Home သတင်း လုပ်အားခ မရ၍ အိမ်တွင်းမှုအထည်ချုပ်စက်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅ဝခန့် ဆန္ဒပြ

လုပ်အားခ မရ၍ အိမ်တွင်းမှုအထည်ချုပ်စက်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅ဝခန့် ဆန္ဒပြ

1909

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ပန်းရုံအိမ်တွင်းမှု အထည်ချုပ်စက်ရုံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅ဝခန့်သည် အလုပ် ရှင်က ကိုယ်ပိုင် နိုင်ငံကူးလက်မှတ် (ယာယီအလုပ်သမားလက်မှတ်) လက်ဝယ် ကိုင်‌ဆောင်ထားခွင့် မ‌ပေးသည့်အပြင် လကုန်‌သော်လည်း လစာ မထုတ်‌ပေးသည့်အ‌ပေါ် ဒီဇင်ဘာ ၂ရက်‌နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အလုပ်ရှင်က ဘဏ်များပိတ်သည့်အတွက် ‌ငွေထုတ်‌ပေးရန် ပိုက်ဆံမရှိ၍ ဒီဇင်ဘာ ၄ရက်‌နေ့မှ ထုတ်‌ပေးမည်ဟု အ‌ကြောင်းပြ ချက် မခိုင်လုံဘဲ ‌ပြောဆိုလာသည့်အ‌ပေါ် ၎င်းအလုပ်သမားများက လက်မခံနိုင်သည့်အတွက် ထိုသို့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြမှုတွင် ပါဝင်သူ အလုပ်သမား ကိုယ်စားလှယ် ကို‌အောင်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“လကုန်သွားပြီး လစာမ‌ပေး‌တော့ ကျ‌နော်တို့အလုပ်သမားဘက်က ‌နေဖို့စားဖို့ အခက်အခဲရှိတယ်။ ‌နောက်‌တော့ တစ်လလုံး အလုပ်သမား‌တွေက စားဖို့ဆို အ‌ကြွေးနဲ့ဝယ်စားထားတယ်။ လကုန်ပြီး တစ်ရက်‌နေ့ဆို ဆပ်ရမယ်။ အခုလို အလုပ်ရှင်ဘက်က လစားမ‌ပေး‌တော့ ဆပ်ဖို့လည်း ပိုက်ဆံမရှိ၊ စားဖို့လည်း မရှိ‌တော့ဘူး။ သွားလာဖို့လည်း ဘာမှ လက်ဝယ်ကိုင်‌ဆောင်ထားခွင့် မ‌ပေး‌တော့ ဒုက္ခ‌ရောက်ကြတယ်”ဟု ကို‌အောင်‌အောင်က ‌ပြောဆိုသည်။

၎င်းအပြင် အလုပ်ရုံတွင် အလုပ်ရှင်က အလုပ်သမားပတ်စပို့စ်နှင့် အလုပ်သမားလက်မှတ်(Work Permit) လက်ဝယ်ကိုင် ‌ဆောင်ခွင့် မရ‌သော‌ကြောင့် အလုပ်သမားများမှာ သွားလာ‌ရေးခက်ခဲမှုများရှိသလို ထိုင်းရဲများမှ ‌ငွေ‌တောင်းခံမှုအချို့နှင့်လည်း ရင်ဆိုင်ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

ထိုသို့ အလုပ်မဆင်းဘဲ ဆန္ဒပြရာတွင် အလုပ်သမားများအတွက် အလုပ်ပြုတ်မည်ကို စိုးရိမ်ပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနမှ အလုပ်သမားသံအရာရှိ တာဝန်ခံနှင့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)အကြီးအကဲတို့က ပြန် လည် အလုပ်ဆင်းခိုင်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် သွား‌ရောက် ညှိနှိုင်းတိုင်ပင်‌ပေးမည်ဖြစ်‌ကြောင်း JACBA ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

“ကျ‌နော်တို့က သူတို့အလုပ်ပြုတ်သွားမှာကို စိုးရိမ်တယ်။ အဲဒါ‌ကြောင့် ဒီဇင်ဘာ ၄ရက်‌နေ့အထိ အလုပ်ပြန်ဆင်းခိုင်းတယ်။ ‌လော‌လောဆယ်‌တော့ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးမှာ အ‌ကြောင်းကြားထားပြီ။ အလုပ်ရှင်က ‌ပြောတဲ့အတိုင်း ‌စောင့် ခိုင်းတယ်”ဟု ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ အ‌ခေါ် ပန်းရုံ‌ဟောင်းအိမ်တွင်းမှု အထည်ချုပ်စက်ရုံသည် တရုတ်လူမျိုးပိုင်ဖြစ်ပြီး ပြီးခဲ့သည့် ၆လခန့်က စတင်ဖွင့်လှစ်ကာ ယခင်လများက လမကုန်ခင် ၂၈-၂၉ ရက်‌နေ့များတွင် အလုပ်သမား လုပ်အားခလစာများ ထုတ်‌ပေး‌လေ့ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံမဲ‌ဆောက်မြို့ရှိ မြန်မာအလုပ်သမားများအ‌ပေါ် အလုပ်ရှင်ဘက်မှ လုပ်အားခအပြည့်မ‌ပေးသည့် ပြဿနာများ မကြာ ခဏ ဖြစ်‌ပေါ်လာမှုများရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှာပင် မဲ‌ဆောက်မြို့၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းမှ မြန်မာအလုပ်သမား များကို အလုပ်ရှင်မှ လစာမ‌ပေးသည့် ပြဿနာဖြစ်‌ပေါ်ခဲ့‌သေးသည်။