ဇူလိုင် ၁၅ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ဖားအံမြို့အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)အနေဖြင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့၌ ပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဒုဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
“ကရင်ပြည်နယ်မှာ ဗမာ၊ ပအိုဝ်း၊ မွန် တိုင်းရင်းသားရေးရာ နေရာတွေ အပါအဝင် မဲဆန္ဒနယ် ၃၆နေရာစလုံး ဝင်မယ်။ လူစာရင်း တော့ အတည်မဖြစ်သေးတော့ ပြောလို့မရသေးဘူး။ ရွေးကောက်ပွဲရည်မှန်းချက်ကတော့ အထူးသဖြင့် ပြည်နယ်အဆင့်မှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရယူပြီး ပြည်နယ်အစိုးရကို ဖလုံ-စဝေါ်က ဖွဲ့မယ်ဆိုပြီးတော့ အဓိက ရည်ရွယ်ထားတယ်” ဟု မန်းအောင်ပြည်စိုးက ပြောဆိုသည်။
ယင်းသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာနှင့် ကျိုက်မရော၊ ပေါင်မြို့နယ်တို့ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သလို ဘီးလင်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၌လည်း ဝင်ပြိုင်ရန် ချိန်ဆလျက်ရှိပြီး ကရင်ပြည်နယ်တွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) တို့ကို အဓိကထား ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။
ထို့အပြင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်နယ်တစ်ခုလုံး ဝင်ပြိုင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ကရင် ပြည်နယ်၌ NLD ပါတီအပေါ် အပြတ်အသတ် အသာစီးရရန် မလွယ်ကြောင်း ဖားအံမြို့ပေါ်ရှိ ဦးဆောက်ပန်းစာပေတိုက်ပိုင်ရှင် ကိုခန့်ဇော်အောင်က ယခုလို သုံးသပ်ပြောဆိုသည်။
“ကရင်ပြည်နယ်မှာ ဖလုံ-စဝေါ်က ၂၀၁ဝ ရွေးကောက်ပွဲလည်း ဝင်ခဲ့တော့ သူတို့အင်အားရှိတယ်။ NLD လည်း သူ့ပရိဿတ်နဲ့သူ လေ။ သိပ်အသာစီးရမယ်မထင်ဘူး။ တချို့နေရာတွေ ဖလုံ-စဝေါ်ရမယ်။ တချို့ကိုတော့ NLD ရသွားနိုင်တယ်”ဟု ကိုခန့်ဇော် အောင်က ကေအိုင်စီသို့ ပြောသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ကို အခြေပြုကာ ၂၀၁ဝပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အမတ် ၄နေရာ၊ ပြည်သူ့ လွှတ်တော်အမတ် ၂နေရာနှင့် အမျိုးသားလွှတ်တော်အမတ် ၃နေရာ၊ စုစုပေါင်း ၉နေရာ အနိုင်ရရှိခဲ့သည်။
လက်ရှိ ကရင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၇နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂နေရာ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၁၄နေရာနှင့် ဗမာ၊ ပအိုဝ်း၊ မွန် တိုင်းရင်းသားရေးရာမဲဆန္ဒနယ် ၃နေရာ စုစုပေါင်း ၃၆နေရာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။