီးဆဲ့မဲ့ယွာမှာ အစပျိုးလာခဲ့တဲ့ ရိုးသားဖြူစင်မှု သစ္စာတရားတွေကို ဒီလူတွေ ထိန်းသိမ်းဖို့ ပျက်ကွက်တိုင်း၊ သူစိမ်းဆန်မှုပြုတိုင်းမှာ ကျမ ဝမ်းနည်းခဲ့ရတယ်……
အထူးသဖြင့် …
ဒီလူတွေရဲ့ မိခင်အနွယ်၊ ဖခင်အနွယ်ဝင် အားလုံးအားလုံးဟာ တသွေးတသားတည်းကျဖို့၊ အစဉ်အမြဲ ချစ်ခင်ရင်းနှီးမှုရှိဖို့
ဘယ်ဆီဘယ်ဝါရောက်ရောက် တစ်ဦးနဲ့တစ်ဦး မှတ်မိလွယ်ဖို့ ကျမ စွမ်းဆောင်ပေးခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရတာကို ဝမ်းနည်းဆုံး၊ စိတ်ပျက်ဆုံးပါပဲ။
ဒါပေမဲ့ ကျမ စိတ်ဓါတ်မကျခဲ့ပါဘူး။
ကျမတို့ရဲ့ ခရီးကြမ်း ၇၃၉ မှတ်တိုင်မှာ ရောက်ရှိခဲ့တဲ့အချိန်ကစပြီး ဒီလူတွေရဲ့ အားအင်တွေကို ကျမ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါတယ်။
ဒီလူတွေတချို့က ကျမကို ဥပေက္ခာပြုကြပေမဲ့ တချို့ဆို ကျမနဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီလူတွေ အစဉ်အမြဲ သွေးစည်းဖို့ ကျမမှာ တာဝန်ရှိတယ်လို့ ခံယူထားခဲ့ပါတယ်။
အခုဆို ကျမ ပိုပြီး စိတ်လှုပ်ရှားလာခဲ့ရပါတယ်။
ဒါကလည်း ဝါခေါင်လ နီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ဒီလူတွေအပေါ် သံယောဇဉ်ကြိုး ရစ်တိုးငင်လို့ အဝိဇ္ဇာလွမ်းတဲ့
ဖြစ်စဉ်လေးပါပဲ။
တကယ်လို့များ လောကဓံတရားတိုက်စားလို့ ကျမရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ် တစ်စစီ လွင့်မျောပြက်ပျယ်သွားသည့်တိုင်အောင် နောက်ဆုံးကျန်ရှိမဲ့ ခန္ဓာကိုယ်အပိုင်းအစထဲက သက်မဲ့ ချည်ဖြူလေးတစ်မျှင်ဟာ ဒီလူတွေရဲ့ အမှတ်တံဆိပ်အဖြစ်နဲ့
ကျမ ရပ်တည်နေချင်ပါသေးတယ်။
ဘယ်အခြေအနေ ဘယ်အနေထားရောက်ရောက် ကျမဟာ ကရင်လူမျိုးရဲ့ ယဉ်ကျေးမှုအမှတ်သညာအဖြစ်နဲ့ ထာဝရတည်တံ့လျှက် ခိုင်မြဲနေဦးမှာပါပဲ….။
ကျမကို တစ်ခုတော့ ကတိပေးပါ……..
ကျမ ပလူးလာ …ပလူးလာလို့ အော်ခေါ်တိုင်း ရွတ်ဆိုတိုင်းမှာ သွေးစည်းညီညွတ်မှုကို ပျက်ပြားစေတဲ့ သွေးဆောင်ဖြားယောင်းသူ မကောင်းဆိုးဝါးတွေရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ပေးဖို့အတွက်…..။ ။
…………………………………………………………………………………
ဒီလူတွေကို ကျမ အကြိမ်ကြိမ် အခါခါ စိတ်ပျက်ခဲ့ရပေမဲ့ သူတို့နဲ့ဝေးရာကို ထွက်ပြေးဖို့ ကျမ စိတ်မကူးခဲ့ပါဘူး။
ဒီလူတွေရဲ့ ရိုးသားမှုစိတ်အရင်းခံက ကျမရဲ့ နှလုံးသားကို ဆုပ်ကိုင်ဖမ်းစားထားမြဲပါ။
ဒီလူတွေဟာ ကျမရဲ့ ကောင်းတူဆိုးဘက်တွေဆိုပါတော့………………..။
မကောင်းဆိုးဝါး မိစ္ဆာထံမှာ လက်မြှောက်ဒူးထောက် အရှုံးပေးနေတဲ့ ဒီလူတချို့ကို ကျမမျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပေမဲ့ ဒါမဟုတ်ဘူးလို့ မုသားစကားသုံးပြီး ကမ္ဘာကို ကျမ လိမ်ညာခဲ့တယ်။
ကျမ ထင်ပါတယ်……………..
