မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားညီလာခံနိုင်ရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ မွန်မြတ်သော အိမ်ထောင်စုဘုရားကျောင်း ဝင်း၌ ဖေဖော်ဝါရီလ ၂၇ရက်မှ ၂၈ရက်နေ့အထိ ကျင်းပသော ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
KUPC အဖွဲ့ဝင်တစ်ဦးဖြစ်သူ သိက္ခာတော်ရ ဆရာတော် မက်သယူးအေးက “ဒီစတုတ္ထအကြိမ်မှာ အဓိက ဆွေးနွေးတာကတော့ ကရင်အမျိုးသားညီလာခံ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒီအဆင့်ကို မရောက်ခင်မှာ ကရင်အမျိုးသားညီလာခံ အကြိုပြုလုပ်နိုင်ဖို့ ဆွေးနွေးပါတယ်။ အဲလို ဆွေးနွေးတဲ့အခါမှာလည်း တိုင်းဒေသကြီးအလိုက် ပါဝင်တဲ့အကြောင်းအရာတွေကို တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် အစုဖွဲ့လိုက် ပြန်လည် ဆွေးနွေးကြဖို့ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အစည်းအဝေး၌ လာမည့် မေလအတွင်း KUPC ၏ ပဉ်စမအကြိမ်မြောက် အစည်းအဝေးကို ပဲခူးတိုင်းတွင် ကျင်းပသွား မည်ဖြစ်ပြီး ကရင်အမျိုးသားလုံး ညီလာခံကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းမှု အစည်းအဝေးတစ်ရပ် ဆက်လုပ်သွားရန်နှင့် KUPC ၏ ၂၀၁၃ မှ ၂၀၁၅ခုနှစ်အထိ ဆောင်ရွက်ချက်များကို သမ္မတ ဦးသိန်းစိန်အား တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။
ယင်းအစည်းအဝေးသို့ KUPC ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် အပါ အဝင် လူဦးရေ ၅၀ကျော် တက်ရောက်ခဲ့ကြသည်။
KUPC အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ပဒိုစောထွန်းအောင်မြင့်ကလည်း “ကျနော်တို့ အစည်း အဝေးမှာကြည့်ရင်တော့ အောင်မြင်တာ တွေ့ရတယ်။ ကျနော်တို့ စိတ်တူသဘောတူနဲ့ ကိုယ့်ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ ကနေပြီးတော့ သဘောတူညီချက်ကလေးကို ထောက်ခံတာလည်း ဝမ်းသာစရာပါ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃ဝရက်နေ့က ဖားအံမြို့တွင် ကျင်းပခဲ့ သော ကရင်ရေးရာအစည်းအဝေးက စတင် ဖွဲ့စည်းပေးခဲ့ပြီး ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီး များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီဝင်များဖြင့် အဖွဲ့ဝင် ၅၇ဦးဖြင့် ဖွဲ့စည်းထားသည်။



















