မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူ အီရတ်နိုင်ငံသားတစ်ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့က ယမန်နေ့ မတ်လ ၃ဝရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူထားသည်ဟု ရဲတပ်ဖွဲ့မှူး၏ ပြောဆို ချက်အရ သိရသည်။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့နေ အသက် (၄၁)နှစ်အရွယ် Mr. AMER UASIM YAHY သည် မြဝတီမြို့ အမှတ်(၄)ရပ် ကွက်ရှိ ရွှေစံအိမ် တည်းခိုခန်း၌ ပြည်ဝင်ခွင့်ဗီဇာ အထောက်အထားမပါဘဲ လာရောက်တည်းခိုသဖြင့် တည်းခိုခန်းပိုင် ရှင်၏ တိုင်ကြားမှုကြောင့် မတ်လ ၃ဝရက်၊ နံနက် ၁ဝနာရီအချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး ဦးမိုးညိုက ပြောသည်။
“ဗီဇာလည်း မပါဘူး။ ပတ်စ်ပို့မှာလည်းပဲ ဘယ်နိုင်ငံမှ ဖြတ်ကျော်ပြီးတော့မှ လာတဲ့ အထောက်အထားတွေ မရှိဘူး။ တရားမဝင် အပေါက်ထဲက လာတာဖြစ်တဲ့အတွက် ကျနော်တို့ တရားမဝင် ဝင်ရောက်လာမှုနဲ့ လောလောဆယ် လဝက အက် ၁၃(၁)နဲ့ အမှုဖြင့် အရေးယူထားပါတယ်။ ကျန်တဲ့ မှုခင်းပိုင်းဆိုင်ရာတွေကတော့ စစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဖမ်းဆီးအရေးယူခံထားသည့် အီရတ်နိုင်ငံသားက တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာ ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သော်လည်း ဖမ်းဆီးရမိသော အသုံးအဆောင်ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင် ငံမှတဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒုရဲမှူးကြီး ဦးမိုးညိုက ဆက်ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူ အဆိုပါ အီရတ်နိုင်ငံသားထံတွင် အီရတ်နိုင်ငံက ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် (၁)စောင်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကဒ်(၁)ခု၊ အီရတ်နိုင်ငံ ကျောင်းသားကဒ် (၁)ခု၊ အီရတ်နိုင်ငံသား ကဒ်(၁)ခုနှင့်အတူ သိမ်းဆည်းရမိခဲ့သည်ဟု မြဝတီရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။
ယခုကိစ္စအပေါ် မြဝတီရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောဇောရိုးက “အမှုကိစ္စအားလုံးကို သူတို့(ရဲတပ်ဖွဲ့)ပဲ ကိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူးပေါ့နော်။ သို့သော်လည်း နိုင်ငံတော်ကို လာရောက်အဖျက်အမှောက် လုပ်မယ့် လုပ်ရပ်မှန်သမျှကို ကျနော်တို့တွေ တစ်ပတ်တစ်ခါလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှု မှာ သတင်းဖလှယ်မှုတွေ ရှိပါတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်တုန်းက တရားမဝင် ဝင်ရောက်လာသူ ပါကစ္စတန်နိုင်ငံ သား၂ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများ ရှိခဲ့ဖူးသည်။ မြဝတီမြိ့၌ ယခုကဲ့သို့ နိုင်ငံခြားသားများ တရားမ ဝင် ဝင်ရောက်လာမှုများကြောင့် မြို့အဝင်အထွက် ဂိတ်အားလုံးကို ရဲတပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာအဖွဲ့များနှင့် ပူး ပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့က ပြောသည်။