ကျမ ခံစားရသလို တခြားသူတွေ မခံစားရဖို့အတွက် ဒီလိုမြင်ကွင်းမျိုး ရှိနေသရွေ့မှာတော့
ကျမဟာ လူလိမ်လူညာဖြစ်နေရဦးမှာပဲ………။
ဒီလူတွေရဲ့ အရိုးပုံကြားမှာ ကျမ လဲလျောင်းခဲ့ဖူးတယ်။
ဒေါနတောင်တန်းရဲ့ ယမ်းငွေ့တွေကြားမှာ ကျမ မူးလဲမေ့ဖူးတယ်။
ထိုအချိန်တုန်းက ဒီလူတွေကျခဲ့ရတဲ့ မျက်ရည်တွေဟာ အားမာန်အဖြစ် ပြန်လည်အသက်သွင်းပြီး ပြိုင်တူ တွန်းလှန်ခဲ့ကြတယ်။
စည်းလုံးမှုနဲ့ ခုခံကာကွယ်မှု စွမ်းအားသတ္တိကို ဒီလူတွေဆီမှာ ကျမ ကောင်းကောင်း တွေ့ခဲ့ရတယ်။
အဲဒီအချိန်တုန်းက မြို့ပေါ်မှာ ကျောင်းတက်ပြီး တူတူပုန်းတမ်းကစားကြတဲ့သူတွေရှိတယ်လို့ ကျမတို့ ကြားခဲ့ရဖူးတယ်။
တချိန်လုံး ပြေးရင်းလွှားရင်း တကယ်ပုန်းအောင်းနေကြရတဲ့ ကျမတို့အနေနဲ့ အထူးအဆန်းကြီးဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် ကျမလည်း ငြိမ်းချမ်းရေးကို လိုချင်ခဲ့တယ်။
တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရယူချင်တယ်။
အချင်းချင်းသတ်ဖြတ်ပြီးမှ ရယူရမဲ့ ငြိမ်းချမ်းရေးဆိုရင်တော့ နေပါစေ….
ကျမ ဆက်ပြီး ပုန်းအောင်းနေပါရစေ။
……………………………………………………………………………………………
စိတ်ညစ်စိတ်ရှုတ်စရာတွေကို ဝါခေါင်မိုးရေနဲ့ ကျမ ဆေးကြောသန့်စင်ပြီးတဲ့နောက် ကောင်းကင်မှာ တိမ်ညိုတိမ်မည်းကြီးတွေ အစုလိုက်အပြုံလိုက် အုံ့ဆိုင်းနေပေမဲ့ ကျမ စိတ်တွေ ကြည်လင်လန်းဆန်းလို့ နေပါတယ်။
ကျမရှေ့တူရူကို ဒီလူတွေ စုရုံးရောက်ရှိလာကြမဲ့ ဝါခေါင်လပြည့်နေ့အတွက် ကြိုတင်ပြီး ရင်ခုန်လှိုက်မောမိတယ်။
အဲဒီနေ့မှာ ဒီလူတွေခေါ်ဆောင်ရာ အညတြတဲလေးပေါ်မှာ ကျမ ရှိချင်ရှိမယ်။ စံအိမ်ကြီးပေါ်မှာလည်း ကျမရောက်ချင် ရောက်မယ်။ နိုင်ငံတကာအထိ ကျမ ခြေဆန့်ချင် ခြေဆန့်ပါလိမ့်မယ်။
နှစ်စဉ်နှစ်တိုင်း ကျမတို့ လုပ်ဆောင်နေကျတဲ့အတိုင်းထက် ပိုပြီး လေးလေးနက်နက် လုပ်ဆောင်ဖို့လိုလိမ့်မယ်လို့
ကျမ ထင်ပါတယ်။
စည်းလုံးခြင်း(အှ်ဃှူ့အှ်ဃှင်) သီချင်းကို ရင်ဘတ်နဲ့သာမက၊ ဦးနှောက်နဲ့ ပြိုင်တူဆိုဖို့လိုသလို အဖိုးရဲ့ ဖါးစည်ကို တီးခတ်တဲ့နေရာ မှာလည်း ကော်သူးလေတစ်ခွင်လုံး အသံဟိန်းထွက်ဖို့ ရည်စူးရပါမယ်။
ကြောက်လန့်ခြင်းကြောင့် ထွက်ပြေးလွတ်မြောက်နေတဲ့ ဒီလူတွေရဲ့ စိတ်အလျဉ်နဲ့ ဝိညာဉ်တွေကို မနေအပ်တဲ့ သုသာန်တစပြင် နဲ့ အရိုးတောင်ဆီကနေ မရမက ခေါ်ဆောင်လာရပါမယ်။
သွေးဆောင်ဖြားယောင်းသူ မကောင်းဆိုးဝါး မိစ္ဆာတွေကို အယုံအကြည်မရှိဖို့ ခါတိုင်းနှစ်ထက်ပိုပြီး ဆယ်ခါတိတိနဲ့ မကြားကြား အောင် ပြောပေးရပါမယ်။
လူစုလူဝေးနဲ့ ဆုံဆည်းကြတဲ့ အဲဒီနေ့မှာ ကျမ ချည်ဖြူနဲ့အတူ နတ်ပန်းညို၊ ယောက်မ၊ ကြံ၊ ကောက်ညှင်းချွန် စတဲ့ အဆင်တန်ဆာတွေနဲ့အတူ ဇကောဝိုင်းပေါ်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျမချစ်တဲ့ ဒီလူတွေကို ကြိုဆိုနေပါ့မယ်။
ကျမ တစ်ခုတော့ မေတ္တာရပ်ခံချင်ပါတယ်။
ကျမရဲ့ စကောဝိုင်းမှာ အဆင်တန်ဆာ(၉)မျိုးနဲ့ လုံလောက်နေပြီမို့ ခိုး ခိုးပြီးတော့ အချင်းချင်းကို ဦးတည်တဲ့ ကျည်ဆံတွေကို ရောနှောပြီး မထည့်မိကြဖို့………….။
https://www.facebook.com/nined.blood မှ မူရင်းကလောင်ရှင်၏ ပေးပို့လာမှုအပေါ် ဖော်ပြထားခြင်းဖြစ်သည်။